ဣတိဝုတ်ပါဠိတော်

၁ဝ-တေဝိဇ္ဇသုတ်

၉၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သင့်သော အကြောင်းအားဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ငါဘုရား ပညတ်၏။ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု ငါဘုရား မပညတ်။

ရဟန်းတို့ အဘယ်သို့လျှင် သင့်သော အကြောင်းဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ပညတ်သနည်း၊ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု မပညတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်တို့ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ''ဤမည်သော ဘဝ၌ (ငါသည်) ဤသို့ သော အမည်ရှိခဲ့၏။ ဤသို့ သော အနွယ်ရှိခဲ့၏။ ဤသို့ သော အဆင်းရှိခဲ့၏။ ဤသို့ သော အစာရှိခဲ့၏။ ဤသို့ သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏။ ဤသို့ သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစြဲ်ပန်၏။ ထိုဘဝ၌လည်း ဤသို့ သော အမည်ရှိခဲ့၏။ ဤသို့ သော အနွယ်ရှိခဲ့၏။ ဤသို့ သော အဆင်းရှိခဲ့၏။ ဤသို့ သော အစာရှိခဲ့၏။ ဤသို့ သော ချမ်းသာဆင်းရဲကို ခံစားရ၏။ ဤသို့ သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏''ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။

ထိုရဟန်းအား ဤပဌမဖြစ်သော အသိဉာဏ်ဝိဇ္ဇာကိုရ၏။ မမေ့မလျော့ ပြင်းစွာအားထုတ်လျက်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ်'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်၏။ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏။ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏ ''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသောအကျင့် 'ကာယဒုစရိုက်'နှင့်ပြည့်စုံကုန်၏။ နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့် 'ဝစီဒုစရိုက်'နှင့် ပြည့်စုံကုန်၏။ စိတ်ဖြင့်ပြုသော မကောင်းသောအကျင့် 'မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို စွပ်စွဲတတ်ကုန်၏။မှားသော အယူရှိကုန်၏။မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏။ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကားကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့်'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏။ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ဝစီသုစရိုက်'နှင့် ပြည့်စုံကုန်၏။ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏။ အရိယာတို့ကို မစွပ်စွဲတတ်ကုန်၊မှန်သော အယူရှိကုန်၏။မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏။ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ကြရကုန်၏''ဟု သိ၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါမြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါမကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏။ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။ ထိုရဟန်းအား ဤဒုတိယဖြစ်သော အသိဉာဏ် ဝိဇ္ဇာကိုရ၏။ မမေ့မလျော့ ပြင်းစွာအားထုတ်လျက်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်၏။ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား အမိုက်မှောင်ပျောက်၍အလင်းရောင် ဖြစ်ပေါ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်စိတ်)နှင့် ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာရောက်၍ နေ၏။ ထိုရဟန်းအား ဤတတိယမြောက်ဖြစ်သော ဝိဇ္ဇာကိုရ၏။ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်၏။ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့လျှင် သင့်သော အကြောင်းအားဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ပညတ်တော်မူ၏။ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိ ဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု ငါဘုရား မပညတ်။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ရဟန်းသည် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို သိ၏။ နတ်ပြည် ငရဲပြည် ကိုလည်း မြင်၏။ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့လည်း ရောက်၏။ ထူးသော မဂ်ပညာဖြင့် သိမှုကိစ္စ ပြီးဆုံးပြီးသော ထိုရဟန်းသည် -

ဤဝိဇ္ဇာသုံးပါးတို့နှင့် ပြည့်စုံသောကြောင့် တေဝိဇ္ဇဗြာဟ္မဏဖြစ်၏။ ထိုသူကိုသာ တေဝိဇ္ဇဗြာဟ္မဏဟု ငါဟော၏။ တစ်ပါးသော မန္တန်ရွတ်ဆိုတတ်ကာမျှဖြစ်သော ဇာတိဗြာဟ္မဏမျိုးဖြစ်သူကို တေဝိဇ္ဇဗြာဟ္မဏဟု ငါမဟော''ဟု ဤဂါထာဖြင့် ဆို အပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ပဉ္စမဝဂ် ပြီး၏။

တိကနိပါတ် မြန်မာပြန် ပြီး၏။