မဇ္ဈိမနိကာယ်

၅—သုနက္ခတ္တသုတ်

၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော အထွတ်တပ်သော ဇရပ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ “ပဋိသန္ဓေ နေခြင်း ကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏”ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားကုန်၏။ လိစ္ဆဝီမင်းသား သုနက္ခတ္တသည် “များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ ပဋိသန္ဓေနေ့ခြင်း ကုန်ပြီ၊ မြတ်သော (မဂ်)အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိဟု သိပါကုန်၏” ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသတတ်ဟု ကြားလေ၏။

ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ္တသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား “များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ ‘ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏’ ဟူ၍” အရဟတ္တဖိုလ်ကို ပြောကြားသတတ် ဟူသော ဤစကားကို အကျွန်ုပ် ကြားပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားအထံတော်၌ “ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏” ဟူ၍ ဤသို့ အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့သည် အမှန်သာလျှင် အရဟတ္တဖိုလ်ကို ပြောကြားကုန်သလော၊ သို့မဟုတ် ဤအရဟတ္တဖိုလ်ကို ပြောကြားရာ၌ အချို့ကုန်သော ရဟန်းတို့သည် မရဘဲရ၏ဟု အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားကုန်သလောဟု (လျှောက်၏)။

၅၆။ သုနက္ခတ္တ ငါဘုရား၏ အထံ၌ “ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါ ကုန်၏” ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားကုန်သော ပုဂ္ဂိုလ်တို့တွင် အရဟတ္တဖိုလ်ကို အမှန်ပြောကြား သော အချို့သော ရဟန်းတို့လည်း ရှိကုန်၏၊ မရဘဲ ရ၏ဟု အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားသော အချို့သော ရဟန်းတို့လည်း ရှိကုန်၏။ ထိုနှစ်မျိုးတို့တွင် သုနက္ခတ္တ ထိုငါ၏ အထံ၌ “ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏” ဟူ၍ အမှန်သာလျှင် အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့၏ ထိုပြောကြားမှုသည် ထိုပြောတိုင်းသာလျှင် မှန်၏။ အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့၌ “ထိုရဟန်းတို့အား တရားဟောအံ့”ဟု ငါ့အား ဤသို့ အကြံဖြစ်၏။ သုနက္ခတ္တ ဤသို့ “ထိုရဟန်းတို့အား တရားဟောအံ့”ဟု ငါ့အား ဤသို့ အကြံဖြစ်သော်လည်း (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်ကုန်သော အချို့သူတို့သည် အမေးပြဿနာကို စီရင်၍ စီရင်၍ မြတ်စွာဘုရားကို ချဉ်းကပ်ပြီး မေးကုန်၏။ သုနက္ခတ္တ ထိုသူတို့၌ “ထိုရဟန်းတို့အား တရားဟောအံ့”ဟု ငါ့အား ဖြစ်ပေါ်လာသော အကြံ၏လည်း တရားမဟောလိုသော အဖြစ်သည် ဖြစ်လာ၏ဟု (ဤသို့ မိန့် တော်မူ၏)။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တရားဟောတော်မူချိန် တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တရားဟောတော်မူချိန် တန်ပါပြီ၊ မြတ်စွာဘုရားသည် တရားကို ဟောတော်မူငြားအံ့၊ ရဟန်းတို့သည် မြတ်စွာဘုရားအထံမှ တရားတော်ကို ကြားနာရ၍ ဆောင်ကုန်လတ္တံ့ဟု (လျှောက်၏)။ သုနက္ခတ္တ ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု လိစ္ဆဝီမင်းသား သုနက္ခတ္တသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏—

၅၇။ သုနက္ခတ္တ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ— လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ) နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း။ပ။ သောတဝိညာဏ်ဖြင့် သိရသော အသံ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ့်ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ) နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့တည်း။ သုနက္ခတ္တ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။

