ဣတိဝုတ်ပါဠိတော်

၈-ဘိဒုရသုတ်

၇၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော့်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤခန္ဓာကိုယ်သည် ကွဲပြိုခြင်းသဘောရှိ၏။ ဝိညာဏ်သည် ကင်းပြတ်ခြင်းသဘောရှိ၏။ ခန္ဓ-ကိလေသ-အဘိသင်္ခါရ-ကာမဂုဏ်ဟူသော ဥပဓိ၁အားလုံးတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏။ ဖောက်ပြန်ခြင်း သဘောရှိကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ကွဲပြိုခြင်းသဘောရှိသော ခန္ဓာကိုယ်ကိုလည်းကောင်း၊ ကင်းပြတ်ခြင်း သဘောရှိသော ဝိညာဏ်ကိုလည်းကောင်း သိ၍ ဥပဓိအားလုံးတို့၌ ဘေးကိုလည်း တွေ့မြင်လျက် ပွါးများပြီးသော ကိုယ်စိတ်ရှိသူသည် မြတ်သော ငြိမ်းအေးရာနိဗ္ဗာန်သို့ ရောက်၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်ပြီးဖြစ်ရကား မိမိအသက်ကို မနှစ်သက်ဘဲ ပရိနိဗ္ဗာန်ပြုရ မည့်ကာလကို ကြည့်ရှုဆိုင်းငံ့၏''ဟု ဤဂါထာဖြင့် ဆို အပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။