မဇ္ဈိမနိကာယ်

၁—ဒေဝဒဟသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဒေဝဒဟမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤ (မိန့်တော်မူလတ္တံ့သော တရား) စကားကို ဟောကြားတော်မူ၏။

ရဟန်းတို့ “ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ယင်းခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ပြီ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု ဤသို့ပြောဆို ယူဆလေ့ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ နိဂဏ္ဌတို့သည် ဤသို့ ပြောဆိုလေ့ရှိကုန်၏။

ရဟန်းတို့ ငါသည် ဤသို့ ပြောဆိုလေ့ရှိသော နိဂဏ္ဌတို့သို့ ချဉ်းကပ်ပြီးလျှင် — “ငါ့သျှင် နိဂဏ္ဌတို့ ‘ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာ ဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်း ကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲ ကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခ အလုံးစုံသည် ကျေပျက်လတ္တံ့’ဟု ဤသို့ သင်တို့ ပြောဆိုယူဆလေ့ရှိကုန်သည်ဟူသည်မှာ မှန်သလော”ဟု မေး၏။ ရဟန်းတို့ ငါသည် ဤသို့မေးသော် ထိုနိဂဏ္ဌတို့သည် “ဟုတ်၏”ဟု ဝန်ခံကြကုန်၏။

ငါသည် ထိုနိဂဏ္ဌတို့ကို— “ငါ့သျှင် နိဂဏ္ဌတို့ ‘ငါတို့သည် ရှေးက ဖြစ်ဖူးကုန်သည်သာတည်း၊ မဖြစ် ဖူးကြကုန်သည်ကား မဟုတ်’ဟု သင်တို့ သိကြကုန်သလော”ဟု မေး၏။ “ငါ့သျှင် မသိကြပါ”ဟု (ဆိုကြ ကုန်၏)။

“ငါ့သျှင်နိဂဏ္ဌတို့ ‘ငါတို့သည် ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ’ဟု သင်တို့ သိကြကုန်သလော”ဟု (မေး၏)။ “ငါ့သျှင် မသိကြပါ”ဟု (ဆိုကြကုန်၏)။

“ငါ့သျှင် နိဂဏ္ဌတို့ ‘ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲ ဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့’ဟု သင်တို့ သိကြကုန်သလော”ဟု (မေး၏)။ “ငါ့သျှင် မသိကြပါ”ဟု (ဆိုကြကုန်၏)။

“ငါ့သျှင် နိဂဏ္ဌတို့ ‘မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သင်တို့ သိကြကုန်သလော”ဟု (မေး၏)။ “ငါ့သျှင် မသိကြပါ”ဟု (ဆိုကြကုန်၏)။

၂။ ငါ့သျှင် နိဂဏ္ဌတို့ ဤသို့လျှင် သင်တို့သည် “ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်”ဟု သင်တို့ မသိကြကုန်။ “ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်”ဟု မသိကြကုန်။ “ဤသို့ ဤသို့သော မကောင်း မှုကံကို ပြုခဲ့ကြဖူးကုန်ပြီ”ဟု မသိကြကုန်။ “ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤ မျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲ ဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု မသိကြကုန်။ မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက် ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို မသိကြကုန်။

ဤသို့ မသိသည်ရှိသော် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကိုလည်း ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ် ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ မသင့်။

ငါ့သျှင် နိဂဏ္ဌတို့ “ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်”ဟု သင်တို့ အကယ်၍ သိကုန်ငြားအံ့။ ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်ကုန်”ဟု သိကုန်ငြားအံ့။ ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြ ဖူးကုန်ပြီ”ဟု သိကုန်ငြားအံ့။ “ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက် ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု သိကုန်ငြားအံ့။ မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သိကုန်ငြားအံ့။ ဤသို့ သိကုန်သည်ရှိသော် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူ သမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန် ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု အသျှင် နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ သင့်၏။

၃။ ငါ့သျှင် နိဂဏ္ဌတို့ ဥပမာအားဖြင့် အထပ်ထပ်လိမ်းကျံထားသော ဆိပ်လူးမြား အစူးခံရသော ယောကျာ်းသည် မြားစူးသောဝေဒနာကြောင့် ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောကျာ်း၏ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကု ဆေးဆရာကို ပင့်ခေါ်လာကုန်ရာ၏။ ထိုယောကျာ်းအား ထိုမြားဆိပ်ကု ဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ ထိုယောကျာ်း သည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောကျာ်းအား ထိုမြားဆိပ်ကု ဆေးဆရာသည် ငြောင့်ရှာမွှေတံဖြင့် မြားကို ရှာရာ၏၊ ထိုယောကျာ်းသည် ငြောင့်ရှာမွှေတံဖြင့် မြား (ငြောင့်)ကို ရှာခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောကျာ်းအား ထိုမြားဆိပ်ကု ဆေးဆရာသည် မြားကို နုတ်ရာ၏၊ ထိုယောကျာ်းသည် မြားကို နုတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောကျာ်းအား ထိုမြားဆိပ်ကု ဆေးဆရာသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့်သွင်းရာ၏၊ ထိုယောကျာ်းသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့်သွင်းခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောကျာ်းသည် နောက်အခါ၌ အသားနုတက်၍ အရေကောင်းမွန်ပြီးလျှင် အနာပျောက်ကင်းရာ၏၊ ချမ်းသာစွာ မိမိသဘောအတိုင်း အလိုရှိရာအရပ်သို့ သွားလာနိုင်ရာ၏။