၅၈။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် လောကအာမိသခေါ်သော ကာမဂုဏ်၌ ညွတ်သော စိတ်ရှိသည်ဖြစ်ရာ၏၊ သုနက္ခတ္တ လောကအာမိသခေါ်သော ကာမဂုဏ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုကာမဂုဏ်နှင့်လျော်သော သဘောရှိသော စကားသည်လည်း ကောင်းစွာတည်၏၊ ထိုကာမဂုဏ်နှင့်လျော်သော သဘောရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း ဆည်းကပ်ခစား၏၊ ထိုကာမဂုဏ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောဆိုသော်ကား မကြား နာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း မဆည်းကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။

သုနက္ခတ္တ ဥပမာအားဖြင့် ယောကျာ်းသည် မိမိရွာမှလည်းကောင်း၊ နိဂုံးမှလည်းကောင်း ကာလရှည် ကြာ ကွေကွင်းနေရာ၏၊ ထိုယောကျာ်းသည် ထိုရွာမှလည်းကောင်း၊ နိဂုံးမှလည်းကောင်း မကြာမီက ထွက်ခွါလာသော တခြားယောကျာ်းကို တွေ့မြင်ရာ၏၊ ထိုပဌမယောကျာ်းသည် ထိုနောက်လာသော ယောကျာ်းကို ထိုရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း အေးချမ်းသည်၏ အဖြစ်ကိုလည်းကောင်း ဝပြောသည်၏ အဖြစ်ကိုလည်းကောင်း၊ အနာရောဂါကင်းသည်၏ အဖြစ်ကိုလည်းကောင်း မေးမြန်းရာ၏၊ ထိုနောက်လာသော ယောကျာ်းသည် ထိုရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း အေးချမ်းသည်၏ အဖြစ် ကိုလည်းကောင်း၊ ဝပြောသည်၏ အဖြစ်ကိုလည်းကောင်း၊ အနာရောဂါကင်းသည်၏ အဖြစ်ကိုလည်းကောင်း ထိုပဌမယောကျာ်းအား ပြောပြရာ၏။

သုနက္ခတ္တ ထိုငါဆိုလတ္တံ့သော စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုပဌမယောကျာ်းသည် ထို နောက်လာသော ယောကျာ်း၏ ပြောပြသော စကားကို ကြားနာရာသလော၊ နားထောင်ရာသလော၊ သိစေ ခြင်းငှါ စိတ်စိုက်ရာသလော၊ ထိုယောကျာ်းကိုလည်း ဆည်းကပ်ရာသလော၊ ထိုမိမိရပ်ရွာ နိဂုံးနှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ (ဟု လျှောက်၏)။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် လောက အာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသည် ဖြစ်ရာ၏၊ သုနက္ခတ္တ လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုကာမဂုဏ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ရှေးရှုတည်၏၊ ထိုကာမဂုဏ်တို့နှင့်လျော်သော သဘောရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့ ဆည်းကပ်ခစား၏၊ ထိုကာမဂုဏ်နှင့် စပ်သောစကား ဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောဆိုသော် ကား မကြားနာ၊ နားမထောင်၊ သိခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း မဆည်း ကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့် စပ်သောစကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤ အကြောင်းသည် ရှိ၏။ ထိုပုဂ္ဂိုလ်သတ္တဝါမျိုးကို “အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါမျိုး” ဟူ၍ သိရမည်။

၅၉။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် အာနေဉ္ဇသမာပတ်၌ ညွတ် သောစိတ်ရှိရာ၏၊ သုနက္ခတ္တ အာနေဉ္ဇသမာပတ်၌ ညွတ်သောစိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုအာနဉ္ဇ သမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏။ ထိုအာနေဉ္ဇသမာပတ့်နှင့်လျော်သော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း ဆည်းကပ် ခစား၏၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်ရာ၏။ လောကအာမိသခေါ်သော ကာမဂုဏ်နှင့်စပ်သော စကားကို ပြောဆိုသော်ကား မကြားနာ၊ နားမထောင်၊ သိခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုကာမဂုဏ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။

