မဇ္ဈိမနိကာယ်

၄—သာမဂါမသုတ်

၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း သာမမည်သော ရွာ၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေလွန်ပြီးစဖြစ်၏။ ထိုနာဋ၏သား နိဂဏ္ဌသေလွန်ခြင်း ကြောင့် နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်ဖို့ဖြစ်၍ ငြင်းခုံ ခိုက်ရန်ဖြစ်ကုန်၏၊ ဆန့်ကျင်ဘက်စကားဆိုခြင်းသို့ ရောက်ကုန်၍ အချင်းချင်း နှုတ်လှံထိုးလျက် နေကုန်၏—“သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏။ သင်သည် ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည် မှားသော အကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏။ ငါ့စကားသည် အကျိုးစီးပွါးနှင့် စပ်၏၊ သင့်စကားသည် အကျိုးစီးပွါးနှင့် မစပ်။ သင်သည် ရှေးဦးဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏။ သင်၏ ကြာမြင့်စွာ လေ့လာ ထားသော စကားသည် (သင့်ဆီသို့) ပြန်လည်၍ တည်လေပြီ၊ သင့်အယူ၌ အပြစ်ကို ငါတင်ပြပြီ၊ သင်အရေး ရှုံးနိမ့်ပြီ၊ (ငါတင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့။ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့”ဟု နှုတ်လှံထိုးကုန်လျက် နေကုန်၏။

နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော နိဂဏ္ဌတို့၌ အချင်းချင်း သတ်ဖြတ်သေကြေခြင်း တစ်ခု တည်းသာလျှင် ဖြစ်သကဲ့သို့ ထင်ရ၏။ နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော လူဝတ်ကြောင်တို့သည်လည်း နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော နိဂဏ္ဌတို့၌ ငြီးငွေ့ခြင်းသဘောရှိကုန်၏၊ ကြည်ညိုချစ်ခင် ခြင်းကင်းသော သဘောရှိကုန်၏၊ ရိုသေနှိမ့်ချပြုခြင်းမှ ဆုတ်နစ်ခြင်းသဘော ရှိကုန်၏။ မကောင်းသဖြင့် ဟောထားသော မကောင်းသဖြင့် သိစေသော သံသရာမှ ထွက်မြောက်ကြောင်းမဟုတ်သော ကိလေသာငြိမ်း မှုကို မဖြစ်စေတတ်သော ဘုရားမဟုတ် သူများဟောထားသော မှီရာပျက်စီးသွားသော အားကိုးရာမှကင်း သော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင်တည်း။

၄၂။ ထိုအခါ သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည် ပါဝါပြည်၌ ဝါကျွတ်ပြီး၍ သာမမည်သော ရွာ၌ (ဥပဇ္ဈာယ်ဖြစ်သော) အသျှင်အာနန္ဒာရှိရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာကို ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏ “အသျှင် ဘုရားအာနန္ဒာ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေပြီးစဖြစ်ပါ၏။ ထိုနာဋ၏သား နိဂဏ္ဌသေလွန် ခြင်းကြောင့်နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်ဖို့ဖြစ်ကုန်၍။ပ။ မှီရာပျက်စီးသွားသော အားကိုးရာမှကင်းသော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင် ဖြစ်ပါ၏”ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် အသျှင်အာနန္ဒာသည် သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်အား ဤစကားကို ပြောဆို၏ “ငါ့သျှင်စုန္ဒ မြတ်စွာဘုရားကို ဖူးမြော်ရန် ဤစကားလက်ဆောင်သည် ရှိသည် သာတည်း၊ ငါ့သျှင်စုန္ဒ လာလော့၊ သွားကြကုန်အံ့၊ မြတ်စွာဘုရား ရှိရာအရပ်သို့ ချဉ်းကပ်ပြီးလျှင် ထို အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြကုန်အံ့”ဟု (ပြောဆို၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ထား၏။