ထိုယောကျာ်းမှာ ဤသို့ အကြံဖြစ်ရာ၏ “ငါသည် ရှေးက အထပ်ထပ်လိမ်းကျံထားသော ဆိပ်လူး မြား အစူးခံရဖူး၏၊ ထိုငါသည် မြားစူးသော ဝေဒနာဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါ၏ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကု ဆေးဆရာကို ပင့်ခေါ်လာဖူးကုန်၏။ ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ဖူး၏၊ ထိုငါသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် ငြောင့်ရှာမွှေတံဖြင့် မြားကို ရှာဖူး၏၊ ထိုငါသည် ငြောင့်ရှာမွှေတံဖြင့် (မြား) ငြောင့်ကို ရှာခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် မြားကို နုတ်ဖူး၏၊ ထိုငါသည် မြားကို နုတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံ ခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် မီးဖုတ်ထားသော သျှိသျှား သီးမှုန့်ကို အနာဝ၌ ထည့်သွင်းဖူး၏၊ ထိုငါသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့် သွင်းခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါသည် ယခုအခါ၌ အသားနုတက်၍ အရေကောင်းမွန်ပြီးလျှင် အနာပျောက်ကင်း၏၊ ချမ်းသာစွာ မိမိ သဘောအတိုင်း အလိုရှိရာအရပ်သို့ သွားလာနိုင်၏”ဟု (အကြံဖြစ်ရာ၏)။

ငါ့သျှင် နိဂဏ္ဌတို့ ဤအတူသာလျှင် “ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူး သည်ကား မဟုတ်”ဟု သင်တို့ အကယ်၍ သိကုန်ငြားအံ့။ “ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်”ဟု သိကုန်ငြားအံ့။ “ငါတို့သည် ဤသို့ ဤသို့ သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ”ဟု သိကုန်ငြားအံ့။ “ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေ ပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု သိကုန်ငြားအံ့၊ မျက်မှောက်ဘဝ၌ပင် အကုသိုလ် တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သိကုန်ငြားအံ့။ ဤသို့ သိကုန်သည်ရှိ သော် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာ ဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ် ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထို ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ သင့်ရာ၏။

ငါ့သျှင် နိဂဏ္ဌတို့ “ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်”ဟု အကြင်ကြောင့်လည်း သင်တို့သည် မသိကြကုန်။ “ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူး သည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်”ဟု မသိကြကုန်။ “ငါတို့သည် ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ”ဟု မသိကြကုန်။ “ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက် ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော့်ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့”ဟု မသိကြကုန်။ မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို အကြင်ကြောင့်လည်း မသိကြကုန်၊ ထိုသို့ မသိကြ ကုန်သောကြောင့် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက် ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်း ကြောင့် ထိုဆင်းရဲဒုက္ခအားလုံး ပျောက်ငြိမ်းသည် ဖြစ်လတ္တံ့”ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ မသင့်။

