ဣတိဝုတ်ပါဠိတော်

၆-ကာမူပပတ္တိသုတ်

၉၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကာမကိုမှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း- အမြဲထင်ရှား ရှိသော ကာမကိုမှီဝဲသူတို့လည်းကောင်း၊ ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်သူ နိမ္မာနရတိနတ်တို့လည်းကောင်း သူတစ်ပါးတို့ ဖန်ဆင်းသော ကာမ၌ မိမိအလိုသို့ လိုက်စေသော ပရနိမ္မိတဝသဝတ္တီနတ်တို့လည်းကောင်းတို့တည်း၊ ရဟန်းတို့ ကာမကိုမှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ပရနိမ္မိတဝသဝတ္တီနတ်တို့သည် သူတစ်ပါးဖန်ဆင်းသော ကာမ၌ မိမိ အလိုသို့ လိုက်စေကုန်၏။ အကြင်နိမ္မာနရတိနတ်တို့သည် ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်ကုန်၏။ ဆိုခဲ့ပြီးသော နတ်တို့မှတစ်ပါးကုန်သော အကြင် လူ အစရှိသော ကာမခံစားသူတို့သည် အမြဲထင်ရှားရှိသော ကာမကိုမှီဝဲကုန်၏။ ထိုသတ္တဝါအားလုံးတို့သည် ဤဘဝ တစ်ပါးသော ဘဝဟု ဆိုအပ်သော သံသရာကို မလွန်နိုင်ကုန်။

ပညာရှိသည် ကာမခံစားသူတို့၌ ဖြစ်သော ထိုအပြစ်မျိုးကို သိ၍ နတ်၌ ဖြစ်သော ကာမလူ၌ ဖြစ်သော ကာမအားလုံးတို့ကို စွန့်ပစ်ရာ၏။

ပညာရှိတို့သည် ချစ်အပ်သော သဘောရှိသော ရူပါရုံစသည်တို့၌ သုခဝေဒနာကိုသာယာမှုဖြင့်တပ်မက်သော လူသာမန်တို့ လွန်မြောက်နိုင်ခဲသည့် တဏှာအလျဉ်ကို အရဟတ္တမဂ်ဖြင့် ဖြတ်၍ အကြွင်းမဲ့ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။

အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ်ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။