မဇ္ဈိမနိကာယ်
၉—မဟာပုဏ္ဏမသုတ်
၈၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်း ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တစ်ဆယ့်ငါးရက်မြောက်သော လပြည့်ဥပုသ်နေ့ညဉ့်၌ ရဟန်းအပေါင်းခြံရံ့လျက် လွင်တီးပြင်၌ ထိုင်နေတော်မူ၏။ ထိုအခါ ရဟန်းတစ်ပါးသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ သင်္ကန်းကို စံပယ်တင်လျက် ဘုရားရှိတော်မူရာသို့ လက်အုပ်ချီ၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—
အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား ပြဿနာကို ဖြေခြင်းငှါ အကယ်၍ ခွင့်ပြုသည် ရှိသော် အကျွန်ုပ်သည် မြတ်စွာဘုရားအား တစ်ခုသော အကြောင်းကို မေးလျှောက်လိုပါ၏ဟု (ဤစကား ကို လျှောက်ထား၏)။ ရဟန်း ထိုသို့မေးလိုမူ မိမိနေရာ၌ ထိုင်၍ ထိုအလိုရှိသောအကြောင်းကို မေးလော့ဟု (မိန့်တော်မူ၏)။
၈၆။ ထိုအခါ ထိုရဟန်းသည် မိမိနေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကို မေးလျှောက်၏— “အသျှင်ဘုရား ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ရုပ်ဟူသောဥပါဒါနက္ခန္ဓာ, ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ, သညာဟူသောဥပါဒါနက္ခန္ဓာ, သင်္ခါရဟူသောဥပါဒါနက္ခန္ဓာ, ဝိညာဏ်ဟူသောဥပါဒါနက္ခန္ဓာ ဤသည် တို့ပါလော”ဟု (လျှောက်၏)။ ရဟန်း ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ရုပ်ဟူသော ဥပါဒါန က္ခန္ဓာ, ဝေဒနာဟူသောဥပါဒါနက္ခန္ဓာ, သညာဟူသောဥပါဒါနက္ခန္ဓာ, သင်္ခါရဟူသောဥပါဒါနက္ခန္ဓာ, ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာ ဤသည်တို့တည်းဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ မြတ်စွာဘုရားကို တစ်ဆင့်တက်၍ မေးလျှောက်၏— “အသျှင်ဘုရား ငါးပါးကုန် သော ဤဥပါဒါနက္ခန္ဓာတို့သည် အဘယ်တရားလျှင် အကြောင်းရင်းရှိပါကုန်သနည်း”ဟု (လျှောက်၏)။ ရဟန်း ငါးပါးကုန်သော ဤဥပါဒါနက္ခန္ဓာတို့သည် တဏှာလျှင် အကြောင်းရင်းရှိကုန်၏ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ထိုဥပါဒါန်သည် ပင်လျှင် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဖြစ်ကုန်သလော၊ သို့မဟုတ် ဥပါဒါန်သည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့မှ ကင်း၍ ဖြစ်သလောဟု (လျှောက်၏)။ ရဟန်း ထိုဥပါဒါန် သည်ပင်လျှင် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့ မဖြစ်ကုန်၊ ဥပါဒါန်သည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့မှ ကင်း၍လည်း မဖြစ်၊ ရဟန်း ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ အကြင်လိုချင်တပ်မက်မှုသည် ရှိ၏၊ ထိုလိုချင် တပ်မက်မှုသည် ထိုငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ ဥပါဒါန် ဖြစ်၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရား ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ လိုချင်တပ်မက်မှုထူးခြားခြင်းသည် ဖြစ်ကောင်းပါ သလောဟု (လျှောက်၏)။ “ရဟန်း ဖြစ်ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ရဟန်း ဤ လောက၌ အချို့သော ပုဂ္ဂိုလ်အား ဤသို့ အကြံဖြစ်၏— “နောင်အခါ၌ ဤသို့ ရုပ်ရှိသည် ဖြစ်လို၏၊ နောင်အခါ၌ ဤသို့ ဝေဒနာရှိသည် ဖြစ်လို၏၊ နောင်အခါ၌ ဤသို့ သညာရှိသည် ဖြစ်လို၏၊ နောင်အခါ၌ ဤသို့ သင်္ခါရရှိသည် ဖြစ်လို၏၊ နောင်အခါ၌ ဤသို့ ဝိညာဏ်ရှိသည် ဖြစ်လို၏”ဟု အကြံဖြစ်၏။ ရဟန်း ဤသို့လျှင် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့၌ လိုချင်တပ်မက်မှုထူးခြားခြင်းသည် ဖြစ်၏ဟု (မိန့် တော်မူ၏)။