၄။ ရဟန်းတို့ ဤသို့ပြောဆိုသော် ထိုနိဂဏ္ဌတို့က ငါ့အား ဤစကားကို ပြောဆိုကြကုန်၏ — “ငါ့သျှင် နာဋ၏သား နိဂဏ္ဌသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ ‘သွားနေစဉ် ရပ်နေစဉ် အိပ်နေစဉ် နိုးနေစဉ် ဉာဏ်အမြင်သည် ငါ့အား အမြဲမပြတ် ရှေးရှုထင်၏’ဟု ဉာဏ်အမြင် ရှိကြောင်းကို အကြွင်းမဲ့ ဝန်ခံ၏”ဟု (ပြောဆိုကြကုန်၏)။ ထိုနာဋ၏သား နိဂဏ္ဌသည် ဤသို့ ပြောဆို၏ — “ငါ့သျှင် နိဂဏ္ဌတို့ သင်တို့မှာ ရှေး၌ ပြုထားသော မကောင်းမှုကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှုကံကို ဤစပ်ရှားလှ သည့် ပြုနိုင်ခဲသောအမှုကို ပြုခြင်းဖြင့် ချေဖျက်ကြကုန်လော့၊ ယခုဘဝ၌ ကိုယ်ဖြင့်စောင့်စည်းခြင်း နှုတ်ဖြင့် စောင့်စည်းခြင်း စိတ်ဖြင့်စောင့် စည်းခြင်းသည်ပင် နောင်ဘဝ၌ မကောင်းမှုကံကို မပြုခြင်းဖြစ်၏။ ဤ (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကို မပြုလုပ်ခြင်းကြောင့် နောင် အခါ၌ တိုးပွါးခြင်း မဖြစ်၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်း လတ္တံ့”ဟု (ပြောဆို၏)။ ထိုပြောဆိုခြင်းကိုလည်း ငါတို့သည် ကျေနပ်နှစ်သက်၍ ဝမ်းမြောက်ကြကုန်၏”ဟု (ငါ့အား ပြောဆိုကြကုန်၏)။

၅။ ရဟန်းတို့ ဤသို့ဆိုလတ်သော် ငါသည် နိဂဏ္ဌတို့အား ဤစကားကို ပြောဆို၏ — “ငါ့သျှင် နိဂဏ္ဌတို့ ဤငါးပါးသော တရားတို့သည် မျက်မှောက်ဘဝ၌ပင် (ဟုတ် မဟုတ်) နှစ်ပါးသော အကျိုးရှိကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ — ယုံကြည်ခြင်း ‘သဒ္ဓါ’၊ နှစ်သက်ခြင်း ‘ရုစိ’၊ တစ်ဆင့်ကြားခြင်း ‘အနုဿဝ’၊ အခြင်းအရာကို ကြံစည်ခြင်း ‘အာကာရပရိဝိတက္က’၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်း ‘ဒိဋ္ဌိနိဇ္ဈာနက္ခနိ ္တ’ တို့တည်း။ “ငါ့သျှင် နိဂဏ္ဌတို့ ဤငါးပါးသော တရားတို့သည် မျက်မှောက်ဘဝ၌ပင် (ဟုတ် မဟုတ်) နှစ်ပါးသော အကျိုးရှိကုန်၏။

ထိုတရားငါးပါးတို့တွင် အသျှင်နိဂဏ္ဌတို့၏ အတိတ်ကိုစွဲ၍ဖြစ်သော အယူကိုယူရာတွင် ဆရာ၌ ယုံကြည်ခြင်းဟူသည် အဘယ်နည်း၊ နှစ်သက်ခြင်းဟူသည် အဘယ်နည်း၊ တစ်ဆင့်ကြားခြင်းဟူသည် အဘယ်နည်း၊ အခြင်းအရာကို ကြံစည်ခြင်းဟူသည် အဘယ်နည်း၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ် ခြင်းဟူသည် အဘယ်နည်း”ဟု ( ဤစကားကို ဆို၏ )။ ရဟန်းတို့ ဤသို့ဆိုသော ငါသည် နိဂဏ္ဌတို့၌ အကြောင်းခိုင်လုံသော တစ်စုံတစ်ခုသော ဝါဒတုံ့ပြန်ခြင်းကို မမြင်။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ငါသည် ထိုနိဂဏ္ဌတို့ကို ဤသို့ ဆို၏—“ငါ့သျှင်နိဂဏ္ဌတို့ သင်တို့ သည် အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို သင်တို့ ခံစားကုန်ရာ သလော။ ယင်းသို့ မဟုတ်မူ ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည် ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို သင်တို့ မခံစားရကုန်ရာ သလော”ဟု (မေး၏)။

ငါ့သျှင်ဂေါတမ အကျွန်ုပ်တို့၏ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌့ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရပါကုန်၏။ အကျွန်ုပ် တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို မခံစားရပါကုန်ဟု (ဆိုကြကုန်၏)။

၆။ ငါ့သျှင်နိဂဏ္ဌတို့ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရကုန်ရာ၏ဟု သင်တို့ ဆို၏၊ ၄င်းပြင် သင်တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို မခံစားရကုန်ရာဟု သင်တို့ ဆို၏။ ဤသို့ဖြစ်သည်ရှိသော် “ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစားရ၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်း ကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှု ကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်းလတ္တံ့”ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ မသင့်။

ငါ့သျှင်နိဂဏ္ဌတို့ သင်တို့သည် ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို အကယ်၍ မခံစားရကုန်ငြားအံ့၊ သင်တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လ ပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို အကယ်၍ ခံစားရကုန်ငြားအံ့။

