ဣတိဝုတ်ပါဠိတော်

၆-အသုဘာနုပဿီသုတ်

၈၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုလျက် နေကြကုန်လော့၊ အာနာပါနဿတိသည်လည်းသင်တို့၏ ကမ္မဋ္ဌာန်းအာရုံ၌ ေ ရှးရှုတည်စေကြကုန်လော့၊ အလုံးစုံသော သင်္ခါရတရားတို့၌ အနိစ္စဟု ရှုလျက် နေကြကုန်လော့၊ ရဟန်းတို့ ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုလျက် နေကြကုန်သောသူတို့အား တင့်တယ်သည့်အဖြစ်ဟူသော သုဘဓာတ်ကြောင့် ရာဂကိန်းဝပ်မှု ရာဂါနုသယသည် ကင်းပျောက်၏။ အာနာပါနဿတိ၏ ကမ္မဋ္ဌာန်းအာရုံ၌ ရှေးရှုတည်မှုကြောင့် အပဖြစ်ကုန်သော ဆင်းရဲခြင်းအဖို့ရှိကုန်သော အလိုဆန္ဒ အာသယသို့ အစဉ်လိုက်တတ်သည့် မိစ္ဆာဝိတက်တို့သည် မဖြစ်ပေါ်ကုန်၊ အလုံးစုံသော သင်္ခါရတရားတို့၌ အနိစ္စဟု ရှုလျက် နေကြကုန်သောသူတို့အား အဝိဇ္ဇာမောဟ ကင်းပျောက်၍ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသောအခါ ခပ်သိမ်း ကောင်းစွာ မြင်သော ထိုရဟန်းသည် ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုသည်ဖြစ်၍လည်းကောင်း၊ ထွက်သက်ဝင်သက်၌ ထင်သော သတိရှိသည်ဖြစ်၍လည်းကောင်း၊ အလုံးစုံသော သင်္ခါရတို့၏ ချုပ်ငြိမ်းမှုကို ရှုသည်ဖြစ်၍လည်းကောင်းထိုအလုံးစုံသော သင်္ခါရတို့ ချုပ်ငြိမ်းရာ၌ အရဟတ္တဖလဝိမုတ္တိဖြင့် လွတ်မြောက်၏။ ထို့ကြောင့် ထိုရဟန်းသည် အဘိညာဉ်ကိစ္စ ပြီးဆုံးပြီဖြစ်၍ ငြိမ်းအေးပြီးလျှင် ယောဂလေးပါးကို လွန်မြောက်ပြီးသူဖြစ်တော့၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။