ခုဒ္ဒကပါဌပါဠိတော်

၅-မင်္ဂလသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် (ညဉ့်ဦးယံ) ကုန်လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့်လျှောက်၏-

၂။ (မြတ်စွာဘုရား) များစွာကုန်သော နတ် လူတို့သည် (မိမိ) ချမ်းသာကို တောင့်တကုန်သည်ဖြစ်၍ မင်္ဂလာ (တရား)တို့ကို ကြံကြပါကုန်၏။ (အသျှင်ဘုရားသည် ) မြင့်မြတ်သော (မင်္ဂလာ) တရားကို ဟောတော်မူပါလော့။

၃။ (နတ်သား) သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း, ပညာရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း, ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၄။ (နတ်သား) သင့်လျော်လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း, ရှေးဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်းလည်းကောင်း, မိမိ (ကိုယ် စိတ်) ကို ကောင်းစွာ ထားခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၅။ (နတ်သား) အကြားအမြင်များခြင်းလည်းကောင်း, (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း, (မိမိတို့ဆိုင်ရာ) ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း, စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း၊ ဤတရား လေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၆။ (နတ်သား) အမိအဖတို့ကို လုပ်ကျွေးခြင်းလည်းကောင်း, သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်းလည်းကောင်း, ပျင်းရိဖင့်နွှဲခြင်းစသော အနှောက်အယှက် မရှိမူ၍ အလုပ်အကိုင်တို့ကို ပြုလုပ်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၇။ (နတ်သား) အလှူပေးရခြင်းလည်းကောင်း, ကုသိုလ်ကမ္မပထတရားကို ကျင့်ရခြင်းလည်းကောင်း, ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ရခြင်းလည်းကောင်း, အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၈။ (နတ်သား) မကောင်းမှုမှ (စိတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း, မကောင်းမှုမှ (ကိုယ်နှုတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း, သေအရက်သောက်ခြင်းမှ စောင့်စည်းခြင်းလည်းကောင်း, ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၉။ (နတ်သား) (ရိုသေထိုက်သူတို့အား) ရိုသေခြင်းလည်းကောင်း, (မိမိကိုယ်ကို) နှိမ့်ချခြင်းလည်းကောင်း, ရောင့်ရဲလွယ်ခြင်းလည်းကောင်း, သူပြုဖူးသော ကျေး ဇူးကို သိခြင်းလည်းကောင်း, သင့်တင့်သောအခါ၌ တရားနာခြင်းလည်းကောင်း၊ ဤတရားငါးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၁ဝ။ (နတ်သား)သည်းခံခြင်းလည်းကောင်း, သူတော်ကောင်းတို့၏ ဆုံးမစကားကို နာလွယ်ခြင်းလည်းကောင်း, ရဟန်းတို့အား ဖူးမြင်ခြင်းလည်းကောင်း, သင့်တင့်သောအခါ၌ တရားကို ဆွေးနွေးမေးမြန်းခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၁၁။ (နတ်သား) (အကုသိုလ်တရားတို့ကို) ပူပန်စေတတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, မြတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, အရိယသစ္စာတို့ကို (မဂ်ဖြင့်) မြင်ခြင်းလည်းကောင်း, နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၁၂။ (နတ်သား) လောကဓံတို့နှင့်တွေ့သော အကြင် ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် မတုန်လှုပ်, စိုးရိမ်ခြင်းမရှိ, ကိလေသာမြူ ကင်း၏, ဘေးရန်မရှိ၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။

၁၃။ (နတ်သား) ထိုမင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတို့ကို ပြုကျင့်သောကြောင့် ရန်သူဟူသမျှတို့တွင် (တစ်ယောက်မျှ) ရန်သူတို့ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသောအရပ်တို့၌ ကြီးပွါးချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို့ကြောင့် ထိုတရား သုံးဆယ့်ရှစ်ပါးသည် ထိုနတ်လူတို့၏ မြင့်မြတ်သော မင်္ဂလာတရားမည်၏ဟု (မှတ်လေလော့ဟု မိန့်တော်မူ၏)။

မင်္ဂလသုတ် ပြီး၏။