မဇ္ဈိမနိကာယ်

၃—ကိန္တိသုတ်

၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပိသိနာရမည်သောအရပ် ဗလိနတ်စာတင်သရာ တောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏။ “ရဟန်းတို့ သင်တို့သည် ငါ၌ အဘယ်သို့ ထင်မှတ်သနည်း၊ ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော၊ ရဟန်းဂေါတမသည် ဆွမ်းကို လိုချင်ခြင်း ဟူသော အကြောင်းကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော၊ ရဟန်းဂေါတမသည် ကျောင်း အိပ်ရာ နေရာကို လိုချင်ခြင်းဟူသော အကြောင်း ကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော၊ ရဟန်း ဂေါတမသည် ဤသို့ ပြုသဖြင့် ထိုထိုဘဝတို့၌ ချမ်းသာကို ခံစားရလိမ့်မည်ဟူသော အကြောင်းကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော”ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

အသျှင်ဘုရား “ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ဆွမ်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ကျောင်း အိပ်ရာ နေရာကို လိုချင်ခြင်းဟူသောအကြောင်း ကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ဤသို့ ပြုသဖြင့် ထိုထိုဘဝတို့၌ ချမ်းသာကို ခံစားရလိမ့်မည်ဟူသော အကြောင်း ကြောင့်လည်း တရားဟော၏”ဟု အကျွန်ုပ်တို့သည် မြတ်စွာဘုရား၌ မထင်မှတ်ပါဟု (လျှောက်ကြ ကုန်၏)။

ရဟန်းတို့ “ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရား ဟော၏။ပ။ ဤသို့ ပြုသဖြင့် ထိုထိုဘဝတို့၌ ချမ်းသာကို ခံစားရလိမ့်မည်ဟူသော အကြောင်းကြောင့်လည်း တရားဟော၏”ဟု သင်တို့ မထင်မှတ်ခဲ့လျှင် သင်တို့သည် ငါ၌ အဘယ်သို့ ထင်မှတ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား “မြတ်စွာဘုရားသည် သတ္တဝါတို့ကို အစဉ်စောင့်ရှောက်တော်မူသည်ဖြစ်၍ သတ္တဝါတို့၏ အစီးအပွါးကို ရှာမှီးတော်မူလျက် အစဉ်သနားခြင်းကို အကြောင်းပြု၍ တရားဟော တော်မူ၏”ဟုသာ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၌ ထင်မှတ်ပါ၏ဟု(လျှောက်ကြ ကုန်၏)။ ရဟန်းတို့ “မြတ်စွာဘုရား သည် သတ္တဝါတို့ကို အစဉ် စောင့်ရှောက်တော် မူသည် ဖြစ်၍ သတ္တဝါတို့၏ အစီးအပွါးကို ရှာမှီးတော်မူ လျက် အစဉ်သနားခြင်းကို အကြောင်းပြု၍ တရားဟောတော် မူ၏”ဟုသာလျှင် ငါ၌ သင်တို့ ထင်မှတ်ခဲ့၏။

၃၅။ ရဟန်းတို့ ထို့ကြောင့် ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောကြားထားသော သတိပဋ္ဌာန် လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတို့၌ သင်တို့အားလုံးသည် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်း မရှိကုန်ဘဲ အညီအညွတ် ကျင့်ရ မည်။ ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်း မရှိကုန်ဘဲ ကျင့်ကုန်သော သင်တို့တွင် ရဟန်းနှစ်ပါးတို့သည် အလွန်ထူးသော တရား၌ အထူးထူးသောဝါဒ ရှိကုန်ရာ၏။

ထိုတရားတို့၌ “ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအားဖြင့်လည်း ထူး၏”ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ် အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအား ဖြင့်လည်း ထူး၏၊ အသျှင်တို့သည် ထိုအနက်အဓိပ္ပါယ်အားဖြင့်လည်း ထူးပုံ, သဒ္ဒါအားဖြင့်လည်း ထူးပုံကို ဤအကြောင်းဖြင့် ဤသို့ သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဆိုရာ၏။

ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်း ကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအားဖြင့်လည်း ထူး၏၊ အသျှင်တို့ သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူးပုံ, သဒ္ဒါအားဖြင့်လည်း ထူးပုံကို ဤအကြောင်းဖြင့် သိကြကုန် လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဆိုရာ၏။ ဤသို့မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေရမည်။ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထား သည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။

၃၆။ ထိုတရားတို့၌ “ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏”ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ် သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ် အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏၊ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်သာ ထူးပုံ, သဒ္ဒါအားဖြင့်ကား တူညီပုံကို ဤအကြောင်း ဖြင့်လည်း သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဤသို့ ဆိုရာ၏။