သုနက္ခတ္တ ဥပမာအားဖြင့် အညှာမှ ကြွေကျသော ဖက်ရွက်လျော်သည် စိန်းလန်းခြင်းငှါ မထိုက် သကဲ့သို့ ဤဥပမာအတူသာလျှင် သုနက္ခတ္တ အာနေဉ္ဇသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါ အား လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ဖွဲ့တတ်သော သံယောဇဉ်သည် ကင်းကွာ၏၊ ထိုပုဂ္ဂိုလ် မျိုးကို “လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ အာနေဉ္ဇ သမာပတ်၌ ညွတ်သောစိတ်ရှိသော ပုဂ္ဂိုလ်မျိုး” ဟူ၍ သိရမည်။

၆ဝ။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိရာ၏၊ သုနက္ခတ္တ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါ အား ထိုအာကိဉ္စညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုအာကိဉ္စညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း ဆည်းကပ်ခစား၏၊ ထိုအာကိဉ္စညာယတနသမာပတ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။

သုနက္ခတ္တ ဥပမာအားဖြင့် နှစ်ခြမ်းကွဲပြီးသော ကျောက်ဖျာကြီးသည် တစ်ဖန် မစပ်သကဲ့သို့၊ ဤ အတူသာလျှင် သုနက္ခတ္တ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် ကွဲပျက်၏၊ ထိုပုဂ္ဂိုလ်မျိုးကို “အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ် မျိုး” ဟူ၍ သိရမည်။

၆၁။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် နေဝသညာနာသညာယတန သမာပတ်၌ ညွတ်သော စိတ်ရှိရာ၏၊ သုနက္ခတ္တ နေဝသညာနာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုနေဝသညာနာသညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုနေဝသညာနာသညာယတနသမာပတ်နှင့် လျော်သောသဘော ရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း ဆည်းကပ်ခစား၏၊ ထိုနေဝသညာနာသညာယတနသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ အာကိဉ္စညာယတနသမာပတ်နှင့် စပ်သောစကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေ ခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုအာကိဉ္စညာယတန သမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။

သုနက္ခတ္တ ဥပမာအားဖြင့် ယောကျာ်းသည် ကြိုက်နှစ်သက်သော ဘောဇဉ်ကို စားပြီး၍ စွန့် (အန်) ရာ၏၊ သုနက္ခတ္တ ထိုငါဆိုမည့် အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုယောကျာ်းအား ထိုစွန့် (အန်) ပြီးသော ဘောဇဉ်၌ တစ်ဖန် စားလိုခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ရာပါဟု (လျှောက်၏)။ အဘယ့်ကြောင့်နည်း၊ ထိုစွန့် (အန်) ပြီးသော ဘောဇဉ်ကို စက်ဆုပ်ဖွယ်ဟု သမုတ်ထားသောကြောင့်ပါတည်းဟု (လျှောက်၏)။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် နေဝသညာနာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား အာကိဉ္စညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် စွန့်(အန်) ပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးကို “အာကိဉ္ဇညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ နေဝသညာ နာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်မျိုး” ဟူ၍ သိရမည်။

၆၂။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သောစိတ် ရှိရာ၏၊ သုနက္ခတ္တ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုနိဗ္ဗာန် နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုနိဗ္ဗာန်နှင့် လျော်သောသဘော ရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း ဆည်းကပ်ခစား၏၊ ထိုနိဗ္ဗာန်နှင့် စပ်သောစကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ နေဝသညာနာသညာယတန သမာပတ်နှင့် စပ်သောစကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုနေဝသညာနာသညာယတနသမာပတ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိသည်သာတည်း။

သုနက္ခတ္တ ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် နောင်တစ်ဖန် စည်ပင်ပေါက် ရောက်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူသာလျှင် သုနက္ခတ္တ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်အား နေဝသညာနာသညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောက်ထပ်မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်း သဘောမရှိချေ။ ထိုပုဂ္ဂိုလ်မျိုးကို “နေဝသညာနာသညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်မျိုး”ဟူ၍ သိရမည်။