ထိုအခါ အသျှင်အာနန္ဒာသည်လည်းကောင်း၊ သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည်လည်း ကောင်း မြတ်စွာဘုရား ရှိရာသို့ ချဉ်းကပ်ကြပြီးလျှင် ရိုသေစွာ ရှိခိုးကြ၍ သင့်လျော်ရာ၌ ထိုင်ကြကုန်၏၊ သင့်လျော်ရာ၌ ထိုင်ကာ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “မြတ်စွာဘုရား သမဏုဒ္ဒေသမည်သော ဤစုန္ဒမထေရ်သည် ‘အသျှင်ဘုရားအာနန္ဒာ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေပြီးစဖြစ်ပါ၏၊ ထိုနာဋ၏သား နိဂဏ္ဌ သေလွန်ခြင်းကြောင့် နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်ဖို့ဖြစ်ကုန်၍။ပ။ မှီရာပျက်စီးသွားသော အားကိုးရာမှကင်းသော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင် ဖြစ်ပါ၏’ဟု လျှောက်ပါ၏။

မြတ်စွာဘုရား ထိုအကျွန်ုပ်အား ‘မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခြင်းကြောင့် သံဃာ၌ ငြင်းခုံမှု မဖြစ် ပါစေသတည်း၊ ထိုငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ များစွာသော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါသာ ဖြစ်၏’ဟု အကြံအစည် ဖြစ်ပါ၏”ဟု (လျှောက်၏)။

၄၃။ အာနန္ဒာ ထိုငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ သင်တို့အား ဟောကြားထားသော သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေ ငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတရားတို့၌ အယူကွဲသော ရဟန်းနှစ်ပါးတို့ကိုလည်း သင်မြင်မိသလောဟု (မေးတော်မူ၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောထားသော သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါး တရားတို့၌ အယူကွဲပြားသော ရဟန်းနှစ်ပါးတို့ကို အကျွန်ုပ် မတွေ့မြင်မိပါ။ အသျှင်ဘုရား မြတ်စွာဘုရားကို အမှီပြု၍နေသော ပုဂ္ဂိုလ်တို့သည် ရှိပါကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ၌ အသက်မွေးလိုခြင်းဟူသော အကြောင်းကြောင့် လွန်ကျူးမိသော သိက္ခာပုဒ် ခြောက်ပါး၌သော်လည်းကောင်း၊ ထိုခြောက်ပါးမှ ကြွင်းသော သိက္ခာပုဒ်၌သော်လည်းကောင်း သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေကုန်ငြားအံ့၊ ထိုငြင်းခုံခြင်းသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ များစွာ သော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။

အာနန္ဒာ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် လွန်ကျူးမိသော သိက္ခာပုဒ်ခြောက်ပါး၌သော်လည်းကောင်း၊ ထိုခြောက်ပါးမှ ကြွင်းသော သိက္ခာပုဒ်၌သော်လည်းကောင်း ငြင်းခုံခြင်းသည် မပြောပ လောက် အနည်းငယ်သာ ဖြစ်၏။ အာနန္ဒာ စင်စစ် မဂ်၌သော်လည်းကောင်း၊ အကျင့်၌သော်လည်းကောင်း သံဃာ၌ ငြင်းခုံမှုဖြစ်သော် ဖြစ်ရာ၏၊ ထိုငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ များစွာ သော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ ခြင်းငှါ ဆင်းရဲခြင်းငှါသာ ဖြစ်၏။

၄၄။ အာနန္ဒာ ငြင်းခုံမှု၏ အကြောင်းတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း၊ အာနန္ဒာ ဤသာသနာတော်၌ အကြင်ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏။ ထိုရဟန်း သည် ဘုရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ တရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သိက္ခာသုံးပါး၌လည်း ပြည့်စုံစွာ ကျင့်လေ့မရှိ၊ အာနန္ဒာ ဘုရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, တရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သံဃာ၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သိက္ခာသုံးပါး၌ ပြည့်စုံစွာကျင့်လေ့မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံမှုကို ဖြစ်စေတတ်၏၊ ယင်းငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, များစွာသော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ, များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ, နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, ဆင်းရဲခြင်းငှါ ဖြစ်၏။

အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ ရှုမြင်ရကုန်ငြားအံ့။ အာနန္ဒာ ဤသို့ ရှုမြင်ရကုန်သည် ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းကိုသာလျှင် ပယ်ခြင်းငှါ အားထုတ်ကုန်ရာ၏။ အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံမှု၏ အကြောင်းရင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါး ပရိသတ်၌ အကယ်၍ မရှုမမြင်ရကုန်ငြားအံ့။ အာနန္ဒာ ဤသို့ မရှုမမြင်ရကုန်သည်ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်း၏သာ လျှင် နောင်အခါ မတိုးမပွါးခြင်းငှါ ကျင့်ကုန်ရာ၏၊ ဤသို့ ကျင့်လျှင် ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းကို ပယ်ခြင်းဖြစ်၏၊ ဤသို့ ကျင့်လျှင် ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းသည် နောင်အခါ၌ တိုးပွါးခြင်း မဖြစ်တော့ပေ။

