ဣတိဝုတ်ပါဠိတော်

၁ဝ-ဒေဝဒတ္တသုတ်

၈၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏။ ငရဲ၌ ဖြစ်ရ၏။ အန္တရကပ်ပတ်လုံး တည်၏။ ကုစား၍ မရကောင်း၊ အဘယ်သုံးပါးတို့နှင့်နည်း- ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏။ ငရဲ၌ ဖြစ်ရ၏။ အန္တရကပ်ပတ်လုံး တည်၏။ ကုစား၍ မရကောင်း၊ ရဟန်းတို့ မိတ်ဆွေယုတ်ရှိသည်၏ အဖြစ်ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏။ ငရဲ၌ ဖြစ်ရ၏။ အန္တရကပ်ပတ်လုံး တည်၏။ ကုစား၍ မရကောင်း၊ ဈာန်အဘိညာဉ်တို့ထက် အလွန်ဖြစ်သော မဂ်ဖိုလ်အတွက် ပြုဖွယ်ကိစ္စ ရှိသေးသည် ဖြစ်ပါလျက် အနည်းငယ်မျှသော ဈာန်အဘိညာဉ်တရားထူးကို ရခြင်းဖြင့် အကြား၌သာ ပြီးဆုံးခြင်းသို့ ရောက်နေရ၏။ ရဟန်းတို့ ဤမသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့်စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏။ ငရဲ၌ ဖြစ်ရ၏။ အန္တရကပ်ပတ်လုံး တည်၏။ ကုစား၍မရကောင်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''လောက၌ တစ်စုံတစ်ယောက်သောသူသည် အဘယ်အခါ မျှ ယုတ်မာသော အလိုရှိသူ မဖြစ်ပါစေလင့်၊ ယုတ်မာသော အလိုရှိသူတို့၏ လားရာ 'ဂတိ'ကဲ့သို့ ထိုသို့ သော လားရာ 'ဂတိ'ကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိကြကုန်လော့။

ပညာရှိဟု ထင်ရှားသော ဈာန်အဘိညာဉ်တို့ဖြင့် ပွါးများအပ်ပြီးသော စိတ်ရှိသူဟု သမုတ်အပ်သော ဒေဝဒတ်သည် အခြံအရံဖြင့် တောက်ပသကဲ့သို့ တည်၏ဟု ထင်ရှားခဲ့၏။

ထိုဒေဝဒတ်သည် မိမိအတိုင်းအရှည် ပမာဏကို မသိသောကြောင့် ထိုမြတ်စွာဘုရားကို ညှဉ်းဆဲ၍တံခါးလေးပေါက်ရှိသော ကြောက်မက်ဖွယ် အဝီစိငရဲသို့ ရောက်ရ၏။

အကြင်သူသည် မကောင်းမှုကံကို မပြုသည့် မပြစ်မှားသင့်သောသူအား ပြစ်မှား၏။ ရိုသေမှုကင်းသော ပြစ်မှားသော စိတ်ရှိသော ထိုသူသို့သာလျှင် မကောင်းမှုသည် တွေ့ထိကျရောက်၏။

အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးရန် ကြံစည်အောက်မေ့၏။ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ၊မှန်လှ၏- ပြန့်ပြောနက်ကျယ် ကြောက်မက်ဖွယ်ကောင်းသော သမုဒ္ဒရာသည် ကြီးမားကျယ်ဝန်းလှပေ၏။

ဤအတူသာလျှင် အကြင်သူသည် ညီညွတ်သည်ဖြစ်၍ ငြိမ်းအေးသော စိတ်ရှိသော မြတ်စွာဘုရားကို ဒေါသဖြင့် ညှဉ်းဆဲနှိပ်စက်၏။ ထိုသူ၏ ဒေါသသည် ထိုမြတ်စွာဘုရား အပေါ်၌ မကျရောက်နိုင်။

အကြင်ကောင်းသောအကျင့်ရှိသူ၏ ပဋိပတ်လမ်းစဉ်သို့ အစဉ်လိုက်သော ရဟန်းသည် ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ရောက်ရာ၏။ ပညာရှိသည် ထိုသို့ သဘော ရှိသော ကောင်းသောအကျင့်ရှိသူကို အဆွေခင်ပွန်းပြုရာ၏။ ထိုကောင်းသောအကျင့်ရှိသူကိုလည်းမှီဝဲရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

စတုတ္ထဝဂ် ပြီး၏။