မြတ်စွာဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် ခန္ဓာတို့၏ ‘ခန္ဓာ’ဟူသော အမည်ခေါ်ဝေါ်ခြင်း ဖြစ်ပါသနည်းဟု (လျှောက်၏)။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ် စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ တည်သည် ဖြစ်စေ၊ အနီး၌ တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အမှတ်မရှိ အလုံးစုံသော ဤရုပ် သည် ရူပက္ခန္ဓာမည်၏။ အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်း သည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ တည်သည်ဖြစ်စေ၊ အနီး ၌ တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အမှတ်မရှိ အလုံးစုံသော ဤဝေဒနာသည် ဝေဒနာက္ခန္ဓာမည်၏။ပ။ အဝေး၌ တည်သည်ဖြစ်စေ၊ အနီး၌ တည်သည်ဖြစ်စေ အတိတ်အနာဂတ်ပစ္စုပ္ပန် ဖြစ်သော အမှတ်မရှိ အလုံးစုံသော ဤသညာသည် သညာက္ခန္ဓာ မည်၏။ အတွင်းသန္တာန်၌ ဖြစ်သည့်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ တည်သည်ဖြစ်စေ၊ အနီး၌ တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အမှတ်မရှိ အလုံးစုံသော ဤသင်္ခါရသည် သင်္ခါရက္ခန္ဓာမည်၏။ အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည် ဖြစ်စေ၊ အဝေး၌ တည်သည်ဖြစ်စေ၊ အနီး၌ တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အမှတ် မရှိ အလုံးစုံသော ဤဝိညာဏ်သည် ဝိညာဏက္ခန္ဓာမည်၏။ ရဟန်း ဤမျှလောက်သော အတိုင်းအရှည်ဖြင့် ခန္ဓာတို့၏ ‘ခန္ဓာ’ဟူသော အမည်ခေါ်ဝေါ်ခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ရူပက္ခန္ဓာကို (သဟေတု အဟေတု စသော အပြားတို့ဖြင့်) သိစေခြင်း၏ အကြောင်း ရင်းသည် အဘယ်ပါနည်း၊ အထောက်အပံ့သည် အဘယ်ပါနည်း၊ ဝေဒနာက္ခန္ဓာကို သိစေခြင်း၏ အကြောင်း ရင်းသည် အဘယ်ပါနည်း၊ အထောက်အပံ့သည် အဘယ်ပါနည်း၊ သညာက္ခန္ဓာကို သိစေခြင်း၏ အကြောင်း ရင်းသည် အဘယ်ပါနည်း၊ အထောက်အပံ့သည် အဘယ်ပါနည်း၊ သင်္ခါရက္ခန္ဓာကို သိစေခြင်း၏ အကြောင်း ရင်းသည် အဘယ်ပါနည်း၊ အထောက်အပံ့သည် အဘယ်ပါနည်း၊ ဝိညာဏက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် အဘယ်ပါနည်း၊ အထောက်အပံ့သည် အဘယ်ပါနည်းဟု (လျှောက်၏)။
ရဟန်း ရူပက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် မဟာဘုတ်လေးပါးတို့တည်း၊ အထောက် အပံ့သည် မဟာဘုတ်လေးပါးတို့တည်း။ ဝေဒနာက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် ဖဿတည်း၊ အထောက်အပံ့သည် ဖဿတည်း။ သညာက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် ဖဿတည်း၊ အထောက်အပံ့သည် ဖဿတည်း။ သင်္ခါရက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် ဖဿတည်း၊ အထောက်အပံ့သည် ဖဿတည်း။ ရဟန်း ဝိညာဏက္ခန္ဓာကို သိစေခြင်း၏ အကြောင်းရင်းသည် နာမ်ရုပ် တည်း၊ အထောက်အပံ့သည် နာမ်ရုပ်တည်းဟု (မိန့်တော်မူ၏)။