ဤသို့ဖြစ်သည်ရှိသော် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးက ပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကိုလည်း ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ တိုးပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မတိုး ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲ ဒုက္ခအားလုံးသည် ပျက်ပြုန်းလတ္တံ့”ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်း ငှါ သင့်၏။

ငါ့သျှင်နိဂဏ္ဌတို့ သင်တို့သည် ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို ခံစားကုန်ရာသောကြောင့် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို မခံစားရကုန်ရာသောကြောင့် ထိုသင်တို့သည် ကိုယ်တိုင်သာလျှင် လုံ့လပြုကုန်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာတို့ကို ခံစားကုန်လျက် မသိနားမလည်ခြင်းကြောင့် ပြင်းစွာတွေဝေခြင်းကြောင့် “ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစားရ၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်းမရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခအားလုံး ပျက်ပြုန်းလတ္တံ့”ဟု ဤသို့ ဖောက်ပြန်စွာ ယုံကြည်ကုန်၏၊ ရဟန်းတို့ ဤသို့ဆိုသော ငါသည် နိဂဏ္ဌတို့၌လည်း အကြောင်းခိုင်လုံသော တစ်စုံတစ်ခုသော ဝါဒတုံ့ပြန်ခြင်းကို မမြင်။

၇။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ငါသည် နိဂဏ္ဌတို့ကို ဤသို့ဆို၏ —“ငါ့သျှင်နိဂဏ္ဌတို့ ထို အရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လ ပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

“တမလွန်ဘဝ၌ အကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း ‘မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

“ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ချမ်းသာကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘ဆင်းရဲကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

“ဆင်းရဲကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘ချမ်းသာကျိုးခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်း ပါဟု (ဆိုကြကုန်၏)။

“ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရင့်ကျက်သည်ဖြစ်၍ ‘မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း ‘မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

“မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ် ခြင်းဖြင့်လည်းကောင်း ‘ရင့်ကျက်သည်ဖြစ်၍ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင် ၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

“ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အကျိုးများစွာခံစားရ မည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘အကျိုးအနည်းငယ်ခံစားရမည့် ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

“အကျိုးအနည်းငယ်ခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း အကျိုးများစွာခံစားရမည့် ကံဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်း ပါဟု (ဆိုကြကုန်၏)။

“ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ‘အကျိုးမခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

“အကျိုးမခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း အားထုတ်ခြင်းဖြင့်လည်းကောင်း အကျိုး ခံစားရမည့်ကံ ဖြစ်ပါစေ’ဟု ပြုပြင်၍ ရကောင်းအံ့လော”ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြ ကုန်၏)။

၈။ ငါ့သျှင်နိဂဏ္ဌတို့ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရ ကောင်း။ တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။ ချမ်းသာ ကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း့”ဆင်းရဲကျိုးခံစားရ မည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။ ဆင်းရဲကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “ချမ်းသာကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။ ရင့်ကျက်သည်ဖြစ်၍ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ် ခြင်းဖြင့်လည်းကောင်း “မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရ ကောင်း။ မရင့်ကျက်သေးသည်ဖြစ်၍ နောင်မှအကျိုး ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း အားထုတ်ခြင်းဖြင့်လည်းကောင်း “ရင့်ကျက်သည်ဖြစ်၍ မျက်မှောက် ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ”ဟု ပြုပြင်၍ မရကောင်း။ အကျိုးများစွာ ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “အကျိုးအနည်းငယ် ခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။ အကျိုးအနည်းငယ် ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “အကျိုးများစွာ ခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။ အကျိုးခံစားရမည့်ကံကို လုံ့လ ပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း “အကျိုးမခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။ အကျိုးမခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း “အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ”ဟု ပြုပြင်၍ မရကောင်း။ ဤသို့ မရကောင်းသည်ရှိသော် အသျှင်နိဂဏ္ဌတို့၏ လုံ့လပြုခြင်းသည် အကျိုး မရှိ။ အားထုတ်ခြင်းသည် အကျိုးမရှိ။ ရဟန်းတို့ နိဂဏ္ဌ တို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိကုန်သော နိဂဏ္ဌတို့၏ အကြောင်းနှင့်တကွ ဖြစ်သော ဆယ်ပါးကုန်သော အယူဝါဒနှင့် အတုလိုက်သော အယူဝါဒတို့သည် အကဲ့ရဲ့ခံရခြင်းသို့ ရောက် ကုန်၏။