၄၅။ အာနန္ဒာ တစ်ဖန်လည်း ရဟန်းသည် ကျေးဇူးကို ချေဖျက်လေ့ရှိ၏၊ ပြိုင်ဆိုင်လေ့ရှိ၏။ပ။ ငြူစူလေ့ ရှိ၏၊ ဝန်တိုလေ့ရှိ၏။ပ။ ဟန်ဆောင်တတ်၏၊ လှည့်ပတ်တတ်၏။ပ။ ယုတ်ညံ့သော အလိုဆိုး ရှိ၏၊ မှားသောအယူ ရှိ၏။ပ။ မိမိအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်လေ့ရှိ၏၊ စွဲမြဲစွာ ယူလေ့ ရှိ၏၊ အယူကို စွန့်နိုင်ခဲ၏။

အာနန္ဒာ မိမိအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်လေ့ရှိသော စွဲမြဲစွာ ယူလေ့ရှိသော အယူကို စွန့်နိုင်ခဲသော ရဟန်းသည် ဘုရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ တရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သိက္ခာသုံးပါး ၌လည်း ပြည့်စုံစွာ ကျင့်လေ့မရှိ။

အာနန္ဒာ ဘုရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, တရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သိက္ခာသုံးပါး၌ ပြည့်စုံစွာ ကျင့်လေ့မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံမှုကို ဖြစ်စေတတ်၏၊ ယင်း ငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, များစွာသော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ, များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ, နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, ဆင်းရဲခြင်းငှါ ဖြစ်၏။

အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ ရှုမြင်ရကုန်ငြားအံ့။ အာနန္ဒာ ဤသို့ ရှုမြင်ရကုန်သည် ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်းကိုသာလျှင် ပယ်ခြင်းငှါ အားထုတ်ကုန်ရာ၏။ အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ မရှုမမြင်ရကုန်ငြားအံ့။ အာနန္ဒာ ဤသို့ မရှု မမြင်ရကုန်သည်ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်း၏သာလျှင် နောင်အခါ၌ မတိုးပွါးခြင်းငှါ ကျင့်ကုန်ရာ၏။ ဤသို့ကျင့်လျှင် ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်း ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ကျင့်လျှင် ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်းသည် နောင် အခါ၌ တိုးပွါးခြင်း မဖြစ်တော့ပေ။ အာနန္ဒာ ငြင်းခုံမှု၏ အကြောင်းရင်းတို့သည် ဤခြောက်ပါးတို့တည်း။

၄၆။ အာနန္ဒာ အဓိကရုဏ်းတို့သည် ဤလေးပါးတို့တည်း။ အဘယ် လေးပါးတို့နည်းဟူမူ— အာနန္ဒာ ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်းတို့တည်း။ အာနန္ဒာ အဓိကရုဏ်း တို့သည် ဤလေးပါးတို့တည်း။ အာနန္ဒာ အဓိကရုဏ်းငြိမ်းမှုတို့သည် ဤခုနစ်ပါးတို့တည်း။ ဖြစ်ကုန် ဖြစ်ကုန်သော အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှါ သမ္မုခါဝိနည်းကို ပေးရမည်၊ သတိဝိနည်းကို ပေးရမည်၊ အမူဠှဝိနည်းကို ပေးရမည်၊ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရမည်၊ (ရဟန်းများရာသို့ လိုက်၍ ဆုံးဖြတ်ရသော) ယေဘုယျသိကဝိနည်းကို ပြုရမည်၊ (ယုတ်မာသော ရဟန်းအား ပြုသော) တဿပါပိယသိက ဝိနည်းကို ပြုရမည်၊ (မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ ဖုံးရသော) တိဏဝတ္ထာရကဝိနည်းကို ပြုရမည်။