၈၇။ အသျှင်ဘုရား သက္ကာယဒိဋ္ဌိသည် အဘယ်သို့ ဖြစ်ပါသနည်းဟု (လျှောက်၏)။ ရဟန်း ဤ လောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော, အရိယာတရား၌ မယဉ် ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟု ရှု၏၊ ( ကြွင်းခန္ဓာကို ) ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်းကောင်း၊ ရုပ်၌ အတ္တဟုလည်း ကောင်း ရှု၏၊ ခံစားမူ ‘ဝေဒနာ’ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝေဒနာရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝေဒနာဟုလည်းကောင်း၊ ဝေဒနာ၌ အတ္တဟုလည်းကောင်း ရှု၏။ မှတ်သားမှု ‘သညာ’ ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) သညာရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ သညာဟုလည်းကောင်း၊ သညာ၌ အတ္တဟုလည်းကောင်း ရှု၏။ ပြုစီရင်မှု ‘သင်္ခါရ’ တို့ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) သင်္ခါရရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ သင်္ခါရဟုလည်းကောင်း၊ သင်္ခါရတို့၌ အတ္တဟုလည်းကောင်း ရှု၏။ အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု ရှု၏၊ (ကြွင်းခန္ဓာကို) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။ ရဟန်း ဤသို့လျှင် သက္ကာယဒိဋ္ဌိသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား သက္ကာယဒိဋ္ဌိသည် အဘယ်သို့ မဖြစ်ပါသနည်းဟု (လျှောက်၏)။ ရဟန်း ဤ လောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်း တရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သည် ရုပ်ကို အတ္တဟု မရှု၊ ( ကြွင်းခန္ဓာကို ) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌ အတ္တဟု မရှု။ ခံစားမှု ‘ဝေဒနာ’ ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ဝေဒနာရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝေဒနာဟု မရှု၊ ဝေဒနာ၌ အတ္တဟု့မရှု။ မှတ်သားမှု ‘သညာ’ ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) သညာရှိသော အတ္တဟု မရှု၊ အတ္တ၌ သညာဟု မရှု၊ သညာ၌ အတ္တဟု မရှု၊။ ပြုစီရင်မှု ‘သင်္ခါရ’ တို့ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာ ကို) သင်္ခါရရှိသော အတ္တဟု မရှု၊ အတ္တ၌ သင်္ခါရတို့ဟု မရှု၊ သင်္ခါရတို့၌ အတ္တဟု မရှု။ အထူးသိမှု ‘ဝိညာဏ်’ ကို အတ္တဟု မရှု၊ ( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ဝိညာဏ်ဟု မရှု၊ ဝိညာဏ်၌ အတ္တဟု မရှု။ ရဟန်း ဤသို့လျှင် သက္ကာယဒိဋ္ဌိသည် မဖြစ်ဟု (မိန့်တော်မူ၏)။
၈၈။ အသျှင်ဘုရား ရုပ်၌ သာယာဖွယ်သည် အဘယ်ပါနည်း၊ အပြစ်သည် အဘယ်ပါနည်း၊ ထွက် မြောက်ရာသည် အဘယ်ပါနည်း။ ဝေဒနာ၌ သာယာဖွယ်သည် အဘယ်ပါနည်း၊ အပြစ်သည် အဘယ်ပါ နည်း၊ ထွက်မြောက်ရာသည် အဘယ်ပါနည်း၊ သညာ၌ သာယာဖွယ်သည် အဘယ်ပါနည်း၊ အပြစ်သည် အဘယ်ပါနည်း၊ ထွက်မြောက်ရာသည် အဘယ်ပါနည်း။ သင်္ခါရတို့၌ သာယာဖွယ်သည် အဘယ်ပါနည်း၊ အပြစ်သည် အဘယ်ပါနည်း၊ ထွက်မြောက်ရာသည် အဘယ်ပါနည်း။ ဝိညာဏ်၌ သာယာဖွယ်သည် အဘယ် ပါနည်း၊ အပြစ်သည် အဘယ်ပါနည်း၊ ထွက်မြောက်ရာသည် အဘယ်ပါနည်းဟု (လျှောက်၏)။ ရဟန်း ရုပ်ကို စွဲ၍ဖြစ်သော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းသည် ရုပ်၌ သာယာဖွယ်မည်၏။ ရုပ်၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ပြောင်းလဲခြင်းသဘောသည် ရုပ်၌ အပြစ်မည်၏။ ရုပ်၌ လိုချင်တပ်မက်မှုကို ဖျောက်ခြင်း လိုချင်တပ်မက်မှုကို ပယ်ခြင်းသည် ရုပ်၌ ထွက်မြောက်ခြင်းမည်၏။ ရဟန်း ဝေဒနာကို စွဲ၍။ သညာကို စွဲ၍။ သင်္ခါရတို့ကို စွဲ၍။ ဝိညာဏ်ကို စွဲ၍ဖြစ်သော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းသည် ဝိညာဏ်၌ သာယာဖွယ်မည်၏။ ဝိညာဏ်၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ပြောင်းလဲခြင်းသဘောသည် ဝိညာဏ်၌ အပြစ်မည်၏။ ဝိညာဏ်၌ လိုချင်တပ်မက်မှုကို ဖျောက်ခြင်း လိုချင်တပ်မက်မှုကို ပယ်ခြင်းသည် ဝိညာဏ်၌ ထွက်မြောက်ခြင်းမည်၏ဟု (မိန့်တော်မူ၏)။
၈၉။ အသျှင်ဘုရား အဘယ်သို့သိသူ အဘယ်သို့မြင်သူမှာ ဤဝိညာဏ်ရှိသော မိမိကိုယ်ကောင်, သူတစ်ပါး ကိုယ်ကောင်, အလုံးစုံသော နိမိတ်အာရုံတို့၌ ငါဟူသော အခြင်းအရာ (ဒိဋ္ဌိ), ငါ့ဥစ္စာဟူသော အခြင်းအရာ (တဏှာ)နှင့် အထင်ကိန်းနေမှု ‘မာနာနုသယ’ တို့သည် မဖြစ်ကုန်သနည်းဟု (လျှောက်၏)။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့ သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌တည်သည်ဖြစ်စေ၊ အနီး၌တည်သည် ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်ကို “ဤရုပ်သည် ငါ၏ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း ကောင်းသောပညာဖြင့် ရှု၏။ အလုံးစုံသော ဝေဒနာကို။ အလုံးစုံသော သညာကို။ အလုံးစုံသော သင်္ခါရတို့ကို အတွင်းသန္တာန်၌ ဖြစ် သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌တည်သည်ဖြစ်စေ၊ အနီး၌တည်သည် ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ် သော အလုံးစုံသော ဝိညာဏ်ကို “ဤဝိညာဏ်သည် ငါ၏ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤ ဝိညာဏ်သည် ငါ၏အတ္တမဟုတ်”ဟု ဤသို့ဟုတ်မှန်သည့်အတိုင်း ကောင်းသောပညာဖြင့် ရှု၏။ ရဟန်း ဤသို့သိသူ ဤသို့မြင်သူမှာ ဤဝိညာဏ်ရှိသော မိမိကိုယ်ကောင်, သူတစ်ပါးကိုယ်ကောင်, အလုံးစုံသော နိမိတ်အာရုံတို့၌ ငါဟူသော အခြင်းအရာ (ဒိဋ္ဌိ), ငါ့ဥစ္စာဟူသော အခြင်းအရာ (တဏှာ) နှင့် အထင် ကိန်းနေမှု ‘မာနာနုသယ’ တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။
၉ဝ။ ထိုအခါ တစ်ပါးသော ရဟန်းအား ဤသို့ စိတ်အကြံဖြစ်၏—“အချင်တို့ ရုပ်သည် အတ္တ မဟုတ်၊ ဝေဒနာသည် အတ္တမဟုတ်၊ သညာသည် အတ္တမဟုတ်၊ သင်္ခါရတို့သည် အတ္တမဟုတ်၊ ဝိညာဏ် သည် အတ္တ မဟုတ်သတတ်၊ အတ္တသဘောကင်းသော ခန္ဓာအစု၌ တည်၍ ပြုထားကုန်သော အမှုတို့သည် အဘယ်အတ္တကို တွေ့ထိကုန်အံ့နည်း”ဟု (စိတ်အကြံဖြစ်၏)။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်း၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ ရဟန်းတို့ကို မိန့်တော်မူ၏— “ရဟန်းတို့ ဤလောက၌ အချို့သော မသိသော အဝိဇ္ဇာဖုံးသော မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော သူသည် တဏှာကြီးစိုးသော စိတ်ဖြင့် ‘အချင်း တို့ ရုပ်သည် အတ္တမဟုတ်၊ ဝေဒနာသည် အတ္တမဟုတ်၊ သညာသည် အတ္တမဟုတ်၊ သင်္ခါရတို့သည် အတ္တ မဟုတ်၊ ဝိညာဏ်သည် အတ္တမဟုတ်သတတ်၊ အတ္တသဘောကင်းသော ခန္ဓာအစု၌ တည်၍ ပြုထားသော အမှုတို့သည် အဘယ်အတ္တကို တွေ့ထိကုန်အံ့နည်း”ဟု မြတ်စွာဘုရား၏ အဆုံးအမတော်ကို ကျော်လွန် သွားသင့်၏ဟု မှတ်ထင်ရာ၏။ ရဟန်းတို့ ငါသည် သင်တို့ကို ထိုထိုတရားတို့၌ အဖန်ဖန် သွန်သင် ထား၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမြဲပါဟု (လျှောက်ကြကုန်၏)။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆင်းရဲဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ထိုရုပ်ကို “ဤရုပ်သည် ငါ့ဥစ္စာတည်း၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’ တည်း”ဟု ရှုရန် သင့်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှုသင့် ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ခံစားခြင်း ‘ဝေဒနာ’သည်။ မှတ်သားခြင်း ‘သညာ’သည်။ ပြုစီရင်မှု ‘သင်္ခါရ’တို့သည်။ အထူးသိမှု ‘ဝိညာဏ်’သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မမြဲပါဟု (လျှောက်ကြကုန်၏)။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆင်းရဲဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို “ဤဝိညာဏ် သည် ငါ့ဥစ္စာတည်း၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ့ကိုယ် ‘အတ္တ’ တည်း”ဟု ရှုရန် သင့်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မရှုသင့်ပါဟု (လျှောက်ကြကုန်၏)။
ရဟန်းတို့ ထို့ကြောင့် အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်း သည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌တည်သည်ဖြစ်စေ အနီး၌တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်ကို “ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤရုပ်ကိုဟုတ်မှန်သည့်တိုင်း ကောင်းသော ပညာဖြင့် ရှုရမည်။ အလုံးစုံသော ခံစားခြင်း ‘ဝေဒနာ’ကို။ အလုံးစုံသော မှတ်သားခြင်း ‘သညာ’ကို။ အလုံးစုံသော ပြုစီရင်မှု ‘သင်္ခါရ’တို့ကို။ အတွင်းသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ အပသန္တာန်၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌တည်သည်ဖြစ်စေ၊ အနီး၌တည်သည်ဖြစ်စေ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော အထူးသိမှု ‘ဝိညာဏ်’ကို “ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်”ဟုဟုတ်မှန်တိုင်း ကောင်းသော ပညာဖြင့် ရှုရမည်။
ရဟန်းတို့ ဤသို့ရှုမြင်သည်ရှိသော် အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သည်ရှိသော် တပ်မက်ခြင်းကင်း၏၊ တပ်မက်ခြင်းကင်းသော် ကိလေသာ မှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်ပြီးသော် ‘ငါသည် ကိလေသာမှ လွတ်မြောက်ပြီ’ဟု သိသော (ပစ္စဝေက္ခဏာ) ဉာဏ်သည် ဖြစ်၏၊ “ပဋိသန္ဓေ တည်နေမှုကုန်ဆုံးပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့် သုံးပြီးပြီ၊ ပြုဖွယ်ဖြစ်သော (မဂ်) ကိစ္စ တစ်ဆယ့်ခြောက်ပါးကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ ဖြစ်ခြင်းငှါ (ငါ့အား) တစ်ဖန် မဂ်ကို ပွါးများခြင်းကိစ္စ မရှိတော့ပြီ”ဟု ခွဲခြား၍ သိ၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ ထို ရဟန်းတို့သည် မြတ်စွာဘုရား ဟော တော်မူသော တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ၊ ဤအမေးအဖြေ ဒေသနာတော့်ကို ဟောတော်မူသည်ရှိသော် ခြောက်ကျိပ် အတိုင်းအရှည်ရှိကုန်သော ရဟန်းတို့၏ စိတ်တို့သည် တစ်စုံ တစ်ခုကိုမျှ မစွဲလမ်းဘဲ အာသဝေါတရားတို့မှ လွတ်ကုန်၏။
ကိုးခုမြောက် မဟာပုဏ္ဏမသုတ် ပြီး၏။