၉။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်သည် ဖြစ်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်မာဆိုးဝါးသော အစိုးရ သောသူက ဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲ ကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်ညံ့သော မြဲခြင်းသဘော ရှိသူတို့ ဖြစ် ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်ညံ့သော အမျိုးဇာတ်ထူးရှိသူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် မျက်မှောက်ဘဝ၌ လုံ့လ ပြုခြင်းရှိသူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ထိုက်သူတို့ ဖြစ်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို မခံစား ရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ နိဂဏ္ဌတို့ သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘော ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့။ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် အမျိုး ဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့။ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချ ထိုက်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ နိဂဏ္ဌတို့ သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။

ရဟန်းတို့ နိဂဏ္ဌတို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိကုန်သော နိဂဏ္ဌတို့၏ အကြောင်းနှင့်တကွဖြစ်သော ဆယ်ပါးကုန်သော ဤအယူဝါဒနှင့် အတုလိုက်သော အယူဝါဒတို့သည် အကဲ့ရဲ့ခံရခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် လုံ့လပြုခြင်းသည် အကျိုးမရှိ၊ အားထုတ်ခြင်းသည် အကျိုးမရှိ။

၁ဝ။ ရဟန်းတို့ အဘယ်သို့လျှင် အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်း ဖြစ်ပါသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆင်းရဲအနှိပ်စက်မခံရသော အတ္တဘောကို ဆင်းရဲမနှိပ်စက်စေ၊ တရားနှင့်လျော်သော ချမ်းသာကိုလည်း မစွန့်၊ ထိုချမ်းသာ၌လည်း မမက်မော။ ထိုရဟန်းသည် “လွန်ကဲသော ဝီရိယကို အားထုတ်သော ငါ့အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်း ကြောင့် ဤဒုက္ခ၏အကြောင်း တဏှာ၏ ကင်းခြင်း ဖြစ်၏ (ဟူ၍သော်လည်းကောင်း) လျစ်လျူရှုသော ငါ့အား လျစ်လျူမှုကို ပွားများခြင်းကြောင့် ဤဒုက္ခ၏အကြောင်း တဏှာ၏ ကင်းခြင်းသည် ဖြစ်၏” ဟူ၍သော်လည်းကောင်း သိငြားအံ့၊ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် အကြင်ဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏၊ ထိုဒုက္ခ၏ အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လွန်ကဲသော ဝီရိယကို အားထုတ်၏။ လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် အကြင်ဒုက္ခ၏ အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ထိုဒုက္ခ၏ အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လျစ်လျူရှုမှုကိုပွါး၏။ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်အား ထိုဆင်းရဲသည် ကျေပျက်၏။ လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်အား ထို ဆင်းရဲသည် ကျေပျက်၏။

