ဣတိဝုတ်ပါဠိတော်

၁-မူလသုတ်

၅ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကုသိုလ်မူလတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- လောဘဟူသော အကုသိုလ်မူလ ဒေါသဟူသော အကုသိုလ်မူလ မောဟဟူသော အကုသိုလ်မူလတို့တည်း။ ရဟန်းတို့အကုသိုလ်မူလတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''လောဘသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ မောဟသည်လည်းကောင်း မိမိ၌ ဖြစ်ကုန်သော ဤတရားတို့သည် ဝါးပင်ကို မိမိအသီးသည်ပင် ဖျက်ဆီးသကဲ့သို့ ယုတ်မာသော စိတ်ရှိသူကို ဖျက်ဆီးကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်။

ပဌမသုတ်။