မဇ္ဈိမနိကာယ်
၇—ဂဏက မောဂ္ဂလ္လာနသုတ်
၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ၏ ပြာသာဒ်ဖြစ်သော ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဂဏကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် မြတ်စွာဘုရားထံတော်သို့ ချဉ်း ကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏—
အသျှင်ဂေါတမ ဝိသာခါပြာသာဒ်၏ နောက်ဆုံးဖြစ်သော (အပေါ်ဆုံး) လှေကားထစ် ပျဉ်ချပ်တိုင်အောင် သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့သို့လည်းကောင်း, အသျှင်ဂေါတမ ဤပုဏ္ဏားတို့အား ဗေဒင်သုံးပုံကို သင်ခြင်း၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့သို့လည်းကောင်း, အသျှင် ဂေါတမ ဤလေးသမားတို့အား လေးအတတ်၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့ သို့လည်းကောင်း, အသျှင်ဂေါတမ ဂဏန်းတတ်သော ဂဏန်းအတတ်ဖြင့် အသက်မွေးသော အကျွန်ုပ်တို့ မှာလည်း ဂဏန်းအတတ်၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့သို့လည်းကောင်း၊ အသျှင် ဂေါတမ အကျွန်ုပ်တို့သည် တပည့်ကို ရခဲ့လျှင် ရှေးဦးစွာ “တစ်ခုတစ်လီ, နှစ်ခုနှစ်လီ, သုံးခုသုံးလီ, လေးခုလေးလီ, ငါးခုငါးလီ, ခြောက်ခုခြောက်လီ, ခုနစ်ခု ခုနစ်လီ, ရှစ်ခုရှစ်လီ, ကိုးခုကိုးလီ, ဆယ်ခု ဆယ်လီ”ဟု ဤသို့ ရေတွက်စေပါကုန်၏။ အသျှင်ဂေါတမ အကျွန်ုပ်တို့သည် တစ်ရာကိုလည်း ရေတွက် စေပါကုန်၏၊ တစ်ရာထက်အလွန်ကိုလည်း ရေတွက်စေပါကုန်၏၊ အသျှင်ဂေါတမ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌လည်း သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်ကို သိစေခြင်းငှါ တတ်နိုင်ပါသလောဟု (လျှောက်ထား၏)။
၇၅။ ပုဏ္ဏား ဤသာသနာတော်၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်ကို သိစေခြင်းငှါ တတ်နိုင်၏။ ပုဏ္ဏား ဥပမာအားဖြင့် လိမ္မာကျွမ်းကျင်သော မြင်းဆရာသည် ကောင်းသော အာဇာနည်မြင်းကိုရသော် ရှေးဦးစွာ ပါးစပ်၌ ပါးချပ်ခွံ့မှုကို ပြုစေ၏၊ ထို့နောက် တစ်ဆင့်တက်၍ ပြုဖွယ်ကို ပြုစေ၏၊ ပုဏ္ဏား့ဤအတူသာလျှင် ငါဘုရားသည် ဆုံးမသင့်သော ယောကျာ်းကို ရသော် ရှေးဦးစွာ ဤသို့ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် သီလရှိလော့၊ ပါတိမောက္ခသံဝရသီလကို လုံခြုံအောင် စောင့်စည်း၍ နေလော့၊ ကောင်းသောအကျင့်, ကျက်စားရာနှင့် ပြည့်စုံသည်ဖြစ်၍ နေလော့၊ အနုမြူမျှ အတိုင်းအရှည်ရှိ ကုန်သော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ နေလော့၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်လော့”ဟု (ဆုံးမ၏)။
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို လုံခြုံအောင် စောင့်၍ နေ၏၊ ကောင်းသောအကျင့်, ကျက်စားရာနှင့် ပြည့်စုံ၍ နေ၏၊ အနုမြူမျှ အတိုင်းအရှည်ရှိသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိလျက် နေ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ကျင့်၍ နေ၏။ ထိုရဟန်းကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် စက္ခုစသော ဣန္ဒြေတို့၌ ပိတ်ထား သော တံခါးရှိလော့၊ မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကိုမြင်သော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိလင့်၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိလင့်၊ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကို စောင့်စည်း ခြင်းငှါ ကျင့်လော့၊ စက္ခုန္ဒြေကို စောင့်စည်းလော့၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်လော့။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နမ်းသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ပ။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ကို သိသော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိလင့်၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိလင့်၊ (အကယ်၍) မနိန္ဒြေကို မစောင့် စည်းဘဲနေလျှင် ယင်း (မနိန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း’အဘိဇ္ဈာ’ နှလုံးမသာ ခြင်း’ဒေါမနဿ’ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက် ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်လော့၊ မနိန္ဒြေကို စောင့်စည်း လော့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်လော့”ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် စက္ခု စသော ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိ၏၊ ထိုရဟန်း ကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် ဘောဇဉ်၌ အတိုင်း အရှည်ကို သိလော့၊ သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်ရာ၏၊ မြူးထူး ရန် မသုံးဆောင် မာန်ယစ်ရန် မသုံးဆောင် (အသား) ပြည့်ဖြိုးရန် မသုံးဆောင် (အရေအဆင်း) ကြည်လင် ရန် မသုံးဆောင်လင့်၊ ဤကိုယ်တည်တံ့ရုံမျှသာ မျှတရုံမျှသာ ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရုံမျှ သာ မြတ်သောအကျင့်ကို အားထုတ် နိုင်ရုံမျှသာ အာဟာရကို သုံးဆောင်ရာ၏၊ ဤသို့ သုံးဆောင်မှီဝဲ သဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်း ချမ်းသာစွာ နေရခြင်းသည် ဖြစ်အံ့”ဟု (ဆင်ခြင်၍ သုံးဆောင်ရာ၏)ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏၊ ထိုရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် နိုးကြားခြင်းကို အားထုတ်၍ နေလော့၊ နေ့အခါ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်လော့။ ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်လော့၊ သန်းခေါင်ယံ၌ လက်ယာနံတောင်းဖြင့်(လက်ယာ) ခြေပေါ် ၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’နှင့်ပြည့်စုံ သည်ဖြစ်၍ ထအံ့ဟု အမှတ်သညာကို နှလုံးသွင်းလျက် မြတ်သော အိပ်ခြင်းကို ပြုလော့၊ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော ‘နီဝရဏ’ တရားတို့မှ စိတ်ကို သုတ်သင်လော့”ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် နိုးကြားခြင်းကို အားထုတ်၏၊ ထိုရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’နှင့် ပြည့်စုံလော့၊ ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်၍ ပြုလော့၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်၍ ပြုလော့၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်၍ ပြုလော့၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင် ၍ ပြုလော့၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်၍ ပြုလော့၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်၍ ပြုလော့၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်၍ ပြုလော့”ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။
ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် အောက်မေ့ခြင်း’သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’ နှင့် ပြည့်စုံ၏၊ ထို ရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ “ရဟန်း လာလော့၊ သင်သည် ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲလော့၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲလော့”ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။ ထို ရဟန်းသည် ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။
ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့် မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် ( ဥပါဒါနက္ခန္ဓာငါးပါး ဟူသော ) လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကို ပယ်၍ မပျက် စီးစေလိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ သတိနှင့်ပြည့်စုံလျက် လေးလံထိုင်း မှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်ခြင်း ‘ကုက္ကုစ္စ’ မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရား တို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။
၇၆။ ထိုရဟန်းသည် စိတ်ညစ်နွမ်းကြောင်းဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန် သော ဤငါးပါးသော နီဝရဏတရားတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရား တို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက် ၍ နေ၏။
ပုဏ္ဏား အကြင် ရဟန်းတို့သည် ကျင့်ဆဲဖြစ်ကုန်၏၊ အရဟတ္တဖိုလ်သို့ မရောက်ကြကုန်သေး၊ အတုမရှိ မြတ်သော ယောဂ၏ ကုန်ခန်းရာ နိဗ္ဗာန်ကို တောင့်တလျက် နေကြကုန်၏၊ ရဟန်းတို့၌ ဤသို့ သဘောရှိသော ဤငါ၏ အဆုံးအမသည် ဖြစ်၏၊ အကြင် ရဟန်းတို့သည်ကား ပူဇော်အထူးကို ခံထိုက်သော ရဟန္တာဖြစ်၏၊ ကုန်ခန်းပြီးသော အာသဝေါရှိကုန်၏၊ ကျင့်သုံးပြီးသော အကျင့်ရှိကုန်၏၊ ပြုဖွယ်ကိစ္စကို ပြုပြီးဖြစ်ကုန်၏၊ ဝန်ကို ချထားပြီးဖြစ်ကုန်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ်ဟူသော မိမိအကျိုး ရှိကုန်၏၊ ကုန်ခန်းပြီးသော ဘဝသံယောဇဉ် ရှိကုန်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ကုန်၏၊ ထို ရဟန်းတို့အား ဤတရားတို့သည် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းငှါလည်းကောင်း၊ အောက်မေ့ ခြင်း’သတိ’ ဆင်ခြင်ခြင်း ‘သမ္ပဇဉ်’နှင့် ပြည့်စုံခြင်းငှါလည်းကောင်း ဖြစ်ကုန်၏ဟု (ဟောတော်မူ၏)။