၁၁။ ရဟန်းတို့ ဥပမာအားဖြင့် ယောကျာ်းသည် မိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ထိုယောကျာ်းသည် ထိုမိန်းမကို တစ်ခြားယောကျာ်းနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မော နေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုမိန်းမကို တစ်ခြားယောကျာ်းနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြော နေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ထို ယောကျာ်းအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးတော်မူ၏)။ ဖြစ်ကုန်ရာပါသည် အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ — အသျှင်ဘုရား ဤယောကျာ်းသည် ဤမိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ထို့ကြောင့် ထိုမိန်းမကို တခြားယောကျာ်းနှင့် အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်း ကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထို့နောက် ထိုယောကျာ်းအား ဤသို့ အကြံဖြစ်၏ “ငါသည် ဤမိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ဤ မိန်းမကို တခြားယောကျာ်းနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြော နေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကို လည်းကောင်း မြင်ရ၍ ငါ့အား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်၏။ ငါသည် ဤမိန်းမ၌ လိုချင် တပ်မက်မှုကို ပယ်ရမူ ကောင်းလေစွ”ဟု (အကြံဖြစ်၏)။ ထိုယောကျာ်းသည် ဤမိန်းမ၌ လိုချင်တပ်မက် မှုကို ပယ်ရာ၏။ ထိုယောကျာ်းသည် နောက်အခါ၌ ထိုမိန်းမကို တခြားယောကျာ်းနှင့်အတူ ရပ်နေသည် ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤမိန်းမကို တခြားယောကျာ်းနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံး နေသည်ကိုလည်းကောင်း မြင်ရ၍ ထိုယောကျာ်းအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်း ရဲခြင်း ပြင်းစွာ ပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ကုန်ရာပါ။ အဘယ့်ကြောင့်နည်းဟူမူ — အသျှင်ဘုရား ဤယောကျာ်းသည် ဤမိန်းမ၌ တပ်မက်မှုကင်း၏၊ ထို့ကြောင့် ထိုမိန်းမကို တခြားယောကျာ်းနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ် ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပူပန်ခြင်းတို့သည် မဖြစ်ကုန်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဆင်းရဲအနှိပ်စက်မခံရသော အတ္တဘောကို ဆင်းရဲ မနှိပ်စက်စေ၊ တရားနှင့်လျော်သော ချမ်းသာကိုလည်း မစွန့်၊ ထိုချမ်းသာ၌လည်း မမက်မော။ ထို ရဟန်းသည် “လွန်ကဲသော ဝီရိယကို အားထုတ်သော ငါ့အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ဤဒုက္ခ၏ အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏ဟူ၍ သော်လည်းကောင်း လျစ်လျူရှုသောငါ့အား လျစ်လျူရှုမှုကို ပွါးများခြင်းကြောင့် ဤဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏” ဟူ၍ သော်လည်းကောင်း သိငြားအံ့၊ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် အကြင်ဒုက္ခ၏ အကြောင်း တဏှာ၏ကင်းခြင်းသည် ဖြစ်၏၊ ထိုဒုက္ခ၏ အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လွန်ကဲသော ဝီရိယကို အားထုတ်၏။ လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် အကြင်ဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ထိုဒုက္ခ၏့အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လျစ်လျူရှုမှုကို ပွါး၏။ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ် အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်အား ဆင်းရဲဒုက္ခသည် ကျေပျက်၏။ လျစ်လျူ ရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူ ရှုမှုကို ပွါးခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်အား ဆင်းရဲဒုက္ခသည် ကျေပျက်၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၂။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဤသို့ ဆင်ခြင်၏ “ချမ်းသာသလိုနေသော ငါ့အား အကုသိုလ်တရားတို့သည် တိုးပွားကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ငါ့အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ် တရားတို့သည် တိုးပွါးကုန်၏။ ငါသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်ရမူကောင်းလေစွ”ဟု (ဆင်ခြင်၏)။ ထိုရဟန်းသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်၏၊ အတ္တဘောကို ဆင်းရဲ စေခြင်းငှါ အားထုတ်သော ရဟန်းအား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ သည် တိုးပွါးကုန်၏၊ ထိုရဟန်းသည် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။ အဘယ့်ကြောင့်နည်းဟူမူ — ရဟန်းတို့ ထိုရဟန်းသည် အကြင်အကုသိုလ်ဆုတ်ယုတ်ခြင်း ကုသိုလ်တိုးပွါး ခြင်းအကျိုးငှါ အတ္တဘောကို ဆင်းရဲအောင် အားထုတ်၏၊ ထိုရဟန်းအား ထိုအကျိုးသည် ပြီးစီးပြီ။ ထို့ ကြောင့် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။

ရဟန်းတို့ ဥပမာအားဖြင့် လေးသမားသည် မြားကို မီးစနှစ်ခုတို့၌ အပြန်အလှန်ကင်၏၊ ထက် ဝန်းကျင် ကင်၏၊ ဖြောင့်အောင်ပြု၏၊ ပစ်ခတ်မှု၌ လျော်အောင်ပြု၏။ ရဟန်းတို့ အကြင်ကြောင့် လေးသမားသည် မြားကို မီးစနှစ်ခုတို့၌ အပြန်အလှန် ကင်ပြီးနောက် ထက်ဝန်းကျင် ကင်ပြီးနောက် ဖြောင့်အောင်ပြုပြီးနောက် ပစ်ခတ်မှု၌ လျော်အောင် ပြုပြီးနောက် ထိုလေးသမားသည် ထိုမြားကို ထိုမီးစနှစ်ခု တို့၌ အပြန်အလှန် မကင်၊ ထက်ဝန်းကျင် မကင်၊ ဖြောင့်အောင် မပြု၊ ပစ်ခတ်မှု၌ လျော်အောင် မပြု တော့ပေ။ အဘယ့်ကြောင့်နည်းဟူမူ — ရဟန်းတို့ ထိုလေးသမားသည် အကြင်အကျိုးငှါ မြားကို မီးစနှစ်ခု တို့၌ အပြန်အလှန် ကင်၏၊ ထက်ဝန်းကျင် ကင်၏၊ ဖြောင့်အောင် ပြု၏၊ ပစ်ခတ်မှု၌ လျော်အောင် ပြု၏၊ ထိုလေးသမားအား ထိုအကျိုးသည် ပြီးစီးပြီ။ ထို့ကြောင့် နောင်အခါ၌ လေးသမားသည် မြားကို ဖြောင့်လို့ရအောင် မီးစနှစ်ခုတို့၌ အပြန်အလှန် မကင်၊ ထက်ဝန်းကျင် မကင်၊ ဖြောင့်အောင် မပြု၊ ပစ်ခတ်မှု၌ လျော်အောင် မပြုတော့ပေ။

ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဤသို့ ဆင်ခြင်၏ “ချမ်းသာသလိုနေသော ငါ့အား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ငါ့အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ သည် တိုးပွါးကုန်၏။ ငါသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်ရမူ ကောင်းလေစွ”ဟု (ဤသို့ ဆင်ခြင်၏)။ ထိုရဟန်းသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်၏၊ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ထိုရဟန်းအား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ ထိုရဟန်းသည် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။ အဘယ်ကြောင့်နည်းဟူမူ— ရဟန်းတို့ ထိုရဟန်းသည် အကြင်အကုသိုလ်ဆုတ်ယုတ်ခြင်း ကုသိုလ်တိုးပွါး ခြင်းအကျိုးငှါ အတ္တဘောကို ဆင်းရဲအောင် အားထုတ်၏၊ ထိုရဟန်းအား ထိုအကျိုးသည် ပြီးစီးပြီ။ ထို့ကြောင့် နောင်အခါ၌ အတ္တဘောကို ဆင်းရဲအောင် အားမထုတ်တော့ချေ။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၃။ ရဟန်းတို့ နောက်တစ်ဖန်လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကသုံးပါးကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ ကို) သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည် နတ်နှင့် တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤသြကာသ လောကကိုလည်းကောင်း သမဏဗြာဟ္မဏတို့နှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါ အပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။

ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ် သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သား သည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏။ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ထိုယုံကြည်မှုကိုရခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရှင်ရဟန်းအဖြစ်သည် လွင်ပြင်နှင့်တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ်ပြည့်စုံစွာ စင်စစ်စင်ကြယ်စွာ ခရုသင်း ပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု (ဆင်ခြင်၏)။ ထိုသူသည် နောင်အခါ၌ နည်းသောဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ များသောဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ နည်းသော ဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း များသောဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်၏။

၁၄။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ အဓိသီလသိက္ခာ ပညတ်တော်မူအပ်သော သိက္ခာပုဒ်နှင့်ပြည့်စုံလျက် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထား ပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက်နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သောကိုယ်ဖြင့် နေ၏။ မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူ တို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြော ခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်သော စကား ရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတတ်သူမဟုတ် ကုန်းစကားကို ပယ်စွန့်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ထိုသူတို့နှင့် ဤသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံမှ နားထောင်၍ ထိုသူတို့ ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍့် ဤသူတို့နှင့် ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြော တတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ် ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းပြုတတ်သော စကားကိုသာ ဆိုလေ့ရှိ၏၊ ကြမ်းတမ်းသော စကားကိုပယ်၍ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်ဝင်၏၊ ယဉ်ကျေး၏၊ လူအများနှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာဆို၏၊ ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်၏၊ သင့်သောအခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ သင့်သောအခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွါးနှင့် စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏၊။

ထိုရဟန်းသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေ့လွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်း သီခြင်း တီးမှုတ် ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏။ ပန်းပန်ခြင်း နံ့သာ ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏။ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏။ ရွှေငွေကိုခံယူခြင်းမှ ရှောင်ကြဉ်၏။ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ သားစိမ်းငါးစိမ်းကို ခံယူခြင်း မှ ရှောင်ကြဉ်၏။ မိန်းမပျို မိန်းမအိုတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကျွန်မိန်းမ ကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကြက်ဝက်ကို ခံယူခြင်းမှ ရှောင် ကြဉ်၏။ ဆင် နွား မြင်း မြည်းတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ လယ်နှင့်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ တမန်အမှု အစေအပါး အမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်၏။ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာစဉ်းလဲခြင်းမှ ရှောင်ကြဉ်၏။ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်၏။ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း ရွာနိဂုံးတို့ကို သောင်းကျန်းဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။

ထိုရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကိုမျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့် ရဲ၏။ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီး ဖြစ်၍သာလျှင် သွား၏။ ဥပမာအားဖြင့် အတောင်ရှိသောငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိ သည်ဖြစ်၍ ပျံ၏။ ဤအတူ ရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကိုမျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာမျှသာရှိသဖြင့်) တပါတည်းယူပြီးဖြစ်၍သာလျှင် သွား၏။ ထိုရဟန်းသည် မြတ်သော ဤသီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိအတွင်းသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစား၏။

၁၅။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမ ယောကျာ်းစသော) ပုံသဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေ ကို မစောင့်စည်းခြင်းဟူ သော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏။ (ထို့ကြောင့် ရဟန်း သည်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့် စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နံသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ပ။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ကို သိသော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေ ဟူသော) အကြောင်းကြောင့် မက်မောခြင်း’အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည့်ထိုမစောင့်စည်းသူကို အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ တိုရဟန်းသည် ဤမြတ်သော ဣန္ဒြိယသံဝရ သီလနှင့် ပြည့်စုံသည် ဖြစ်၍ မိမိအတွင်းသန္တာန်၌ (ကိလေသာနှင့်) မရောသော ချမ်းသာကို ခံစား၏။

ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ စကားပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။

၁၆။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ရောင့်ရဲ ခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ဣန္ဒြိယသံဝရသီလနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ် သော အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။

ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက်၌ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့် မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါး ဟူသော) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကိုပယ်၍ မပျက်စီး စေလိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီး စေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ ငြိ်မ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ကို ပယ်၍ ယုံမှားခြင်း’ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။

ထိုရဟန်းသည် စိတ်၏ ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော ဤငါးပါးသော နီဝရဏတရားတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’နှင့်တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ် သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန် သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံးလပြုခြင်း, အကျိုးရှိသော အားထုတ် ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ မရှိ သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူ့ကို “လျစ်လျူရှု သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ’ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ (ရဟန်းသည်) ထိုတတိယဈာန်သို့ ရောက်၍နေ၏၊ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် ချမ်းသာကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ (စတုတ္ထဈာန်မရမီ) ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လ ပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၇။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ‘ပုဗ္ဗေနိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကာင်း၊ ဘဝနှစ် ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်း ကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်း ကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်း ကောင်း “ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤ သို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သောဘဝ၌ (တစ်ဖန်) ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့ သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုနောက်ဆုံးဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ရပြန်၏”ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်းပြ ဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျောက်၍ အောက်မေ့ နိုင်၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၈။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ် ခြင်းသို့ ရောက်လတ်သော် ထို(ရဟန်း)သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု့’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်း သောလားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ် ပေါ်သော သတ္တဝါတို့ကို သိ၏။

“အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့်’ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့်’မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာသူတော်ကောင်းတို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသောအယူ ရှိကုန်၏၊ မှားသောအယူဖြင့် ပြုသော ကံရှိကုန်၏၊ တိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ကာယသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာသူတော်ကောင်းတို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သောအယူကို ယူကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏”ဟု ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော’ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်း မလှသောသတ္တဝါ ကောင်းသောလားရာရှိ သောသတ္တဝါ မကောင်းသောလားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လ ပြုခြင်း အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၉။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။

ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသည်တို့ကား အာသဝေါတရားတို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတို့ချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။

ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးသော် “လွတ် မြောက်ပြီ”ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ “တစ်ဖန် ပဋိသန္ဓေနေမှုကုန်ပြီ၊ မဂ်တည်းဟူသော မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိ တော့ပြီ”ဟု သိ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်း သည် ဖြစ်၏။ ရဟန်းတို့ မြတ်စွာဘုရားတို့သည် ဤသို့အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိ ကုန်သော မြတ်စွာဘုရားတို့အား အကြောင်းနှင့်တကွ ဖြစ်၍ ဆယ်ပါးသော ချီးမွမ်းဖွယ်အကြောင်းတို့သည် ရောက်လာကုန်၏။

၂ဝ။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာခံစားမှုတို့ ကို ခံစားရသောကြောင့် မချွတ်ဧကန် ရှေးဘဝက ကောင်းမှုကံပြုခဲ့သူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့်ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော အစိုးရ သူက ဖန်ဆင်းထားသူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာ ခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော မြဲခြင်းသဘောရှိသူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါ ကင်းသော ချမ်းသာခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော အမျိုးဇာတ်ထူးရှိသူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော မျက်မှောက်ဘဝ ၌ လုံ့လပြုခြင်း ရှိသူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးဘဝကပြုခဲ့သော ကောင်းမှုဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ အကယ်၍ သတ္တဝါတို့သည် ရှေး ဘဝကပြုခဲ့သော ကောင်းမှုဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရား သည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရ ကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမြဲဖြစ်ခြင်း သဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ သတ္တဝါတို့သည် အကယ်၍ အမြဲဖြစ်ခြင်းသဘော ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ထူးသော အမျိုးဇာတ်ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်း ထိုက်၏။ သတ္တဝါတို့သည် အကယ်၍ ထူးသော အမျိုးဇာတ်ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲ ကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ သတ္တဝါတို့သည် အကယ်၍ မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ မြတ်စွာဘုရားတို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့အယူရှိကုန်သော မြတ်စွာဘုရားတို့အား အကြောင်းနှင့်တကွ ဖြစ်သော ဤဆယ်ပါးသော ချီးမွမ်းဖွယ်အကြောင်းတို့သည် ရောက်လာကုန်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။

ရှေးဦးစွာသော ဒေဝဒဟသုတ် ပြီး၏။