ဣတိဝုတ်ပါဠိတော်

၆-အဝုဋ္ဌိကသုတ်

၇၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးယောက်တို့ နည်း-မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသာလျှင် ဖြစ်ကုန်သော သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်းကောင်း ပေးလှူတတ်သူ မဟုတ်၊ ရဟန်းတို့ မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။

ရဟန်းတို့ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အချို့သော သမဏဗြာဟ္မဏ အထီးကျန်သူဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်းကောင်းပေးလှူတတ်သူဖြစ်၍ အချို့တို့အားကား ပေးလှူတတ်သူ မဟုတ်၊ ရဟန်းတို့ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။

ရဟန်းတို့ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသာလျှင် ဖြစ်ကုန်သော သမဏဗြာဟ္မဏအထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်းကောင်းပေးလှူတတ်၏။ ရဟန်းတို့ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။ ရဟန်းတို့ ဤသုံးယောက်သော ပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှားရှိကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် ထမင်းအဖျော်ဘောဇဉ်ကို ရ၍ သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစားသူတောင်းစားတို့ကို ထမင်းအဖျော်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ရသည် ဖြစ်လျက်မဝေဖန်၊ စင်စစ် ထိုသို့ သဘောရှိသော ထိုယောကျာ်းယုတ်ကို မရွာသော မိုးနှင့် တူသူဟု ဆိုကုန်၏။

အကြင်သူသည် အလှူခံအချို့တို့အား ပေးလှူ၏။ အလှူခံအချို့တို့အား မပေး လှူ၊ ထိုသို့ သဘောရှိသောသူကို ပညာရှိတို့သည် ကွက်ကျားရွာသော မိုးနှင့် တူသူဟု ဆိုကုန်၏။

ထမင်းရလွယ်သည့် စကားကို ပြောတတ်သော အလုံးစုံသော သတ္တဝါတို့ကို သနားစောင့်ရှောက်တတ်သော ယောကျာ်းသည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်သည်ဖြစ်၍ဖြန့်ကြဲပေးလှူတတ်၏။ ပေးလိုက်ကြပါကုန်၊ ပေးလိုက်ကြပါကုန်ဟု ဆိုတတ်၏။

မိုးသည် ထစ်ကြိုးမြည်ဟည်း၍ ရွာပြီးလျှင် ရေဖြင့် စီးလျက်သာလျှင် ကြည်းကုန်းကိုလည်းကောင်း၊ ချိုင့်ဝှမ်းရာကိုလည်းကောင်း ပြည့်စေသကဲ့သို့ ဤအတူသာလျှင် ဤလောက၌ ထိုသို့ သဘောရှိသောအချို့ပုဂ္ဂိုလ်သည် တရားသဖြင့် စုဆောင်း၍ ထကြွမှု လုံ့လကြောင့် ရသော ဥစ္စာကို ရှေ့မှောက်ရောက်လာကုန်သောသူဖုန်းစားတို့အား ထမင်းအဖျော်ဖြင့် ရောင့်ရဲစေ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။