ဣတိဝုတ်ပါဠိတော်

၉-ဒါနသုတ်

၉၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပေးလှူခြင်းတို့သည် - ပစ္စည်းလေးပါး 'အာမိသ'ကို ပေးလှူမှု 'အာမိသဒါန'လည်းကောင်း၊ တရားဟောခြင်းစသော ပေးလှူမှု 'ဓမ္မဒါန'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့့ဤဒါနနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မဒါန'သည် မြတ်၏။

ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် -ပစ္စည်းလေးပါးကို ခွဲခြမ်းဝေဖန်ခြင်း 'အာမိသသံဝိဘာဂ'လည်းကောင်း၊ တရားဟောခြင်းစသော ခွဲခြမ်းဝေဖန်ခြင်း 'ဓမ္မသံဝိဘာဂ'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤခွဲခြမ်းဝေဖန်ခြင်း သံဝိဘာဂနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မ သံဝိဘာဂ'သည်မြတ်၏။

ရဟန်းတို့ ချီးမြှောကြ်ခင်းတို့သည် - ပစ္စည်းလေးပါးဖြင့် ချီးမြှောကြ်ခင်း 'အာမိသာနုဂ္ဂဟ'လည်းကောင်း၊ တရားဟောခြင်းစသည်ဖြင့် ချီးမြှောကြ်ခင်း 'ဓမ္မာနုဂ္ဂဟ'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤနှစ်မျိုးသော ချီးမြှောကြ်ခင်းတို့တွင် တရားဟောခြင်းစသည်ဖြင့် ချီးမြှောက်ခြင်း'ဓမ္မာနုဂ္ဂဟ'သည် မြတ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ဒါနကို အတုမရှိ မြတ်၏ဟု ဆိုကုန်၏။ အကြင်ခွဲခြမ်းဝေဖန်ခြင်းကို (အတုမရှိ) မြတ်၏ဟု မြတ်စွာဘုရားသည် ချီးမွမ်းတော်မူ၏။ သီလစသော ဂုဏ်တို့ဖြင့် မြတ်သော ကောင်းမှု၏တည်ရာရတနာသုံးပါး၌ ကြည်ညိုစိတ်ရှိ၍ ဒါန အကျိုးကို ပိုင်းခြားသိသော အဘယ်မည်သော ပညာရှိသည်သင့်တင့်သော ကာလ၌ မပေးလှူဘဲ ရှိမည်နည်း။

အကြင်သူတို့သည် တရားလည်း ဟောကုန်၏။ တရားလည်း နာကုန်၏။ ဟောသူ နာသူထိုနှစ်ဦးတို့သည် မြတ်စွာဘုရား သာသနာတော်၌ ကြည်ညိုစိတ် ရှိကြကုန်၏။ အကြင်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ မမေ့မလျော့ကြကုန်၊ ထိုသူတို့၏ မြတ်သော ထို (ဓမ္မဒါန ဓမ္မသံဝိဘာဂဓမ္မာနုဂ္ဂဟ) အကျိုးသည် အရဟတ္တဖိုလ်ဟူသော စင်ကြယ်ခြင်းဖြင့် စင်ကြယ်၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။