ဣတိဝုတ်ပါဠိတော်

၇-သုခပတ္ထနာသုတ်

၇၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤချမ်းသာသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။ အဘယ်သုံးပါးတို့နည်း- ကျော်စောသတင်း ချီးမွမ်းခြင်းသည် ငါ့ထံသို့ ရောက်ပါစေဟု အလိုရှိသူ ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။ စည်းစိမ်ချမ်းသာတို့သည် ငါ့အား ဖြစ်ပေါ်ပါစေကုန်သတည်းဟု အလိုရှိသူ ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ နတ်ပြည် လောက၌ ဖြစ်ရလိမ့်မည်ဟု အလိုရှိသူ ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။ ရဟန်းတို့ ဤချမ်းသာသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

ချီးမွမ်းခြင်းကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာရခြင်းကိုလည်းကောင်း၊ တမလွန်ဘဝ ဝယ် နတ်ပြည်၌ ဝမ်းမြောက်ဝမ်းသာ လားရောက်ရခြင်းကိုလည်းကောင်း (ဤ) ချမ်းသာသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။

မကောင်းမှုကို (မိမိ) မပြုသော်လည်း မကောင်းမှု ပြုသူကိုမှီဝဲဆည်းကပ်မူ မကောင်းမှု၌ ပြုလေသလော မပြုလေသလောဟု တွေးတောယုံမှားခံရ၏။ မကောင်းသတင်း ကျော်စောခြင်းသည်လည်းထိုသူ့အပေါ်သို့ ရောက်၏။

အကြင်သူသည် အကြင်ကောင်း မကောင်း သဘောရှိသောသူကို အဆွေခင်ပွန်း ပြု၍မှီဝဲဆည်းကပ်၏။ ထိုသူသည် ထိုကောင်း မကောင်းရှိသူသာ ဖြစ်၏။မှန်၏။ အတူတကွ ပေါင်းဖော်နေထိုင်သူသည် ထိုအတူတကွ နေထိုင်သူနှင့် တူသော သဘော ရှိသည်သာ ဖြစ်၏။

အဆိပ်လူးမြားသည် အဆိပ်မလိမ်းကျံသေးသော မြားစည်းကို မိမိအဆိပ်ဖြင့် လိမ်းကျံကူးစက်သကဲ့သို့မှီဝဲဆည်းကပ်ခံရသူ သူယုတ်မာသည် မိမိသို့မှီဝဲဆည်း ကပ်လာသူ သူတော်ကောင်းကို မိမိ၏ယုတ်မာမှုဖြင့် လိမ်းကျံကူးစက်၏။ အတူ တကွ ပေါင်းသင်း ဆက်ဆံလက်ခံသူ သူယုတ်မာသည် မိမိသို့ ပေါင်းသင်းဆက်ဆံ လာသူ သူတော်ကောင်းကို မိမိယုတ်မာမှုဖြင့် လိမ်းကျံကူးစက်၏။ ပညာရှိသည်ဤသို့ ယုတ်မာမှုဖြင့် လိမ်းကျံကူးစက်ခြင်းမှ ကြောက်သောကြောင့် ယုတ်မာသော အဆွေခင်ပွန်းရှိသူမဖြစ်ရာ။

အကြင်သူသည် ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်၏။ ထိုသူ၏ သမန်းမြက်တို့သည်လည်းအပုပ်နံ့လှိုင်ကုန်သကဲ့သို့ သူမိုက်ကိုမှီဝဲသူတို့သည် ဤအတူ အပုပ်နံ့ လှိုင်ကုန်၏။ အကြင်သူသည် ပေါက်ရွက်ဖြင့် တောင်ဇလပ်ပန်းကို ထုပ်၏။ ထိုသူ၏ ပေါက်ရွက်တို့သည်လည်း အမွှေးနံ့လှိုင်ကုန်သကဲ့သို့ ပညာရှိကိုမှီဝဲသူတို့သည် ဤအတူ အမွှေးနံ့လှိုင်ကုန်၏။

ထို့ကြောင့် ဖက်ရွက်ထုပ်ကဲ့သို့ မိမိကောင်းကျိုး မကောင်းကျိုးကို သိ၍ ပညာရှိသည် သူယုတ်မာတို့ကို မမှီဝဲရာ၊ သူတော်ကောင်းတို့ကိုသာမှီဝဲရာ၏။ သူယုတ်မာတို့သည် ငရဲသို့ ဆောင်တတ်ကုန်၏။ သူတော်ကောင်းတို့သည် နတ်ပြည်သို့ ရောက်စေတတ်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။