၆၃။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ်ရာ၏— “တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်သည် ဆန္ဒရာဂ ဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာ တည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် အစစ်အမှန် ချုပ်ငြိမ်းမှု ‘နိဗ္ဗာန်’ ၌ ညွတ်သော စိတ်ရှိ၏”ဟု (အကြံဖြစ်ရာ၏)။ ထိုရဟန်းသည် မမှန်ဘဲလျက် ဤသို့ ထင်ရာ၏။ ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောသူအား မသင့်တော်သော အာရုံတို့ကို အားထုတ်ရာ၏၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်ရာ၏၊ နားဖြင့် မသင့်တော်သော အသံကြားခြင်း ကို အားထုတ်ရာ၏၊ နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားထုတ်ရာ၏၊ လျှာဖြင့် မသင့် တော်သော အရသာလျက်ခြင်းကို အားထုတ်ရာ၏၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်ရာ၏၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံ သိခြင်းကို အားထုတ်ရာ၏၊ မျက်စိဖြင့် မသင့်တော် သော အဆင်းရှုခြင်းကို အားထုတ်သော၊ နားဖြင့် မသင့်တော်သော အသံကြားခြင်းကို အားထုတ်သော၊ နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားထုတ်သော၊ လျှာဖြင့် မသင့်တော်သော အရသာ လျက်ခြင်းကို အားထုတ်သော၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်သော၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားထုတ်သော ထိုရဟန်း၏ စိတ်ကို ရာဂသည် ဖျက်ဆီးရာ၏၊ ထိုရဟန်းသည် ရာဂဖျက်ဆီးအပ်သော စိတ်ဖြင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါး ဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏၊ ဤအကြောင်းသည် ရှိသည်သာတည်း။

သုနက္ခတ္တ ဥပမာအားဖြင့် ယောကျာ်းသည် အထပ်ထပ် လိမ်းကျံထားသော ဆိပ်လူးမြား အစူးခံရ ရာ၏။ ထိုယောကျာ်း၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကုဆေးဆရာကို ပင့်ခေါ်လာ့ကုန်ရာ၏၊ ထိုယောကျာ်းအား ထိုမြားဆိပ်ကုဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ ဓားငယ် ဖြင့် အနာဝကို ခွဲစိပ်၍ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာရာ၏၊ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာဖွေ၍ မြားငြောင့်ကို နုတ်ရာ၏၊ ထုတ်ယူစရာ ကြွင်းကျန်သော အဆိပ်အတောက်ကို ပယ်ရှားရာ၏၊ ထုတ်ယူစရာ အကြွင်းအကျန် မရှိတော့ပြီဟု သိသော ထိုဆေးဆရာသည် ဤသို့ ပြောဆိုရာ၏ “အမောင် ယောကျာ်း အသင့်အား မြားငြောင့်ကို ငါနုတ်ပြီးပြီ၊ ထုတ်ယူစရာ အကြွင်းအကျန် အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ သင့်အား အန္တရာယ်ဖြစ်ခြင်းငှါ မစွမ်းနိုင်တော့ပြီ၊ သင့်တော်သည်သာဖြစ်သော ဘောဇဉ်တို့ ကို စားလေလော့၊ မသင့်တော်သော ဘောဇဉ်တို့ကို စားသည် ဖြစ်၍ သင်၏အနာကို ပြည်ယိုခြင်း မဖြစ်စေလင့်။ ရံခါရံခါ အနာကို ဖန်ဆေးရာ၏၊ ရံခါရံခါ အနာဝကို ဆေးလိမ်းကျံရာ၏၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့်, ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံသဖြင့် သင်၏ အနာဝကို ပြည်သွေး မမြှေးယှက် စေလင့်။ လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်လင့်၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ် သည်ဖြစ်၍ သင်၏အနာဝကို မြူမှုန့်အမျှင် မဖျက်ဆီးစေလင့်။ အမောင်ယောကျာ်း အနာကို အစဉ်စောင့် ရှောက်သည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏”ဟု (ဆိုရာ၏)။

