မဇ္ဈိမနိကာယ်

၁ဝ—စူဠပုဏ္ဏမသုတ်

၉၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တစ်ဆယ့်ငါးရက်မြောက်သော ထိုလပြည့် ဥပုသ်နေ့ ညဉ့်၌ ရဟန်းအပေါင်း ခြံရံလျက် လွင်တီးပြင်၌ ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တိတ်တိတ် ဆိတ်ဆိတ်ဖြစ်သော ရဟန်းအပေါင်းကို ကြည့်ရှုတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာကို “ဤအသျှင်သည် သူယုတ်မာတည်းဟု သိနိုင်သလော”ဟု (မေးတော် မူ၏)။ အသျှင်ဘုရား မသိနိုင်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ဟုတ်မှန်၏၊ ရဟန်းတို့ သူယုတ်မာ သည် သူယုတ်မာကို “ဤအသျှင်သည် သူယုတ်မာတည်း”ဟု သိနိုင်ခြင်းသည် အကြောင်းမဟုတ် အရာ မဟုတ်။ ရဟန်းတို့ သူယုတ်မာသည် သူတော်ကောင်းကို “ဤအသျှင်သည် သူတော်ကောင်းတည်းဟု သိနိုင်သလော”ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသိနိုင်ပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ဟုတ် မှန်၏၊ ရဟန်းတို့ သူယုတ်မာသည် သူတော်ကောင်းကို “ဤအသျှင်သည် သူတော်ကောင်းတည်း”ဟု သိနိုင်ခြင်းသည် အကြောင်းမဟုတ် အရာမဟုတ်။ ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံ၏၊ သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိ၏၊ သူယုတ်မာတို့၏ အကြံကို ကြံလေ့ရှိ၏၊ သူယုတ်မာတို့၏ အတိုင်အပင်ကို တိုင်ပင်လေ့ရှိ၏၊ သူယုတ်မာစကားကို ပြောလေ့ရှိ၏၊ သူယုတ်မာအမှုကို ပြုလေ့ရှိ၏၊ သူယုတ်မာအယူကို ယူလေ့ရှိ၏၊ သူယုတ်မာတို့၏ အလှူကို ပေးလှူ၏။

ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤ လောက၌ သူယုတ်မာသည် ယုံကြည်မှု သဒ္ဓါတရားမရှိ၊ အရှက်မရှိ၊ အကြောက်မရှိ၊ အကြားအမြင်နည်း၏၊ ပျင်းရိ၏၊ သတိမေ့၏၊ ပညာကင်း၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံ၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ယုံကြည်ခြင်း သဒ္ဓါတရားမရှိကုန် အရှက်မရှိကုန် အလန့်မရှိကုန် အကြားအမြင်နည်းကုန် ပျင်းရိကုန် သတိမေ့ကုန် ပညာကင်းကုန်သော သမဏဗြာဟ္မဏတို့သည် သူယုတ်မာ၏ မိတ်ဆွေဖြစ်ကုန်၏၊ အပေါင်းအဖော် ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိ၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာအကြံကို ကြံလေ့ရှိသနည်း၊ ရဟန်းတို့ ဤ လောက၌ သူယုတ်မာသည် မိမိကို ဆင်းရဲစေခြင်းငှါလည်း ကြံ၏၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်း ကြံ၏။ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါလည်း ကြံ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ အကြံကို ကြံလေ့ရှိ၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာအတိုင်ပင်ကို တိုင်ပင်လေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် မိမိကို ဆင်းရဲစေခြင်းငှါလည်း တိုင်ပင်၏၊ သူတစ်ပါးကို ဆင်းရဲ စေခြင်းငှါလည်း တိုင်ပင်၏၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါလည်း တိုင်ပင်၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာစကားကို ပြောဆိုလေ့ရှိသနည်း၊ ရဟန်းတို့ဤလောက၌ သူယုတ်မာသည် မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ ကုန်းချောစကားကို ပြောဆိုလေ့ရှိ၏။ ကြမ်းတမ်းသောစကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုလေ့ရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာစကားကို ပြောဆိုလေ့ရှိ၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာအမှုကို ပြုလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှား ယွင်းသောအကျင့်ကို ကျင့်လေ့ရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာအမှုကို ပြုလေ့ ရှိ၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ၏အယူကို ယူလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် “ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ခေါ်ပူဇော်မှုကြီး၏ အကျိုးသည် မရှိ၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိ၌ ပြုအပ်သော အကျိုးသည်မရှိ၊ အဖ၌ ပြုအပ်သော အကျိုးသည် မရှိ၊ (တစ်ဆယ့်ငါးနှစ်ရွယ် ပဋိသန္ဓေအားဖြင့် ကိုယ်ထင်ရှား ဖြစ်ပေါ်လာသော) ဥပပါတ်သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ် သို့ ရောက်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်”ဟု ဤသို့ အယူရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ၏ အယူကို ယူလေ့ရှိ၏။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာတို့၏ အလှူကို ပေးလှူသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် အလှူကို မရိုမသေ လှူ၏၊ ကိုယ်တိုင် မပေးလှူ၊ စိတ်ပါလက်ပါ မပေးလှူ၊ စွန့်ပစ်သကဲ့သို့ ပေးလှူ၏၊ အကျိုးရှိလိမ့်မည်ဟု အယူမရှိဘဲ ပေးလှူ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာတို့၏ အလှူကို ပေးလှူ၏။ (၈)

