ဣတိဝုတ်ပါဠိတော်

၁-ဝိတက္ကသုတ်

၈ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကုသိုလ်နှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- သူတစ်ပါးတို့က မထီမဲ့မြင် မပြုခြင်းနှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'၊ လာဘ်ပူဇော်သကာ အကျော်အစောနှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'၊ သူတစ်ပါးတို့၌ ချစ်ခင်မှု 'ဂေဟဿိတပေမ'နှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'တို့တည်း၊ ရဟန်းတို့ အကုသိုလ်နှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'တို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''သူတစ်ပါးတို့က မထီမဲ့မြင် မပြုခြင်းနှင့် စပ်ယှဉ်သူ၊ လာဘ်ပူဇော်သကာ အကျော်အစော၌ လေးစားသူ၊ ချစ်ကျွမ်းဝင်သူတို့နှင့်တကွ (ဂေဟဿိတပေမဖြင့်) နှစ်သက်ဝမ်းမြောက်လေ့ရှိသူသည် သံယောဇဉ်ကုန်ခန်းရန် ဝေးကွာလှ၏။

အကြင်သူသည်ကား သားသမီး ကျွဲနွားကိုလည်းကောင်း၊ ထိမ်းမြားခြင်းအမှုတို့ကိုလည်းကောင်း၊ ပစ္စည်းပရိက္ခရာ သိမ်းဆည်းမှုတို့ကိုလည်းကောင်း ပယ်စွန့်၍ ရှင်ရဟန်းပြု၏။ ထိုသို့ သဘောရှိသော ထိုရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ ထိုက်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။