ထို့နောက် ဝါဒတူသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏၊ အသျှင်တို့သည် အနက် အဓိပ္ပါယ်အားဖြင့်သာ ထူးပုံ, သဒ္ဒါအားဖြင့်ကား တူညီပုံကို ဤအကြောင်း ဖြင့်လည်း သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဆိုရာ၏။ ဤသို့ မကောင်းသဖြင့် ယူထားသည် ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေရမည်၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။

၃၇။ ထိုတရားတို့၌ “ဤအသျှင်တို့အား အနက်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏”ဟု သင်တို့အား ဤသို့ အကြံအစည်ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်း သို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏၊ အသျှင်တို့ သည် အနက်အဓိပ္ပါယ်အားဖြင့် တူညီပုံ, သဒ္ဒါအားဖြင့်ကား ထူးပုံကို ဤအကြောင်းဖြင့် သိကြကုန်လော့။ သဒ္ဒါဟူသည် မပြောပလောက်ချေ၊ အသျှင်တို့သည် မပြောပလောက်သော သဒ္ဒါ၌ ငြင်းခုံခြင်းသို့ မရောက် ကြကုန်လင့်”ဟု ဆိုရာ၏။

ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်း ကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏။ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့် တူပုံ, သဒ္ဒါအားဖြင့်ကား ထူးပုံကို ဤအကြောင်းဖြင့် သိကြကုန်လော့။ သဒ္ဒါဟူ သည် မပြောပလောက်ချေ၊ အသျှင်တို့သည် မပြောပလောက်သော သဒ္ဒါ၌ ငြင်းခုံခြင်းသို့ မရောက်ကြကုန် လင့်”ဟု ဆိုရာ၏။ ဤသို့ ကောင်းစွာ ယူထားသည်ကို ကောင်းစွာယူထား၏၊ မကောင်းသဖြင့် ယူထား သည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သား စေရမည်။ ကောင်းစွာယူထားသည်ကို ကောင်းစွာယူထား၏၊ မကောင်းသဖြင့် ယူထား သည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန် ကို ပြောဟောရမည်။

၃၈။ ထိုတရားတို့၌ “ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအားဖြင့်လည်း တူညီ၏”ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင် မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ် အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအား ဖြင့်လည်း တူညီ၏၊ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီပုံ, သဒ္ဒါအားဖြင့်လည်း တူညီပုံ ကို ဤအကြောင်းဖြင့် သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဆိုရာ၏။

ထို့နောက် ဝါဒတူသော အခြားသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအားဖြင့်လည်း တူညီ၏။ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီပုံ, သဒ္ဒါအားဖြင့်လည်း တူညီပုံကို ဤအကြောင်းဖြင့် သိကြကုန်လော့။ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်”ဟု ဆိုရာ၏။ ဤသို့ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေရမည်။ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။

၃၉။ ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ကျင့်ကုန်သော သင်တို့တွင် တစ်ယောက်သော ရဟန်းအား အာပတ်သင့်ရာ၏၊ လွန်ကျူးခြင်း ဖြစ်ရာ၏။ ရဟန်းတို့ ထိုအာပတ်သင့်ရာ ၌ အပြစ်တင်ခြင်းငှါ အလျင်မလိုအပ် “ဤသို့ ပြုသည်ရှိသော် ငါ့အားလည်း ကိုယ်စိတ်မပင်ပန်း လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်အားလည်း စိတ်မဆင်းရဲလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်မထွက် ရန်ငြိုးဖွဲ့ လေ့မရှိ၊ စွဲမြဲသော အယူမရှိ၊ အယူကို စွန့်လွယ်၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ် ၌ တည်စေခြင်းငှါ စွမ်းနိုင်၏”ဟု ပုဂ္ဂိုလ်ကို ဆင်ခြင်ရမည်။ ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။

ရဟန်းတို့ “ငါ့မှာကား ကိုယ်စိတ်မပင်ပန်းလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်မှာကား စိတ်ဆင်းရဲ လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသော အယူမရှိ၊ အယူကို စွန့်လွယ်၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ တစ်ပါးသော ပုဂ္ဂိုလ်မှာ ဖြစ်လတ္တံ့သော စိတ်ဆင်းရဲခြင်းသည် မပြောပလောက်။ စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏”ဟု ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။

ရဟန်းတို့ “ငါ့မှာကား ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်မှာကား စိတ်မဆင်းရဲ လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်မထွက်၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ စွဲမြဲသော အယူရှိ၏၊ အယူဝါဒကို စွန့်နိုင် ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ငါအား ဖြစ်လတ္တံ့သော ကိုယ်စိတ်ပင်ပန်းခြင်းသည် မပြောပလောက်။ စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ့ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏”ဟု ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။

