ဣတိဝုတ်ပါဠိတော်

၈-ပဋိသလ္လာနသုတ်

၄၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ယောက်တည်း ကိန်းအောင်းခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် တစ်ယောက်တည်းကိန်းအောင်းရခြင်း၌ မွေ့လျော်ကုန်သည် အဇ္ဈတ္တသန္တာန်၌ စိတ်၏ငြိမ်းအေးခြင်းကိုအားထုတ်ကြကုန်သည် မပျက်စီးသော ဈာန်ရှိကြကုန်သည် ဝိပဿနာနှင့် ပြည့်စုံကြကုန်သည်ဆိတ်ငြိမ်ရာအရပ်တို့ကို ပွါးစေကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ရဟန်းတို့ တစ်ယောက်တည်းကိန်းအောင်းခြင်းလျှင် မွေ့လျော်ရာရှိကုန်သောတစ်ယောက်တည်း ကိန်းအောင်းရခြင်း၌ မွေ့လျော်ကုန်သော အဇ္ဈတ္တသန္တာန်၌ စိတ်၏ငြိမ်းအေးခြင်းကိုအားထုတ်ကြကုန်သော မပျက်စီးသော ဈာန်ရှိကုန်သော ဝိပဿနာနှင့် ပြည့်စုံကြကုန်သော ဆိတ်ငြိမ်ရာ အရပ်တို့ကို ပွါးစေကုန်သည်ဖြစ်၍နေကြကုန်သော ပုဂ္ဂိုလ်တို့အား အရဟတ္တဖိုလ်ကိုလည်းကောင်း၊ ကိလေသာအကြွင်းရှိသေးမူအနာဂါမိဖိုလ်ကိုလည်းကောင်း ဤနှစ်ပါးသော ဖိုလ်တို့တွင် တစ်ပါးပါးသော ဖိုလ်ကို ဤဘဝ၌ပင် မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ပုဂ္ဂိုလ်တို့သည် ငြိမ်းအေးသော စိတ် ရင့်ကျက်သော ပညာ သတိရှိကုန်လျက်သာလျှင် သမထဝိပဿနာနှစ်ပါးဖြင့် ရှုလေ့ရှိကုန်သည် ကာမတို့၌ ငဲ့ကွက်ခြင်း ကင်းကုန်သည်ဖြစ်၍ခန္ဓာငါးပါးတရားကို အသင့်အားဖြင့် ရှုကုန်၏။

မမေ့မလျော့မှု 'အပ္ပမာဒ' တရား၌ မွေ့လျော်ကုန်သော မေ့လျော့မှု 'ပမာဒ' တရား၌ ဘေးဟု ရှုကုန်သောသူတော်ကောင်းတို့သည် ဆုတ်ယုတ်ခြင်းငှါ မထိုက်ကုန် နိဗ္ဗာန်နှင့်သာလျှင် နီးကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။