၄၇။ အာနန္ဒာ သမ္မုခါဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဓမ္မဟုတ်၏ဟူ၍လည်းကောင်း၊ ဓမ္မမဟုတ်ဟူ၍လည်းကောင်း၊ ဝိနည်းဟုတ်၏ဟူ၍လည်း ကောင်း၊ ဝိနည်းမဟုတ်ဟူ၍လည်းကောင်း ငြင်းခုံကုန်၏။ အာနန္ဒာ ထိုရဟန်းအားလုံးသည် ညီညီ ညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှင် တရားဥပဒေစည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ရမည်၊ တရားဥပဒေစည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပြီးလျှင် အကြင်အခြင်းအရာအားဖြင့် ငြိမ်းစေသည် ရှိသော် ထိုတရားဥပဒေစည်းမျဉ်းနှင့် ညီ၏၊ ထိုအခြင်းအရာအားဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းစေရမည်။ အာနန္ဒာ ဤသို့လျှင် သမ္မုခါဝိနည်းသည် ဖြစ်၏။ ဤသို့လျှင် ဤသာသနာတော်၌ သမ္မုခါဝိနည်းဖြင့် အချို့ကုန်သော ဝိဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၄၈။ အာနန္ဒာ ယေဘုယျသိကဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ထိုငြင်းခုံသော ရဟန်းတို့သည် ထိုအဓိကရုဏ်းကို ထိုကျောင်းတိုက်၌ ငြိမ်းစေခြင်းငှါ အကယ်၍ မစွမ်းနိုင်ကုန်အံ့၊ အာနန္ဒာ ထိုရဟန်းတို့သည် ရဟန်းများရာ ကျောင်းတိုက်သို့ သွားရမည်၊ ထိုရဟန်းများရာ ကျောင်းတိုက်၌ ရဟန်းအားလုံးတို့သည် ညီညီညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှင် တရားဥပဒေစည်းမျဉ်းကို စူးစမ်းဆင်ခြင်ရမည်၊ ထိုတရား ဥပဒေစည်းမျဉ်းကို စူးစမ်းဆင်ခြင်ပြီးလျှင် အကြင်သို့သော အခြင်းအရာ အားဖြင့် ငြိမ်းစေသည်ရှိသော် ထိုတရား ဥပဒေစည်းမျဉ်းနှင့် ညီ၏၊ ထိုအခြင်းအရာအားဖြင့် ထို အဓိကရုဏ်းကို ငြိမ်းစေရမည်။ အာနန္ဒာ ဤသို့လျှင် ယေဘုယျသိကဝိနည်းသည် ဖြစ်၏၊ ဤသို့လျှင် ဤသာသနာတော်၌ ရဟန်းများရာလိုက်၍ ဆုံးဖြတ်သော ယေဘုယျသိကဝိနည်းဖြင့် အချို့သော ဝိဝါဒါဓိ ကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၄၉။ အာနန္ဒာ သတိဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းတို့သည် တစ်ပါးသော ရဟန်းကို “အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း၊ ဤသို့ ရုန့်ရင်းသောသဘောရှိသော အာပတ်သို့ ရောက်သည် ကို အမှတ်ရ၏လော”ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်ဖြင့်လည်းကောင်း ဤသို့ရုန့်ရင်းသော သဘောရှိသော အာပတ်ဖြင့် စွပ်စွဲကုန်၏။ ထိုအစွပ်စွဲခံရသော ရဟန်း သည် “အသျှင်တို့ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ် သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို မမှတ်မိပါ”ဟု (ပြောဆို၏)၊ အာနန္ဒာ ထိုရဟန်းအား သတိဝိနည်းကို ပေးရမည်၊ အာနန္ဒာ ဤသို့လျှင် သတိဝိနည်း သည် ဖြစ်၏၊ ဤသို့လျှင် ဤသာသနာတော်၌ သတိဝိနည်းဖြင့် အချို့သော အနုဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၅ဝ။ အာနန္ဒာ အမူဠှဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌့ရဟန်းတို့သည် တစ်ပါးသော ရဟန်းကို “အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း၊ ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက် သည်ကို အမှတ်ရသလော”ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်ဖြင့်လည်းကောင်း ဤသို့ သဘောရှိသော ရုန့်ရင်းသော အာပတ်ဖြင့် စွပ်စွဲပြောဆိုကုန်၏။ ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင်တို့ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို မမှတ်မိပါ”ဟု (ပြောဆို၏)။ ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် “တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို အကယ်၍ မှတ်မိအံ့၊ ကောင်းစွာ သိလော့”ဟု ဤသို့ အထူးထူး သိစေ၏။ ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင်တို့ အကျွန်ုပ်သည် ရူးသွပ်ခြင်းသို့ ရောက်၏၊ စိတ်ဖောက်ပြန်ခြင်းသို့ ရောက်၏၊ ထိုရူးသွပ်ခြင်းကြောင့် များစွာသော ရဟန်း တို့၏ အလုပ်မဟုတ်သော လွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏ ဟူ၍လည်းကောင်း၊ ကိုယ်ဖြင့် ကျော်နင်းပြုမိ၏ဟူ၍လည်းကောင်း အကျွန်ုပ် မမှတ်မိပါ၊ တွေဝေသဖြင့် ထိုအမှုကို အကျွန်ုပ် ပြုအပ်၏”ဟု ပြောဆို၏။ အာနန္ဒာ ထိုရဟန်းအား အမူဠှဝိနည်းကို ပေးရမည်၊ အာနန္ဒာ ဤသို့လျှင် အမူဠှဝိနည်းသည် ဖြစ်၏၊ ဤ သို့လျှင် ဤသာသနာတော်၌ အမူဠှဝိနည်းဖြင့် အချို့သော အနုဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၅၁။ အာနန္ဒာ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရသော ပဋိညာတကရဏဝိနည်းကံသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် စောဒနာ၍ဖြစ်စေ၊ မစောဒနာဘဲဖြစ်စေ အာပတ် ကို အမှတ်ရ၏၊ ဖော်ထုတ်၏၊ ထင်ရှားအောင်ပြု၏။ အာနန္ဒာ ထိုအာပတ်သင့်သော ရဟန်းသည် သီတင်းကြီးရဟန်းသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်၍ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီပြီးလျှင် “အသျှင်ဘုရား အကျွန်ုပ်သည် ဤမည်သော အာပတ်သို့ ရောက်၏၊ ထိုအာပတ်ကို ကုစား ဒေသနာကြားပါ၏”ဟု ဤသို့ ဆိုရာ၏။ ထိုဒေသနာခံသော ရဟန်းကြီး သည် “အာပတ်ကို မြင်သလော”ဟု မေးရာ၏။ “မြင်ပါ၏”ဟု ဆိုရာ၊ (ဒေသနာခံ ရဟန်းကြီးသည်) “နောင်အခါ၌ စောင့်စည်းလော့”ဟု ဆိုရာ၏။ (ဒေသနာကြားသော ရဟန်းသည်) စောင့်စည်းပါအံ့ဟု ဆိုရာ၏။ အာနန္ဒာ ဤသို့လျှင် ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ခြင်းသည် ဖြစ်၏။ ဤသို့လျှင် ဤသာသနာတော်၌ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရသော ပဋိညာတကရဏဝိနည်းကံဖြင့် အချို့သော အာပတ္တာဓိ ကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၅၂။ အာနန္ဒာ ထိုရဟန်း၏ ယုတ်မာမှုများ၍ ပြုရသော တဿပါပိယသိကဝိနည်းကံသည် အဘယ် သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးသော ရဟန်းကို “အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိ သော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်ရ၏လော”ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်ဖြင့်လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်ဖြင့် စွပ်စွဲ၏။

ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်မရပါ”ဟု ဤသို့ ပြောဆို၏။ ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် “တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အကယ်၍့အမှတ်ရငြားအံ့၊ ကောင်းစွာသာလျှင် သိလော့”ဟု ဤသို့ အထူးထူး သိစေ၏။

ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်မရပါ။ ဤသို့သဘောရှိသော အနည်းငယ်မျှ မပြောပလောက်သော အာပတ်သို့ ရောက်သည်ကိုကား အမှတ်ရပါ၏”ဟု ပြောဆို၏။ ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် “ငါ့သျှင် တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည် ကို အကယ်၍ အမှတ်ရငြားအံ့၊ ကောင်းစွာသာလျှင် သိလော့”ဟု ဤသို့ အထူးထူး သိစေ၏။

ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင် အကျွန်ုပ်သည် အနည်းငယ်မျှ မပြောပလောက်သော ဤ မည်သော အာပတ်သို့ ရောက်၍ အမေးမခံရဘဲ ဝန်ခံတုံသေး၏၊ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်၍ အမေးခံရပါလျက် အဘယ်မှာ ဝန်မခံဘဲ ရှိပါအံ့နည်း”ဟု ဤသို့ ပြောဆို၏။

ထိုစွပ်စွဲသော ရဟန်းသည် “ငါ့သျှင် သင်သည် အနည်းငယ်မျှ မပြောပလောက်သော ဤမည်သော အာပတ်သို့ ရောက်၍ အမေးမခံရဘဲ ဝန်မခံချေ၊ ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်၍ အမေးခံ ရသည်ရှိသော် အဘယ်မှာ ဝန်ခံတုံအံ့နည်း၊ တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အကယ်၍ သင်အမှတ်ရငြားအံ့၊ ကောင်းစွာသာလျှင် သိလော့”ဟု ဤသို့ ပြောဆို၏။

ထိုအစွပ်စွဲခံရသော ရဟန်းသည် “ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်ရ၏၊ ဤစကားကို အကျွန်ုပ် အဆောတလျင် ဆိုအပ်၏၊ ဤစကားကို အကျွန်ုပ် မှား၍ ဆိုအပ်၏၊ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့ သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်မရပါ”ဟု ဤသို့ ပြောဆို၏။ အာနန္ဒာ ဤသို့လျှင် ထိုရဟန်းအား ယုတ်မာမှုများ၍ ပြုရသော တဿပါပိယသိက ဝိနည်းကံသည် ဖြစ်၏။ ဤသို့လျှင် ဤသာသနာတော်၌ တဿပါပိယသိကဝိနည်းကံဖြင့် အချို့သော အာပတ္တာဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၅၃။ အာနန္ဒာ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော တိဏဝတ္ထာ ရကဝိနည်းကံသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ငြင်းခုံခိုက်ရန်ဖြစ်ကြ ကုန်သော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော ရဟန်းတို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော လွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြင့် လုံ့လပြုမိ၏၊ အာနန္ဒာ ထိုရဟန်းအားလုံးတို့သည် ညီညီညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှင် ဝါဒတူသော ရဟန်း တို့တွင် အထူးသဖြင့် လိမ္မာကျွမ်းကျင်သော ရဟန်းသည် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ လက်အုပ်ချီပြီးလျှင် သံဃာကို သိစေရမည်—

“အသျှင်ဘုရားတို့ သံဃာတော်သည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ငြင်းခုံခိုက် ရန်ဖြစ်ကြသော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော အကျွန်ုပ်တို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော ဤလွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြင့် လွန်ကျူးလုံ့လ ပြုမိ၏၊ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍့ဖြစ်ငြားအံ့၊ အကျွန်ုပ်သည် ဤအသျှင်တို့၏ အာပတ်ကိုလည်းကောင်း၊ မိမိ၏ အာပတ်ကိုလည်း ကောင်း၊ ဤအသျှင်တို့၏ အကျိုးငှါလည်းကောင်း၊ မိမိ၏အကျိုးငှါလည်းကောင်း သံဃာ၏အလယ်၌ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော ‘တိဏဝတ္ထာရက’ ဝိနည်းကံဖြင့် ကြီးလေးသော အပြစ်ကို ထား၍လည်းကောင်း၊ လူတို့နှင့်စပ်သော အပြစ်ကို ထား၍လည်းကောင်း ဒေသနာကြားပါ၏”ဟု (ဤသို့ သံဃာကို သိစေရမည်)။

ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် အထူးသဖြင့် လိမ္မာကျွမ်းကျင်သော ရဟန်းသည် နေရာမှ ထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ လက်အုပ်ချီပြီးလျှင် သံဃာကို သိစေရ မည်—

“အသျှင်ဘုရားတို့ သံဃာတော်သည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ငြင်းခုံခိုက် ရန်ဖြစ်ကြသော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော အကျွန်ုပ်တို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော ဤလွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြင့် လွန်ကျူးလုံ့လ ပြုမိ၏၊ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ အကျွန်ုပ်သည် ဤအသျှင်တို့၏ အာပတ်ကိုလည်းကောင်း၊ မိမိ၏ အာပတ်ကိုလည်း ကောင်း၊ ဤအသျှင်တို့၏ အကျိုးငှါလည်းကောင်း၊ မိမိ၏အကျိုးငှါလည်းကောင်း သံဃာ၏အလယ်၌ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော ‘တိဏဝတ္ထာရက’ ဝိနည်း ကံဖြင့် ကြီးလေးသော အပြစ်ကို ထား၍လည်းကောင်း၊ လူတို့နှင့်စပ်သော အပြစ်ကို ထား၍လည်း ကောင်း ဒေသနာကြားပါ၏”ဟု (ဤသို့ သံဃာကို သိစေရမည်)။