ထိုယောကျာ်းအား “ငါ့မှာ မြားငြောင့်ကို နုတ်ပြီးပြီ၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်း အကျန်မရှိအောင် ပယ်ပြီးပြီ၊ ငါ့အား အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်”ဟု အကြံဖြစ်ရာ၏။ ထိုယောကျာ်း သည် မသင့်တော်သည်သာဖြစ်သော ဘောဇဉ်တို့ကို စားသုံးရာ၏၊ မသင့်တော်သော ဘောဇဉ်တို့ကို စားသုံးသည်ဖြစ်၍ ထိုယောကျာ်း၏ အနာသည် ပြည်ယိုစီးရာ၏။ ရံခါရံခါ အနာကို ဖန်မဆေးရာ၊ ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံရာ၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့်, ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံ သဖြင့် ထိုယောကျာ်း၏ အနာဝကို သွေးပြည်သည် မြှေးယှက်ရာ၏။ လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ်ရာ၏၊ လေနေပူ၌ လှည့်လည်ခြင်းကို အားထုတ်သည်ဖြစ်၍ ထိုယောကျာ်း၏ အနာဝကို မြူမှုန့် အမျှင်သည် ဖျက်ဆီးရာ၏။ အနာကို အစဉ်မစောင့်ရှောက်သည်ဖြစ်၍ အနာကို သက်သာရာ မရစေသည် ဖြစ်၍ နေရာ၏။ ထိုယောကျာ်းအား ဤမသင့်တော်သည်ကို ပြုခြင်းကြောင့်လည်း အဆိပ်အတောက်သည် မစင်ကြယ်၊ ထုတ်ယူစရာ အကြွင်းအကျန် ရှိရာ၏၊ မသင့်တော်သည်ကို ပြုခြင်း, အဆိပ်အတောက်သည် မစင်ကြယ်ဘဲ ထုတ်ယူစရာ အကြွင်းအကျန်ရှိနေခြင်းဟူသော ထိုအကြောင်းနှစ်ပါးကြောင့် အနာသည် ကြီးကျယ်ခြင်းသို့ ရောက်ရာ၏၊ ထိုယောကျာ်းသည် အနာကြီးကျယ်ခြင်းသို့ ရောက်သဖြင့် သေခြင်းသို့ သော်လည်းကောင်း၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ် ရာ၏ “တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ ထိုအဝိဇ္ဇာတည်းဟူသော အဆိပ် အတောက်သည် ဆန္ဒရာဂဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာဟူသော မြားငြောင့်ကို ပယ်နုတ် ပြီးပြီ၊ အဝိဇ္ဇာဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိပြီ”ဟု (အကြံဖြစ်ရာ၏)။ ရဟန်းသည် မမှန်ဘဲလျက် ဤသို့ ထင်ရာ၏။ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောသူအား မသင့်တော်သော အာရုံတို့ကို အားထုတ်ရာ၏၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်ရာ၏၊ နားဖြင့် မသင့်တော်သော အသံနားထောင်ခြင်းကို အားထုတ်ရာ၏၊ နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားထုတ်ရာ၏၊ လျှာဖြင့် မသင့်တော်သော အရသာ လျက်ခြင်းကို အားထုတ်ရာ၏၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်ရာ၏၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားထုတ်ရာ၏။ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်သော, နားဖြင့် မသင့်တော်သော အသံနားထောင်ခြင်းကို အားထုတ်သော, နှာခေါင်းဖြင့် မသင့် တော်သော အနံ့နမ်းခြင်းကို အားထုတ်သော, လျှာဖြင့်မသင့်တော်သော အရသာလျက်ခြင်းကို အားထုတ် သော, ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားထုတ်သော ထိုပုဂ္ဂိုလ်၏ စိတ်ကို ရာဂသည် ဖျက်ဆီးရာ၏၊ ထိုရဟန်းသည် ရာဂ ဖျက်ဆီးခံရသော စိတ်ဖြင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏။ သုနက္ခတ္တ မြတ်စွာဘုရား၏ သာသနာတော်၌ သိက္ခာချ၍ လူထွက်ခြင်းသည် သေခြင်းမည်၏၊ သုနက္ခတ္တ ညစ်ညူးသော ဂရုကအာပတ်တစ်ခုခုသို့ ရောက်ခြင်းသည် သေလောက် နီးပါးဖြစ်သော ဆင်းရဲမည်၏၊ ဤအကြောင်းသည် ရှိ၏။

