ဣတိဝုတ်ပါဠိတော်

၄-သန္တတရသုတ်

၇၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရူပါဝစရတရားတို့ထက် အရူပါဝစရတရားတို့သည် အထူးငြိမ်းအေးကုန်၏။ အရူပါဝစရတရားတို့ထက် (ရုပ်နာမ်ချုပ်ရာ) နိဗ္ဗာန်သည် အထူးငြိမ်းအေး၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ရူပဘဝသို့ ကပ်ရောက်ကြကုန်သော အကြင်သတ္တဝါတို့သည်လည်းကောင်း၊ အရူပဘဝ၌ တည်ကြကုန်သော အကြင်သတ္တဝါတို့သည်လည်းကောင်း နိဗ္ဗာန်ကို မသိကြကုန်သောကြောင့် တစ်ဖန်ဘဝသစ်သို့ လားရောက်ရကုန်၏။

အကြင်သူတို့သည် ရူပါဝစရတရားတို့ကို ပိုင်းခြားသိကုန်၍ အရူပါဝစရတရားတို့၌ မတည်ကြကုန်ဘဲနိရောဓ၌ အာရုံပြုကာ အရိယမဂ်ဖြင့် ကိလေသာမှ လွတ် မြောက်ကုန်၏။ ထိုသူတို့သည် သေမင်းမှလွန်မြောက်ကုန်၏။

အာသဝေါကင်းတော်မူပြီးသော မြတ်စွာဘုရားသည် နာမကာယဖြင့် ဥပဓိကင်းသော အမတဓာတ်သို့ ရောက်တော်မူ၍ ဥပဓိတို့၏ စွန့်လွှတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးလျှင် စိုးရိမ်မှုကင်းသော ကိလေသာမြူကင်းသော နိဗ္ဗာန်တရားကို ဟောတော်မူ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။