ဣတိဝုတ်ပါဠိတော်

၄-ဒုတိယဝေဒနာသုတ်

၅၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-သုခဝေဒနာ ဒုက္ခဝေဒနာဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ သုခဝေဒနာကို ဆင်းရဲဟူ၍ ရှုအပ်၏။ ဒုက္ခဝေဒနာကို ငြောင့်တံကျင်ဟူ၍ ရှုအပ်၏။ ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ ရှုအပ်၏။ ရဟန်းတို့ အကြင့်ကြောင့် ရဟန်းသည် သုခဝေဒနာကို ဆင်းရဲဟူ၍ မြင်၏။ ဒုက္ခဝေဒနာကို ငြောင့်တံကျင်ဟူ၍ မြင်၏။ ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ မြင်၏။ ရဟန်းတို့ ထို့ကြောင့် ဤရဟန်းကို ဖြူစင်၍ ကောင်းသော အမြင်ရှိသူ တဏှာပြတ်ပြီးသူသံယောဇဉ်ကင်းပြီးသူ အကြွင်းမဲ့မာနကို ပယ်ခြင်းကြောင့် ဆင်းရဲအဆုံးကို ပြုပြီးသူဟု ဆိုအပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် သုခဝေဒနာကို ဆင်းရဲဟူ၍ မြင်၏။ ဒုက္ခဝေဒနာကို ငြောင့်တံ ကျင်ဟူ၍ မြင်၏။ ငြိမ်သက်သော ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ မြင်၏။

ဝေဒနာသုံးပါးတို့ကို ကောင်းစွာ မြင်ပြီးသော ထိုရဟန်းသည် ထိုဝေဒနာ၌ သမုစ္ဆေဒဝိမုတ္တိအားဖြင့်လွတ်မြောက်၏။ ထို့ကြောင့် ထိုရဟန်းသည် အဘိညာဉ် ကိစ္စ ပြီးဆုံးပြီး၍ ငြိမ်းအေးပြီးလျှင်ယောဂလေးပါးကို လွန်မြောက်ပြီးသူဖြစ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။