ခုဒ္ဒကပါဌပါဠိတော်

၇-တိရောကုဋ္

၁။ (ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဘက်တို့၌လည်းကောင်း၊ လမ်းဆုံ လမ်းခွ အိမ်ခြံစပ်တို့၌လည်းကောင်း၊ တံခါးဝ တံခါးပေါင်တို့၌လည်းကောင်း ရပ်တည်ကုန်၏။

၂။ များစွာသော ထမင်းအဖျော် ခဲဖွယ်ဘောဇဉ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော်လည်း ထို (ပြိတ္တာ) သတ္တဝါတို့၏ ကံအကြောင်းကြောင့် ထိုပြိတ္တာသတ္တဝါတို့ကို တစ်စုံတစ်ယောက်သောသူ ကမျှ အမှတ်မရ။

၃။ သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာတို့ ကပ်ရောက်လာသောအခါ စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဉ်ကို ဤအလှူဝတ္ထုသည် သင် (ပြိတ္တာ) ဆွေမျိုးတို့အား ဖြစ်စေသတည်း။ (ပြိတ္တာ) ဆွေမျိုးတို့သည် ချမ်းသာကြစေကုန်သတည်းဟု မိတ်ဆွေ အမျိုးပြိတ္တာတို့အတွက် ရည်ညွှန်း၍ ပေးလှူကုန်၏။

၄။ ထိုဆွေမျိုးပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ်ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်းအဖျော်ကို (မိမိတို့အား ရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုကြကုန်၏။

၅။ အကြင်ဆွေမျိုးတို့၏ (ပေးလှူခြင်းဟူသော) အကြောင်းကြောင့် (စည်းစိမ်ချမ်းသာကို) ငါတို့ရကြကုန်၏။ ငါတို့၏ အကျိုးငှါလည်း ပူဇော်မှုကို ပြုကြကုန်၏။ ပေးလှူသူဆွေမျိုးတို့ သည်လည်း အကျိုးများကုန်၏။ ထိုငါတို့၏ ဆွေမျိုးတို့သည် ကြာမြင့်စွာ အသက်ရှည်ကြပါစေ ကုန်သတည်း။

၆။ ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်း မရှိ၊ နွားကျောင်းခြင်းလည်း မရှိ၊ ထိုပြိတ္တာဘုံ၌ စည်းစိမ်ရကြောင်း ကုန်သွယ်မှုလည်း မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မှုလည်း မရှိ၊ ဤလူ့ဘုံမှ (ဆွေမျိုးမိတ်ဆွေတို့) ပေးဝေအပ်သော ကုသိုလ်အဖို့ဖြင့် ထိုပြိတ္တာဘုံ၌ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော ပြိတ္တာတို့သည် မျှတကုန်၏။

၇။ ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာအရပ်သို့ စီးသွားသကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။

၈။ ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။

၉။ ဤသူကား ငါ့အား (ဥစ္စာကို) ပေးဖူးပြီ၊ ငါ၏ (ကိစ္စကို) ပြုဖူးပြီ၊ ငါ၏ ဆွေမျိုးတည်း၊ ငါ၏မိတ်ဆွေတည်း၊ ငါ၏ ခင်ပွန်းတည်းဟု ရှေးဘဝ၌ ပြုခဲ့ဖူးသည်ကို အောက်မေ့သူသည် ပြိတ္တာတို့အကျိုးငှါ မြတ်သော အလှူရေစက်ကို ပေးလှူရာ၏။

၁ဝ။ ငိုကြွေးခြင်းသည်လည်းကောင်း၊ စိုးရိမ်ပူဆွေးခြင်းသည်လည်းကောင်း၊ ထိုမှတစ်ပါး ပြောဆိုမြည်တမ်းခြင်းသည်လည်းကောင်း ပြိတ္တာတို့၏ အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည်ကား ငိုကြွေးနေကြကုန်၏။

၁၁။ (တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍) ပေးလှူအပ်သော ဤအလှူသည် သံဃာ၌ ကောင်းစွာတည်သည်ဖြစ်၍ ရှည်မြင့်စွာ စီးပွါးချမ်းသာ ဖြစ်ခြင်းအကျိုးငှါ ထိုပြိတ္တာထံသို့ တစ်ခဏချင်း ကပ်ရောက်၏။

၁၂။ တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၌ ပြုသော ဝတ္တရားဟူ၍ ပြအပ်၏။ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်း မည်၏။ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည်လည်း မည်၏။ သင်တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွါးများဆည်းပူးအပ်သည်လည်း မည်၏ဟု (မိန့်တော်မူ၏)။

တိရောကုဋ္