ဤသို့ ဟောတော်မူသော် ဂဏက မောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်၏—“အသျှင်ဂေါတမ၏ တပည့်တို့သည် အသျှင်ဂေါတမ ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန် ဆုံးမအပ်သည်ရှိသော် အလုံးစုံသော တပည့်တို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ် သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကုန်သလော၊ သို့မဟုတ် အချို့ရဟန်းတို့သည် မပြီးစီးစေနိုင်ကုန်သလော”ဟု (လျှောက်ထား၏)။ ပုဏ္ဏား ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန်ဆုံးမအပ်သည်ရှိသော် အချို့ သော ငါ၏ တပည့်တို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကုန်၏၊ အချို့ သော ရဟန်းတို့မူကား မပြီးစီးစေနိုင်ကုန်ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ နိဗ္ဗာန်သည် တည်ရှိ၏၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းသည် တည်ရှိ၏၊ တိုက်တွန်း နှိုးဆော်တတ်သော အသျှင်ဂေါတမသည် တည်ရှိ၏၊ သို့ပါလျက် အသျှင်ဂေါတမ၏ တပည့်တို့သည် အသျှင်ဂေါတမ ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန်ဆုံးမအပ်သည်ရှိသော် အချို့သော ရဟန်းတို့ သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်၍၊ အချို့သော ရဟန်းတို့ မပြီးစီး စေနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။
၇၇။ ပုဏ္ဏား ထိုသို့ဖြစ်မူ သင့်ကိုသာလျှင် ဤအရာ၌ တစ်ဖန်မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုအမေးကို ဖြေလော့၊ ပုဏ္ဏား ထိုငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ရာဇဂြိုဟ် ပြည်သွားလမ်းကို ညွှန်ကြားခြင်းငှါ ကျွမ်းကျင်သလောဟု (မေးတော်မူ၏)။ အသျှင်ဟုတ်ပါ၏၊ အကျွန်ုပ် သည် ရာဇဂြိုဟ်ပြည်သွားလမ်းကို ညွှန်ကြားခြင်းငှါ ကျွမ်းကျင်ပါ၏ဟု (လျှောက်၏)။
ပုဏ္ဏား ငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ရာဇဂြိုဟ်ပြည်သို့ သွားလိုသော ယောကျာ်းသည် ဤအရပ်သို့ လာရာ၏၊ ထိုလာသော ယောကျာ်းသည် “အသျှင် အကျွန်ုပ်သည် ရာဇဂြိုဟ်ပြည်သို့ သွားလိုပါ၏၊ ထိုအကျွန်ုပ်အား ရာဇဂြိုဟ်ပြည်သွားလမ်းကို ညွှန်ပါလော့”ဟု သင့်ကို ချဉ်းကပ်၍ ဤအတိုင်း ဆိုရာ၏၊ သင်သည် ထိုမေးလာသူကို “အမောင်ယောကျာ်း လာလော့၊ ဤ လမ်းခရီးသည် ရာဇဂြိုဟ်ပြည်သို့ ရောက်၏၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသည်ရှိသော် ဤမည်သော ရွာကို တွေ့မြင်လတ္တံ့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွား လော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသော် ဤမည်သော နိဂုံးကို တွေ့မြင်လတ္တံ့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသည်ရှိသော် ရာဇဂြိုဟ်ပြည်၏ မွေ့လျော်ဖွယ် ကောင်းသော အရံဥယျာဉ်, မွေ့လျော်ဖွယ်ကောင်းသော တောအုပ်, မွေ့လျော်ဖွယ်ကောင်းသော မြေ, မွေ့လျော်ဖွယ်ကောင်းသော ရေကန်ကို တွေ့မြင်ရလတ္တံ့”ဟု ဤသို့ ဆိုရာ၏။ ထိုသူသည် သင် ဤသို့ ပြောဆိုညွှန်ကြားပါလျက် ခရီးလွဲကို ယူ၍ နောက်ပြန်လှည့်၍ သွားရာ၏။
