ဣတိဝုတ်ပါဠိတော်

၄-ပဉ္စပုဗ္ဗနိမိတ္တသုတ်

၈၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နတ်တို့သည် နတ်ပြည်မှ စုတေချိန်နီးသောအခါ ထိုနတ်သားအား ''ပန်ဆင်သော ပန်းတို့ညှိုးနွမ်းကုန်၏။ အဝတ်တန်ဆာတို့ ညစ်နွမ်းကုန်၏။ လက်ကတီး (ချိုင်း) ကြားတို့မှ ချွေးထွက်ကုန်၏။ ကိုယ်၌ အရေအဆင်းမလှခြင်းသို့ ရောက်ရ၏။ နတ်သားသည် မိမိနေရာ နတ်ဗိမာန်၌ မမွေ့လျော်''ဟူသော ဤပုဗ္ဗနိမိတ်ငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။

ရဟန်းတို့ ထိုနတ်သားကို နတ်တို့သည် ''ဤနတ်သားကား စုတေချိန်နီး၏''ဟု သိ၍ ''အရှင် ဤနတ်ဘုံမှ သုဂတိဘဝသို့ သွားပါလော့၊ သုဂတိဘဝသို့ သွားပြီးလျှင် ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပါလော့၊ ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပြီး၍ ကောင်းစွာ မတုန်မလှုပ် သက်ဝင်၍ တည်သူဖြစ်ပါလော့''ဟု စကားသုံးခွန်းတို့ဖြင့် ဝမ်းမြောက်စေကြကုန်၏။

ဤသို့ ဟောတော်မူအပ်သော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား နတ်တို့၏သုဂတိဘဝသို့ သွားခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏ကောင်းစွာ ရနိုင်သော လာဘ်ဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏မတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း''ဟု လျှောက်၏။

ရဟန်း နတ်တို့၏ သုဂတိဘဝသို့ သွားခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် လူ့အဖြစ်ပင်တည်း၊ နတ်သည်လူဖြစ်သည်ရှိသော် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ 'သာသနာတော်'၌ ယုံကြည်မှု 'သဒ္ဓါ'ကိုရ၏။ ရဟန်း နတ်တို့၏ ကောင်းစွာ ရနိုင်သော လာဘ်ကို ရခြင်းဟု ဆိုခြင်းသည် ယုံကြည်မှု 'သဒ္ဓါ'ကို ရခြင်းပင်တည်း၊ ထိုယုံကြည်မှု 'သဒ္ဓါ'သည် ထိုနတ်သား၏ စိတ်အစဉ်သို့ သက်ဝင်၏။ အမြစ်အရင်း ဖြစ်၏။ မတုန်မလှုပ်သက်ဝင်၍ တည်၏။ မြဲမြံ၏။ သမဏသော်လည်းကောင်း၊ ဗြာဟ္မဏ့သော်လည်းကောင်း၊ နတ်သော်လည်းကောင်း၊ မာရ်နတ်သော်လည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊ လောက၌ တစ်စုံတစ်ယောက်သောသူသော်လည်းကောင်း မဖယ်ရှားနိုင်၊ ရဟန်း နတ်တို့၏ ကောင်းစွာမတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ဆိုခြင်းသည် မဖယ်ရှားနိုင်သော ယုံကြည်မှု 'သဒ္ဓါ' ပင်တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်အခါ၌ နတ်သည် အသက်တမ်းကုန်ခြင်းကြောင့် နတ်ပြည်မှ စုတေ၏။ ထိုအခါ ဝမ်းမြောက်စေသော နတ်တို့၏ သုံးမျိုးသောမှာကြားသံတို့သည် ဖြစ်ပေါ် လာကုန်၏။

အရှင် ဤနတ်ဘုံမှ သုဂတိဘဝဖြစ်သော လူတို့၏ အသင်းဝင်အဖြစ်သို့ သွားပါ လေလော့၊ လူဖြစ်သော သင်သည် သူတော်ကောင်းတရား၌ အတုမရှိ မြတ်သော ယုံကြည်မှု 'သဒ္ဓါ'ကို ရယူပါလော့။

သင်၏ ထိုယုံကြည်မှု 'သဒ္ဓါ' တရားသည် အမြဲ စိတ်အစဉ်သို့ သက်ဝင်၍ အမြစ် အရင်းဖြစ်ကာမတုန်မလှုပ် ကောင်းစွာ တည်ပြီးလျှင် ကောင်းစွာ ဟောကြားအပ်သောသူတော်ကောင်းတရားဟူသော သာသနာ၌ အသက်ထက်ဆုံး တစ်စုံတစ် ယောက်ကမျှ မဖယ်ရှားနိုင်သော သဒ္ဓါတရား ဖြစ်ပါစေ။

ကာယဒုစရိုက်ကိုလည်းကောင်း၊ ဝစီဒုစရိုက်ကိုလည်းကောင်း၊ မနောဒုစရိုက်ကိုလည်းကောင်း ပယ်စွန့်၍အခြားတစ်ပါးသော ဒေါသနှင့်ယှဉ်သော အမှုကိုလည်း ပယ်စွန့်ပြီးလျှင် အတိုင်းအရှည်ပမာဏမရှိသော ကိလေသာ (ဥပဓိ) ကင်းစင်သော ကုသိုလ်ကောင်းမှုကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အကြိမ်များစွာ ပြု၍ ထိုနတ်ပြည် လောက၌ ပေးကမ်းလှူဒါန်းခြင်းဖြင့်ခန္ဓာကိုယ် 'ဥပဓိ'၏ တင့်တယ်ပြည့်စုံကြောင်းဖြစ်သော ထိုကုသိုလ်ကောင်းမှုကို အကြိမ်များစွာ ပြု၍တစ်ပါးသော အပေါင်းအဖော်တို့ကိုလည်း သူတော်ကောင်း တရားတည်းဟူသော မြတ်သောအကျင့်၌ သက်ဝင်စေပါလော့။

အကြင်အခါ၌ နတ်တို့သည် စုတေမည့် နတ်ကို သိကြကုန်၏။ ထိုအခါ ဤသနားစောင့်ရှောက်မှုဖြင့်အချင်းနတ်သား ဤနတ်ပြည်သို့ အဖန်ဖန်လာလှည့်ပါဟု ဝမ်းမြောက်စေကုန်၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။