၆၄။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ်ရာ၏ “တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်သည် ဆန္ဒရာဂ ဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာ တည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် စင်စစ် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိပြီ”ဟု (အကြံဖြစ်ရာ၏)။ ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောပုဂ္ဂိုလ်အား မသင့်တော်သော အာရုံတို့ကို အားမထုတ်ရာ၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမ ထုတ်ရာ၊ နားဖြင့် မသင့်တော်သော အသံ နားထောင်ခြင်းကို အားမထုတ်ရာ၊ နှာခေါင်းဖြင့် မသင့်တော် သော အနံ့နမ်းခြင်းကို အားမထုတ်ရာ၊ လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်ရာ၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်ရာ၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံ သိခြင်းကို အားမထုတ်ရာ။ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်သော, နားဖြင့် မသင့်တော်သော အသံ နားထောင်ခြင်းကို အားမထုတ်သော, နှာခေါင်းဖြင့် မသင့်တော်သောအနံ့ နမ်းခြင်း ကို အားမထုတ်သော, လျှာဖြင့် မသင့်တော်သော အရသာလျက် ခြင်းကို အားမထုတ်သော, ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားမထုတ်သော ထိုပုဂ္ဂိုလ်၏ စိတ်ကို ရာဂသည် မဖျက်ဆီးရာ၊ ထိုပုဂ္ဂိုလ်သည် ရာဂမဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့သော်လည်း ကောင်း မရောက်ရာ၊ ဤအကြောင်းသည် ရှိသည်သာတည်း။

သုနက္ခတ္တ ဥပမာအားဖြင့် ယောကျာ်းသည် အထပ်ထပ် လိမ်းကျံထားသော ဆိပ်လူးမြား အစူးခံရ ရာ၏။ ထိုယောကျာ်း၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကုဆေးဆရာကို ပင့်ခေါ်လာ ကုန်ရာ၏၊ ထိုမြားဆိပ်ကုဆေးဆရာသည် ထိုယောကျာ်းအား ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ ဓားငယ် ဖြင့် အနာဝကို ခွဲစိပ်ပြီး၍ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာရာ၏၊ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာ၍ မြားငြောင့်ကို နုတ်ရာ၏၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်းအကျန်မရှိအောင် ပယ်ရှား ရာ၏၊ ထုတ်ယူစရာ အကြွင်းအကျန်မရှိတော့ပြီဟု သိသော ထိုဆေးဆရာသည် ဤသို့ဆိုရာ၏— “အမောင်ယောကျာ်း သင်၏ မြားငြောင့်ကို ငါနုတ်ပြီးပြီ၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်းအကျန် မရှိအောင် ပယ်ရှားပြီးပြီ၊ အသင့်အား အန္တရာယ်ဖြစ်ခြင်းငှါ မစွမ်းနိုင်တော့ပြီ၊ သင့်တော်သည်သာဖြစ် သော ဘောဇဉ်တို့ကို စားရာ၏၊ မသင့်တော်သော ဘောဇဉ်တို့ကို စားသည်ဖြစ်၍ သင်၏အနာကို ပြည်ယိုခြင်း မဖြစ်စေလင့်။ ရံခါရံခါ အနာကို ဖန်ဆေးရာ၏၊ ရံခါရံခါ အနာဝကို ဆေးလိမ်းရာ၏၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့် ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံသဖြင့် သင်၏အနာဝကို သွေးပြည် မမြှေး ယှက်စေလင့်။ လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်လင့်၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ်သည်ဖြစ်၍ သင်၏အနာဝကို မြူမှုန့်အမျှင် မဖျက်ဆီးစေလင့်။ အမောင်ယောကျာ်း အနာကို အစဉ်စောင့်ရှောက်သည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏”ဟု (ဆိုရာ၏)။—

