ဣတိဝုတ်ပါဠိတော်

၇-ပဌမအာသဝသုတ်

၅၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝတို့တည်း။ ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တည်ကြည်မှု 'သမာဓိ' ဆင်ခြင်ဉာဏ်'သမ္ပဇဉ်' အောက်မေ့မှု 'သတိ'ရှိသည်ဖြစ်၍ မြတ်စွာဘုရား၏တပည့်သည် အာသဝတို့ကိုလည်းကောင်း၊ အာသဝတို့၏ ဖြစ် ကြောင်း'သမုဒယ'ကိုလည်းကောင်း၊ အာသဝတို့၏ချုပ်ရာ'နိရောဓ'ကိုလည်းကောင်း၊ အာသဝတို့၏ကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းဖြစ်သော အရိယမဂ်ကိုလည်းကောင်း ပိုင်းခြား၍သိ၏။ ရဟန်းသည် အာသဝတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။