ဣတိဝုတ်ပါဠိတော်

၉-ဓာတုသော သံသန္ဒနသုတ်

၇၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့် နှီးနှောကြညီညွတ်ကြကုန်၏။ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏။ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏။

ရဟန်းတို့ အတိတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏။ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏။ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူးညီညွတ်ခဲ့ဖူး ကြကုန်၏။

ရဟန်းတို့ အနာဂတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်လတ္တံ့၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်လတ္တံ့၊ ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွနှီးနှောကြ ညီညွတ် ကြကုန်လတ္တံ့။

ရဟန်းတို့ ယခု ပစ္စုပ္ပန်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်၏။ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏။ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ့ညီညွတ်ကြကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ရောနှောခြင်းကြောင့် ကိလေသာဖြစ်၏။ မရောနှောခြင်းကြောင့် ကိလေသာ ပျက်စီး၏။ သေးငယ်သော သစ်သားဖောင်ကို တက်စီး၍ မဟာသမုဒ္ဒရာ၌ နစ်မြုပ် ရသကဲ့သို့ ဤအတူ ပျင်းရိသူကို အကြောင်းပြု၍ကောင်းသော အသက်မွေးခြင်း ရှိသောသူသည်လည်း သံသရာ၌ နစ်မြုပ်ရ၏။ ထို့ကြောင့် ယုတ်လျော့သော ဝီရိယ ရှိသော ထိုပျင်းရိသူကို ရှောင်ကြဉ်ရာ၏။

ကာယဝိဝေကစသည်ဖြင့် ကင်းဆိတ်ကြသူ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကြသူ သမထဝိပဿနာဖြင့် ရှုလေ့ရှိကြသူ အမြဲထက်သန်သော လုံ့လရှိကြသူ အရိယာ ပညာရှိတို့နှင့် အတူတကွနေထိုင်မှီဝဲရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။