ထိုယောကျာ်းအား ဤသို့ အကြံဖြစ်ရာ၏—“ငါ့မှာ မြားငြောင့်ကို နုတ်ပြီးပြီ၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်းအကျန်မရှိအောင် ပယ်ရှားပြီးပြီ၊ ငါ့အား အန္တရာယ်ဖြစ်စေခြင်းငှါ မစွမ်းနိုင်တော့ပြီ”ဟု (အကြံဖြစ်ရာ၏)၊ ထိုယောကျာ်းသည် သင့်တော်သည်သာဖြစ်သော ဘောဇဉ်တို့ကို သုံးဆောင်ရာ၏၊ သင့်တော်သော ဘောဇဉ်တို့ကို သုံးဆောင်သည်ဖြစ်၍ ထိုယောကျာ်း၏ အနာသည် ပြည်မယိုစီးရာ၊ ရံခါရံခါ အနာကို ဖန်ဆေးရာ၏၊ ရံခါရံခါ အနာဝကို ဆေးလိမ်းရာ၏၊ ရံခါရံခါ အနာကို ဖန်ဆေးသည်ဖြစ်၍ ရံခါရံခါ အနာဝကို ဆေးလိမ်း ကျံသည်ဖြစ်၍ ထိုယောကျာ်း၏ အနာဝကို ပြည်သွေး မမြှေးယှက်ရာ။ လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်ရာ၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားမထုတ်သဖြင့် ထိုယောကျာ်း၏ အနာဝကို မြူမှုန့်အမျှင်သည် မဖျက်ဆီးရာ။ အနာကို စောင့်ရှောက်ခြင်းရှိသည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏။ ထိုယောကျာ်းသည် ဤသင့်တော်သောအမှုကို ပြုခြင်းဖြင့်လည်း မစင်ကြယ်သော အဆိပ်အတောက်ကို အကြွင်းအကျန်မရှိအောင် ပယ်ရှားပြီးပြီ၊ သင့်တော်သော အမှုကို ပြုလုပ်ခြင်း, မစင်ကြယ်သော အဆိပ်အတောက်ကို အကြွင်းအကျန်မရှိအောင် ပယ်ရှားခြင်း ထို အကြောင်းနှစ်ပါးစုံဖြင့် အနာသည် အသားနုတက်၍ ရင့်ကျက်ရာ၏၊ ထိုယောကျာ်းသည် အနာအသားနု တက်၍ အသားအရေ ကောင်းလာပြီဖြစ်သဖြင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း မရောက်ရာ။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံ ဖြစ်ရာ၏— “တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ် အတောက်သည် ဆန္ဒရာဂဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိ၏”ဟု (အကြံဖြစ်ရာ၏)။ ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မသင့်တော်သော အာရုံတို့ကို အားမထုတ်ရာ၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်ရာ၊ နားဖြင့် မသင့်တော်သော အသံကြားခြင်းကို အားမထုတ်ရာ၊ နှာခေါင်းဖြင့် မသင့်တော် သော အနံ့နမ်းခြင်းကို အားမထုတ်ရာ၊ လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်ရာ၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်ရာ၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံ သိခြင်းကို အားမထုတ်ရာ။ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်သော, နားဖြင့် မသင့်တော်သော အသံကြားခြင်းကို အားမထုတ်သော, နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားမထုတ်သော, လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်သော, ကိုယ်ဖြင့် မသင့် တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားမ ထုတ်သော ထိုပုဂ္ဂိုလ်၏ စိတ်ကို ရာဂသည် မဖျက်ဆီးရာ၊ ထိုပုဂ္ဂိုလ်သည် ရာဂ မဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း မရောက်နိုင်ရာ၊ ဤအကြောင်းသည် ရှိသည်သာတည်း။