အာနန္ဒာ ဤသို့လျှင် မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသာ တိဏဝတ္ထာရကဝိနည်းကံသည် ဖြစ်၏။ ဤသို့လျှင် ဤသာသနာတော်၌ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော တိဏဝတ္ထာရကဝိနည်းကံဖြင့် အချို့သော အာပတ္ထာဓိကရုဏ်း တို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ သာရဏီယတရား ၆—ပါး

၅၄။ အာနန္ဒာ မပြတ်အောက်မေ့ထိုက်ကုန်သော ချစ်ခြင်းကို ပြုတတ်ကုန်သော လေးစားခြင်းကို ပြုတတ်ကုန်သော ဤခြောက်ပါးသော တရားတို့သည် သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုး ငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်းဟူသောအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ခြောက်ပါး တို့နည်းဟူမူ—

(၁) အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ် သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်း အကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်၏။

(၂) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက် ကွယ်ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်၏။

(၃) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ် သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်း အကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်၏။

(၄) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် တရားနှင့်လျော်စွာ ဖြစ်ကုန်သော တရားသဖြင့်ရကုန်သော လာဘ်တို့ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုသော်လည်း မခွဲခြားဘဲ သုံး ဆောင်ခြင်း ရှိ၏၊ အကျင့်သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံသော သုံးဆောင်ခြင်းရှိ၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်း ဖြစ် ခြင်းဟူသောအကျိုးငှါ ဖြစ်၏။

(၅) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် မကျိုး မပေါက် မပြောက် မကျားကုန်သော (တဏှာကျွန်အဖြစ်မှ) တော်လှန်ခြင်းကို ပြုတတ်ကုန်သော ပညာရှိတို့ ချီးမွမ်းထိုက်ကုန်သော မှားသည်ဟု အသုံးသပ်မခံရကုန်သော တည်တံ့ခြင်း ‘သမာဓိ’ ကို ဖြစ်စေတတ်သော စောင့်စည်းမှု ‘သီလမျိုး’ တို့၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ စောင့်စည်းမှု ‘သီလ’တူသည်၏ အဖြစ်သို့ ရောက်လျက် နေ၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ် သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်းဟူသောအကျိုးငှါ ဖြစ်၏။

(၆) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် မြတ်သော (ဝဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်သော ထိုအဆုံးအမအတိုင်း ပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ခန်းခြင်းငှါ ဖြစ်သော အယူတစ်မျိုး၌ သီတင်း သုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ အယူတူသည်၏အဖြစ်သို့ ရောက်လျက် နေ၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်း ဖြစ်ခြင်းဟူသော အကျိုးငှါ ဖြစ်၏။

အာနန္ဒာ မပြတ်အောက်မေ့ထိုက်ကုန်သော ချစ်ခြင်းကို ပြုတတ်ကုန်သော လေးစားခြင်းကို ပြုတတ် ကုန်သော ဤတရားခြောက်ပါးတို့သည် သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်း အကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်းဟူသော အကျိုးငှါ ဖြစ်ကုန်၏။ အာနန္ဒာ သင်တို့သည် မပြတ်အောက်မေ့ ထိုက်ကုန်သော ဤတရားခြောက်ပါးတို့ကို အကယ်၍ ဆောက်တည်၍ ကျင့်ကုန်ငြားအံ့၊ အာနန္ဒာ သင်တို့ သည်းမခံနိုင်လောက်သော ကြီးကြီးငယ်ငယ်ဖြစ်သော စကားအကြောင်းမျိုးကို တွေ့မြင်ကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတွေ့မြင်နိုင်ပါဟု (လျှောက်ကြကုန်၏)။ အာနန္ဒာ ထို့ကြောင့် မပြတ် အောက်မေ့ထိုက်ကုန်သော ဤတရားခြောက်ပါးတို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်လော့၊ ထိုကျင့်ခြင်းသည် သင်တို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ, ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

လေးခုမြောက် သာမဂါမသုတ် ပြီး၏။