ထို့နောက် ရာဇဂြိုဟ်ပြည်သို့ သွားလိုသော ဒုတိယယောကျာ်းသည် လာရာ၏၊ ထိုလာသော ယောကျာ်းသည် “အသျှင် အကျွန်ုပ်သည် ရာဇဂြိုဟ်ပြည်သို့ သွားလိုပါ၏၊ အကျွန်ုပ်အား ရာဇဂြိုဟ်ပြည့်သွားလမ်းကို ညွှန်ကြားပါလော့”ဟု သင့်ကို ချဉ်းကပ်၍ ဤအတိုင်း ဆိုရာ၏၊ သင်သည် ထိုဒုတိယ ယောကျာ်းကို “အမောင်ယောကျာ်း လာလော့၊ ဤလမ်းခရီးသည် ရာဇဂြိုဟ်ပြည်သို့ ရောက်၏၊ ထိုလမ်း ခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသည်ရှိသော် ဤမည်သော ရွာကို တွေ့မြင်လတ္တံ့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသည်ရှိသော် ဤမည်သော နိဂုံးကို တွေ့မြင်လတ္တံ့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန် ငယ် သွားသည်ရှိသော် ရာဇဂြိုဟ်ပြည်၏ မွေ့လျော်ဖွယ်ကောင်းသော အရံဥယျာဉ်, မွေ့လျော်ဖွယ်ကောင်း သော တောအုပ်, မွေ့လျော်ဖွယ်ကောင်းသော မြေ, မွေ့လျော်ဖွယ်ကောင်းသော ရေကန်ကို တွေ့မြင်ရ လတ္တံ့”ဟု ဆိုရာ၏။ ထိုသူသည် သင် ဤသို့ ပြောဆိုညွှန်ကြားသော် ချမ်းသာစွာ ရာဇဂြိုဟ်ပြည်သို့ ရောက်သွားရာ၏။
ပုဏ္ဏား ရာဇဂြိုဟ်ပြည်သည် တည်ရှိ၏၊ ရာဇဂြိုဟ်ပြည်သွားလမ်းသည် တည်ရှိ၏၊ လမ်းခရီးညွှန် ဖြစ်သော သင်သည် တည်ရှိ၏၊ သို့ပါလျက် သင် ဤသို့ ပြောဆိုညွှန်ကြားပါလျက် ယောကျာ်း တစ်ယောက်သည် ခရီးလမ်းမှားကို ယူ၍ နောက်ပြန်လှည့်သွား၍၊ တစ်ယောက်သော ယောကျာ်းသည် ချမ်းသာစွာ ရောက်သွားရာသော အကြောင်း အထောက်အပံ့ကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရာ၌ အကျွန်ုပ်သည် အဘယ်ကို ပြုနိုင်အံ့နည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် ခရီးလမ်းညွှန်ပြသူသာ ဖြစ်ပါ၏ဟု (လျှောက်၏)။
ပုဏ္ဏား ဤအတူသာလျှင် နိဗ္ဗာန်သည် တည်ရှိသည်သာတည်း၊ နိဗ္ဗာန်သွားကြောင်း လမ်းခရီးသည် တည်ရှိ၏၊ နိဗ္ဗာန်သို့ ညွှန်ပြနှိုးဆော်သူ ငါသည် တည်ရှိ၏။ သို့ပါလျက် ငါ၏ တပည့်တို့သည် ငါ ဤသို့ ပြောဆိုဆုံးမသော် အချို့သော ရဟန်းတို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီး စေနိုင်ကုန်၏၊ အချို့သော ရဟန်းတို့သည်ကား မပြီးစီးစေနိုင်ကုန်။ ပုဏ္ဏား ဤအရာ၌ ငါသည် အဘယ် ကို ပြုနိုင်အံ့နည်း၊ ပုဏ္ဏား ငါဘုရားသည် နိဗ္ဗာန်လမ်းခရီးကို ညွှန်ကြားသူသာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
၇၈။ ဤသို့ မိန့်တော်မူသော် ဂဏကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်ထား၏ “အသျှင်ဂေါတမ အကြင်ပုဂ္ဂိုလ်တို့သည် ယုံကြည်ခြင်း ‘သဒ္ဓါတရား’ မရှိကုန်ဘဲ အသက်မွေးမှု အတွက်သာ ရဟန်းပြုသူများဖြစ်ကုန်၏၊ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊ စဉ်းလဲတတ်သူများ ဖြစ်ကြကုန်၏၊ လှည့်ပတ်တတ်သူများ ဖြစ်ကြ ကုန်၏၊ လိမ်လည်ကောက်ကျစ်တတ်သူများ ဖြစ်ကြကုန်၏၊ ပျံ့လွင့်သူများ ဖြစ်ကြကုန်၏၊ မာန်ထောင် သူများ ဖြစ်ကြကုန်၏၊ လျှပ်ပေါ်လော်လည်သူများ ဖြစ်ကြကုန်၏၊ နှုတ်ထွက်ကြမ်းသူများ ဖြစ်ကြကုန်၏၊ ပရမ်းပတာပြောဆိုသူများ ဖြစ်ကြကုန်၏၊ ဣန္ဒြေတံခါး ပိတ်ဆို့မထားသူများ ဖြစ်ကြကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို မသိသူများ ဖြစ်ကြကုန်၏၊ နိုးကြားမှု၌ အားမစိုက်သူများ ဖြစ်ကြကုန်၏၊ ရဟန်း တရား၌ မငဲ့ကွက်သူများ ဖြစ်ကြကုန်၏၊ သိက္ခာပုဒ်၌ ပြင်းထန်စွာ လေးစားမှုမရှိသူများ ဖြစ်ကြကုန်၏၊ လာဘ်များရန်သာ ကျင့်သူများ ဖြစ်ကြကုန်၏၊ (အဆုံးအမသာသနာတော်ကို) လျော့လျော့ပေါ့ပေါ့ နာယူသူ များ ဖြစ်ကြကုန်၏၊ ဆုတ်ယုတ်ကြောင်း၌ ရှေ့သွားပြုသူများ ဖြစ်ကြကုန်၏၊ နိဗ္ဗာန် (ဥပဓိဝိဝေက) ၌ တာဝန်မဲ့သူများ ဖြစ်ကြကုန်၏၊ ပျင်းရိသူများ ဖြစ်ကြကုန်၏၊ လုံ့လနည်းသူများ ဖြစ်ကြကုန်၏၊ သတိ ကင်းသူများ ဖြစ်ကြကုန်၏၊ ဆင်ခြင်ဉာဏ်မရှိသူများ ဖြစ်ကြကုန်၏၊ မတည်ကြည်သူများ ဖြစ်ကြကုန်၏၊ စိတ်လေသူများ ဖြစ်ကြကုန်၏၊ ပညာမဲ့သူများ ဖြစ်ကြကုန်၏၊ ထိုင်းအသူများ ဖြစ်ကြကုန်၏၊ အသျှင် ဂေါတမသည် ထိုပုဂ္ဂိုလ်မျိုးတို့နှင့် အတူတကွ မနေ။
အကြင် အမျိုးကောင်းသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ (ထွက်၍) ရဟန်းဘောင်၌ ရဟန်းပြုသူများ ဖြစ်ကြကုန်၏၊ စဉ်းလဲတတ်သူများ မဟုတ်ကုန်၊ လှည့်ပတ်တတ်သူများ မဟုတ်ကုန်၊ လိမ်လည်ကောက်ကျစ်တတ်သူများ မဟုတ်ကုန်၊ ပျံ့လွင့်သူများ မဟုတ်ကုန်၊ မာန်ထောင်တတ်သူများ့မဟုတ်ကုန်၊ လျှပ်ပေါ်လော်လည်သူများ မဟုတ်ကုန်၊ နှုတ်ထွက်ကြမ်းသူများ မဟုတ်ကုန်၊ ပရမ်းပတာ ပြောဆိုသူများ မဟုတ်ကုန်၊ ဣန္ဒြေတံခါး ပိတ်ဆို့ထားသူများ ဖြစ်ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိသူများ ဖြစ်ကုန်၏၊ နိုးကြားမှု၌ အားစိုက်သူများ ဖြစ်ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်သူများ ဖြစ် ကုန်၏၊ သိက္ခာပုဒ်၌ ပြင်းထန်စွာ လေးစားသူများ ဖြစ်ကုန်၏၊ လာဘ်များရန် ကျင့်နေသူများ မဟုတ် ကုန်၊ (အဆုံးအမသာသနာတော်ကို) လျော့လျော့ပေါ့ပေါ့ နာယူသူများ မဟုတ်ကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့သူများ ဖြစ်ကုန်၏၊ နိဗ္ဗာန် (ဥပဓိဝိဝေက) ၌ ရှေ့သွားပြုသူများ ဖြစ်ကုန်၏၊ ဝီရိယရှိသူများ ဖြစ်ကုန်၏၊ (နိဗ္ဗာန်သို့) စိတ်စေလွှတ်ထားသူများ ဖြစ်ကုန်၏၊ သတိထင်သူများ ဖြစ်ကုန်၏၊ ဆင်ခြင်ဉာဏ် ရှိသူများ ဖြစ်ကုန်၏၊ တည်ကြည်သူများ ဖြစ်ကုန်၏၊ စိတ်မလေသူများ ဖြစ်ကုန်၏၊ ပညာရှိသူများ ဖြစ် ကုန်၏၊ မထိုင်းမအသူများ ဖြစ်ကုန်၏၊ အသျှင်ဂေါတမသည် ထိုပုဂ္ဂိုလ်တို့နှင့် အတူတကွ နေ၏။
အသျှင်ဂေါတမ ဥပမာအားဖြင့် အမြစ်နံ့သာဟူသမျှတို့တွင် စန္ဒကူးနက်ကို အမြတ်ဆုံးဟု ဆိုရသကဲ့ သို့လည်းကောင်း၊ အနှစ်နံ့သာဟူသမျှတို့တွင် စန္ဒကူးနီကို အမြတ်ဆုံးဟု ဆိုရသကဲ့သို့လည်းကောင်း၊ အပွင့််နံ့သာဟူသမျှတို့တွင် မုလေးပန်းကို အမြတ်ဆုံးဟု ဆိုရသကဲ့သို့လည်းကောင်း ဤအတူ ယခုလက်ရှိ တရားတို့တွင် အသျှင်ဂေါတမ၏ အဆုံးအမတရားသည်သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏။
အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာအားဖြင့် မှောက်ထားသည်ကို လှန်ဘိသကဲ့ သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်း မှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့် မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင် ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ ထိုအကျွန်ုပ်သည် အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၏ဟု (လျှောက်၏)။
ခုနစ်ခုမြောက် ဂဏက မောဂ္ဂလ္လာနသုတ် ပြီး၏။