ဣတိဝုတ်ပါဠိတော်

၉-ပဌမရာဂသုတ်

၆၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်တစ်စုံတစ်ယောက်သောသူသည် ရာဂကို မပယ်နိုင်သေး ဒေါသကို မပယ်နိုင်သေးမောဟကို မပယ်နိုင်သေး၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မာရ်သည် နှောင်ဖွဲ့ထားသူ မာရ်၏ ကျော့ကွင်းအစွပ် ခံရသူ မာရ်နတ်အလိုရှိတိုင်း အပြုခံရသူဟု ဆိုအပ်၏။ ရဟန်းတို့အကြင်တစ်စုံတစ်ယောက်သောသူသည် ရာဂကို ပယ်နိုင်၏။ ဒေါသကို ပယ်နိုင်၏။ မောဟကို ပယ်နိုင်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မာရ်သည် မနှောင်ဖွဲ့နိုင်သူ မာရ်၏ ကျော့ကွင်း အစွပ်မခံရသူမာရ်နတ်အလိုရှိတိုင်း အပြုမခံရသူဟု ဆိုအပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်းကင်းကွာစေနိုင်၏။ ထိုသူကို ပွါးများပြီးသူတို့တွင် တစ်ယောက်အပါ အဝင်ဖြစ်၍ မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ရှေးရှေးရဟန္တာတို့ကဲ့သို့ ကြွရောက်လာသူ အလုံးစုံသော ကိလေသာတို့ကို ပယ်ပြီးဖြစ်သူ ဘေးအပေါင်း ရန် အပေါင်းကို လွန်ပြီးသူ သစ္စာလေးပါးကို သိပြီးသူဟု ဆိုကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။