ရဟန်းတို့ “ငါ့မှာလည်း ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်မှာလည်း စိတ်ဆင်းရဲလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသောအယူရှိ၏၊ အယူကိုစွန့်နိုင်ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ငါ့မှာ ဖြစ်လတ္တံ့သော ကိုယ်စိတ်ပင်ပန်းခြင်းသည်လည်းကောင်း၊ တစ်ပါးသောပုဂ္ဂိုလ်မှာ ဖြစ်လတ္တံ့သော စိတ်ဆင်းရဲခြင်းသည်လည်းကောင်း မပြောပလောက်။ စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည် စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏”ဟု ရဟန်းတို့ ဤသို့ ဖြစ်ငြားအံ့၊ အပြစ် ပြောခြင်းငှါ သင့်၏။

ရဟန်းတို့ “ငါ့မှာလည်း ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်မှာလည်း စိတ်ဆင်းရဲလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသောအယူရှိ၏၊ အယူကိုစွန့်နိုင်ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ မစွမ်းနိုင်”ဟု အကယ်၍ ဖြစ်ငြားအံ့၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်မျိုး၌ လျစ်လျူရှုအပ်၏။

၄ဝ။ ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ကျင့်ကုန်သော ထိုသင်တို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ် သက်ခြင်း, စိတ်မကျေချမ်းခြင်း သည် ဖြစ်ရာ၏။ ထိုငြင်းခုံရာ၌ ဝါဒတူသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “ငါ့သျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိသော် ကဲ့ရဲ့တော်မူရာသလော”ဟု ဤသို့ မေးမြန်း ပြောဆိုရာ၏။

ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင် ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိ သော် ကဲ့ရဲ့တော်မူရာ၏”ဟု ဤသို့ ဖြေကြားရာ၏။

ငါ့သျှင်တို့ ထိုငြင်းခုံခြင်းသဘောကို မပယ်မစွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရာသလောဟု ဤသို့ မေးမြန်းရာ၏။ ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ ထိုငြင်းခုံခြင်းသဘောကို မပယ်စွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်”ဟု ဤသို့ ဖြေကြားရာ၏။ ထို့နောက် ဝါဒတူသော တခြား ရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ “ငါ့သျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူ ပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိသော် ကဲ့ရဲ့တော်မူရာ သလော”ဟု ဤသို့ မေးမြန်းပြောဆိုရာ၏။

ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင် ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရားသိတော်မူသည်ရှိ သော် ကဲ့ရဲ့တော်မူရာ၏”ဟု ဤသို့ ဖြေကြားရာ၏။ ငါ့သျှင်တို့ ထိုငြင်းခုံခြင်းသဘောကို မပယ်မစွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရာသလောဟု ဤသို့ မေးမြန်းရာ၏။ ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ ထိုငြင်းခုံခြင်း သဘောကို မပယ်မစွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ရာ”ဟု ဤသို့ ဖြေကြားရာ၏။

ရဟန်းတို့ အကယ်၍ ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့သည် “အသျှင်သည် ထိုရဟန်းတို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိသလော”ဟု ဤသို့ မေးကုန်ငြားအံ့။ ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် “ငါ့သျှင်တို့ ဤသာသနာတော်၌ ငါသည် မြတ်စွာဘုရား ရှိတော်မူရာ အရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားသည် ငါ့အား သာရဏိယတရားကို ဟောတော်မူ၏၊ ငါသည် ထိုတရားတော်ကို ကြားနာရ၍ ထိုရဟန်းတို့အား ဟောပြော၏၊ ထိုရဟန်းတို့သည် ထိုတရားတော်ကို ကြားနာရ၍ အကုသိုလ်မှ ထကုန်၏၊ ကုသိုလ်၌ တည်ကုန်၏”ဟု ဤသို့ ဖြေကြားရာ၏။

ရဟန်းတို့ ဤသို့ ဖြေကြားသော ရဟန်းသည် မိမိကို မမြှောက်ပင့်၊ သူတစ်ပါးကို မရှုတ်ချ၊ တရားအားလျော်သော အကျင့်ကို ဖြေကြား၏၊ ထိုရဟန်း၏ ဝါဒနှင့် အတုလိုက်သော ဝါဒသည် အကြောင်း ခိုင်လုံသည် ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ မရောက်ဟု (မိန့်တော်မူ၏)။ ဤသို့ မြတ်စွာဘုရားသည် ဤ ဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။

သုံးခုမြောက် ကိနိ ္တသုတ် ပြီး၏။