ဣတိဝုတ်ပါဠိတော်

၅-ဥပပရိက္ခသုတ်

၉၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်အကြင်အပြားအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်း၏ စိတ်ဝိညာဉ်သည်ပြင်ပအာရုံ၌လည်း မပျံ့လွင့် မကျယ်ပြန့်မူ၍ ကမ္မဋ္ဌာန်းအာရုံ၌လည်း မတည်သည် ဖြစ်ခဲ့မူ တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တရာ၊ ရဟန်းသည် ထိုထိုအပြားအားဖြင့် စူးစမ်းဆင်ခြင်ရာ၏။

ရဟန်းတို့ စိတ်ဝိညာဉ်သည် ပြင်ပအာရုံ၌ မပျံ့လွင့် မကျယ်ပြန့်သည်ရှိသော် ကမ္မဋ္ဌာန်းအာရုံ၌လည်းမတည်လတ်သော် တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တသောသူအား နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှုဟူသော ဝဋ်ဆင်းရဲအပေါင်းတို့ မဖြစ်နိုင်တော့ချေ၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ကပ်ငြိမှု 'သင်္ဂ' ခုနစ်ပါးတို့ကို ပယ်ပြီး၍ တဏှာကို ဖြတ်တောက်ပြီးသော ထိုရဟန်းအားပဋိသန္ဓေနေခြင်းတည်းဟူသော သံသရာသည်ကုန်ခန်းပြီးဖြစ်ရကား တစ်ဖန် ဘဝသစ်သည်မရှိတော့ပြီ''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။