ဣတိဝုတ်ပါဠိတော်

၅-ဗဟုဇနဟိတသုတ်

၈၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ဖြစ်ပေါ်ကုန်သော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါလောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်သုံးယောက်တို့နည်း- ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့်ပြည့်စုံတော်မူသော ကောင်းသော စကားကို ဆိုတော်မူသော လောကကို သိတော်မူသော ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော နတ်လူတို့၏ ဆရာဖြစ်တော်မူသော သစ္စာလေးပါးတရားကို သိတော်မူသော ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောတော်မူ၏။ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင်စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ရဟန်းတို့ ရှေးဦးစွာသော ဤပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါ လောကကို ့စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ထိိုုမြတ်စွာဘုရား၏ တပည့် 'သာဝက'သည် ပူဇော်အထူးကို ခံထိုက်သူအာသဝေါကုန်ခန်းသူ ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ ကိလေသာမှ လွတ်မြောက်ပြီးသူ ဖြစ်၏။ ထိုတပည့် 'သာဝက'သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသောတရားကို ဟော၏။ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင်စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ရဟန်းတို့ ဒုတိယဖြစ်သော ဤပုဂ္ဂိုလ်သည် လောက၌ ဖြစ်သည်ရှိသော် လူများအကျိုးငှါ လူများ ချမ်းသာခြင်းငှါ လောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ထိိုုမြတ်စွာဘုရား၏ တပည့် 'သာဝက'သည် ကျင့်ဆဲ 'သေက္ခ'ပုဂ္ဂိုလ်ဖြစ်၏။ မဂ်အကျင့်ဖြင့် အရိယာဇာတ်ရှိသူ အကြားအမြင်များသူ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်၏။ ထိုတပည့် 'သာဝက'သည်လည်း အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟော၏။ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင်စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ရဟန်းတို့ တတိယဖြစ်သော ဤပုဂ္ဂိုလ်သည် လောက၌ ဖြစ်သည်ရှိသော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါ လောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ရဟန်းတို့ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ဖြစ်ပေါ်ကုန်သော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါလောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''လောက၌ ဂုဏ်ကျေးဇူးကို ရှာမှီးသော ရှေးဦးပဌမဖြစ်သော မြတ်စွာဘုရားသည် လည်းကောင်း၊ ထိုမြတ်စွာဘုရားသို့ အတုလိုက်၍ ကျင့်သော ပွါးများအပ် ပြီးသော အရဟတ္တဖိုလ်စိတ်ရှိသောတပည့် 'သာဝက'သည်လည်းကောင်း ထို့ပြင် မဂ်အကျင့်ဖြင့် အရိယာဇာတ်ရှိသော အကြားအမြင်များ၍သီလနှင့် ပြည့်စုံသော ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်သည် လည်းကောင်း နတ်လူတို့ထက်မြတ်ကုန်သော ထိုသုံးမျိုးသော ပုဂ္ဂိုလ်တို့သည် ပညာအရောင်ကို ပြုတတ်ကုန်လျက် တရားကို ဟောကြားကုန်ပြီးလျှင်အမြိုက်နိဗ္ဗာန် တံခါးကို ဖွင်းလှစ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် များစွာသော လူအပေါင်းကို ယောဂလေးပါးမှ လွတ်မြောက်စေကုန်၏။

အကြင်သူတို့သည် အတုမရှိမြတ်သော လှည်းမှူးသဖွယ်ဖြစ်တော်မူသော မြတ်စွာဘုရားကောင်းစွာဟောတော်မူအပ်သော အရိယမဂ်ကို အတုလိုက်၍ ကျင့်ကုန်၏။ အကြင်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ မမေ့မလျော့ကြကုန်၊ ထိုသူနှစ်ဦးတို့သည် ဤဘဝ၌ပင် ဆင်းရဲ၏အဆုံးကို ပြုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။