ဣတိဝုတ်ပါဠိတော်

၆-ဒုတိယဧသနာသုတ်

၅၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-ကာမကို ရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကျင့်မြတ်ကို ရှာမှီးခြင်းနှင့်တကွ ကာမကို ရှာမှီးခြင်း ဘဝကို ရှာမှီးခြင်းဟု ရှာမှီးခြင်းသုံးပါးတို့တည်း။ ဤသည်သာမှန်၏ဟု အမှားသုံးသပ်ခြင်းသည် ဒိဋ္ဌိလျှင် အကြောင်းရှိ၏။ (ကိလေသာ) အဆင့်ဆင့် တိုးပွါး၏။

ရာဂအားလုံးတို့မှ ကင်းသောတဏှာကုန်ရာ အရဟတ္တဖိုလ် 'ဝိမုတ္တိ' ရှိသော ရဟန္တာပုဂ္ဂိုလ်သည် ရှာမှီးခြင်းတို့ကို စွန့်လွှတ်၏။ ဒိဋ္ဌိဟူသောတည်ရာအကြောင်းတို့ကို ပယ်နုတ်၏။ ရဟန်းသည် ရှာမှီးခြင်းတို့၏ကုန်ခြင်းကြောင့် အလိုအာသာ မရှိသူသို့လောသို့လော တွေးတောမှု မရှိသူဖြစ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။