၆၅။ သုနက္ခတ္တ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ဤဆိုခဲ့ပြီးသော ဥပမာကို ငါပြုအပ်ပြီ၊ ဤဆိုခဲ့ ပြီးသော ဥပမာစကား၌ ဤဆိုလတ္တံ့သည်ကား အနက်အဓိပ္ပါယ်ပေတည်း။ သုနက္ခတ္တ အနာဟူသော ဤ အမည်သည် ခြောက်ပါးကုန်သော အဇ္ဈ တ္တိကာယတနတို့၏ အမည်ပေတည်း။ သုနက္ခတ္တ အဆိပ်အတောက် ဟူသော ဤအမည်သည် အဝိဇ္ဇာ၏ အမည်ပေတည်း။ သုနက္ခတ္တ မြားငြောင့်ဟူသော ဤအမည်သည် တဏှာ၏ အမည်ပေတည်း။ သုနက္ခတ္တ ငြောင့်ရှာမွှေတံဟူသော ဤအမည်သည် သတိ၏ အမည်ပေတည်း။ သုနက္ခတ္တ ဓားငယ်ဟူသော ဤအမည်သည် ဖြူစင်သော ဝိပဿနာပညာ၏ အမည်ပေတည်း။ သုနက္ခတ္တ မြားဆိပ်ကု ဆေးဆရာဟူသော ဤအမည်သည် ပူဇော်အထူးကို့ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်ပေတည်း။

သုနက္ခတ္တ စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည် ဖြစ်၍ “ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း”ဟု ဤသို့သိ၍ ကိလေသာဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ်လွတ်ဝင်၏၊ ကာမဂုဏ်ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလည်း ဖြစ်စေ လတ္တံ့ဟူသော အကြောင်းသည် မရှိ။

သုနက္ခတ္တ ဥပမာအားဖြင့် အဆင်းနှင့် ပြည့်စုံသော အနံ့နှင့် ပြည့်စုံသော အရသာနှင့် ပြည့်စုံသော စိမ်ရေခွက်သည် ရှိရာ၏၊ ထိုခွက်ကိုလည်း အဆိပ်နှင့် ရောထား၏။ ထို့နောက် အသက်ရှင်လိုသော မသေ လိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောကျာ်းသည် လာရာ၏။ သုနက္ခတ္တ ထိုငါဆို မည့်အရာကို အဘယ်သို့ မှတ်ထင်သနည်း—“ငါသည် ဤစိမ်ရေခွက်ကို သောက်သည်ရှိသော် သေခြင်းသို့ သော်လည်းကောင်း၊ သေလုနီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏”ဟု သိငြားအံ့၊ ထိုယောကျာ်းသည် ထိုစိမ်ရေခွက်ကို သောက်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသောက်ရာ ပါဟု (လျှောက်၏)။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည်ဖြစ်၍ “ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း”ဟု ဤသို့ သိ၍ ကိလေသာ ဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ် လွတ်ဝင်၏၊ ကာမဂုဏ် ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။

သုနက္ခတ္တ ဥပမာအားဖြင့် လျင်သော ကြမ်းသော အဆိပ်ရှိသော မြွေသည် ရှိရာ၏၊ အသက်ရှင် လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောကျာ်းသည် လာရာ၏။ သုနက္ခတ္တ ထိုငါဆို မည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း—“ဤမြွေသည် ငါ့ကို ကိုက်သော် သေခြင်း သို့သော်လည်းကောင်း၊ သေလုနီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏”ဟု သိငြားအံ့၊ ထိုယောကျာ်းသည် ကြမ်းသော အဆိပ်ရှိသော မြွေအား လက်ဖြင့်သော်လည်းကောင်း၊ ခြေမဖြင့်သော်လည်း ကောင်း တို့ဝံ့ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတို့ဝံ့ရာပါဟု (လျှောက်၏)။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည်ဖြစ်၍ “ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း”ဟု ဤသို့ သိ၍ ကိလေသာဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ်လွတ် ဝင်၏၊ ကာမဂုဏ်ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် မရှိဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤဒေသနာတော် ကို ဟောတော်မူ၏။

လိစ္ဆဝီမင်းသားဖြစ်သော သုနက္ခတ္တသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ငါးခုမြောက် သုနက္ခတ္တသုတ် ပြီး၏။