ရဟန်းတို့ ထိုသူယုတ်မာသည် ဤသို့ သူယုတ်မာတရားနှင့် ပြည့်စုံ၍ ဤသို့ သူယုတ်မာ၌ ဆည်း ကပ်ခြင်းရှိ၍ ဤသို့သူယုတ်မာအကြံကို ကြံလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ စကားကို ပြောဆို၍ ဤသို့ သူယုတ်မာ၏အမှုကို ပြုလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အယူကို ယူလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အလှူကို ပေးလှူ၍ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ သူယုတ်မာတို့၏ လားရာဂတိ၌ ဖြစ်ရာ၏။ ရဟန်းတို့ သူယုတ်မာတို့၏ လားရာဂတိကား အဘယ်နည်း၊ ငရဲသော်လည်းကောင်း၊ တိရစ္ဆာန်သော်လည်းကောင်း ဖြစ်၏။

၉၂။ ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းကို “ဤအသျှင်သည် သူတော်ကောင်း တည်း”ဟု သိနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိနိုင်ရာပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ဟုတ်မှန်၏။ ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းကို “ဤအသျှင်သည် သူတော် ကောင်းတည်း”ဟု သိနိုင်ရာသော အကြောင်းသည် ရှိသည်သာတည်း။ ရဟန်းတို့ သူတော်ကောင်းသည် သူယုတ်မာကို “ဤအသျှင်သည် သူယုတ်မာတည်း”ဟု သိနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင် ဘုရား သိနိုင်ရာပါ၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ဟုတ်မှန်၏။ ရဟန်းတို့ သူတော်ကောင်းသည် သူယုတ်မာကို “ဤအသျှင်သည် သူယုတ်မာတည်း”ဟု သိနိုင်ရာသောကြောင်းသည် ရှိသည်သာတည်း။ ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းတရားနှင့် ပြည့်စုံ၏၊ သူတော်ကောင်း၌ ဆည်းကပ်ခြင်း ရှိ၏၊ သူတော်ကောင်း အကြံကို ကြံလေ့ရှိ၏၊ သူတော်ကောင်းတို့ အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၏၊ သူတော်ကောင်းတို့၏ စကားကို ပြောဆို၏၊ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၏၊ သူတော်ကောင်း တို့၏ အယူကို ယူလေ့ရှိ၏၊ သူတော်ကောင်းတို့၏ အလှူကို ပေးလှူ၏။

ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတရားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ယုံကြည်မှု သဒ္ဓါတရား ရှိ၏၊ အကုသိုလ်မှ ရှက်ခြင်း ရှိ၏၊ အကုသိုလ်မှ လန့်ခြင်းရှိ၏၊ အကြားအမြင်များ၏၊ လုံ့လကို အားထုတ်၏၊ ရှေးရှုထင်သော သတိရှိ၏၊ ပညာရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတရားနှင့် ပြည့်စုံ၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း၌ ဆည်းကပ်ခြင်းရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ယုံကြည်မှုသဒ္ဓါတရားရှိကုန်သော၊ အကုသိုလ်မှ ရှက်ခြင်းရှိကုန်သော၊ အကုသိုလ် မှ လန့် ခြင်းရှိကုန်သော၊ အကြားအမြင်များကုန်သော၊ လုံ့လကို အားထုတ်ကုန်သော၊ ရှေးရှုထင်သော သတိရှိကုန်သော၊ ပညာရှိကုန်သော သမဏဗြာဟ္မဏတို့သည် ထိုသူတော်ကောင်း၏ မိတ်ဆွေဖြစ်ကုန်၏၊ အပေါင်းအဖော် ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း၌ ဆည်းကပ် ခြင်းရှိ၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းအကြံကို ကြံလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မိမိဆင်းရဲစေခြင်းငှါ မကြံ၊ သူတစ်ပါး ဆင်းရဲခြင်းစေခြင်းငှါ မကြံ၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါ မကြံ။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း အကြံကို ကြံလေ့ရှိ၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းအတိုင်ပင်ကို တိုင်ပင်လေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မိမိကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်။ ရဟန်းတို့ ဤသို့လျှင် သူတော် ကောင်းသည် သူတော်ကောင်း အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းစကားကို ပြောဆိုသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းစကားကို ပြောဆို၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းအမှုကို ပြုလုပ်သနည်း၊ ရဟန်း တို့ ဤလောက၌ သူတော်ကောင်းသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင် ကြဉ်၏၊ ကာမတို့၌ မှားယွင်းသောအကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းအမှုကို ပြုလုပ်၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတို့၏ အယူကို ယူလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ဤသို့ ယူလေ့ရှိ၏ “ပေးလှူအပ်သော အလှူ၏ အကျိုး သည် ရှိ၏၊ ယဇ်ခေါ်ပူဇော်မှုကြီး၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ အဖ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ (တစ်ဆယ့်ငါးနှစ်ရွယ် ပဋိသန္ဓေအားဖြင့် ကိုယ်ထင်ရှားဖြစ်ပေါ်လာသော) ဥပပါတ်သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်း ကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း၊ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏”ဟု ဤသို့ အယူရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူတော် ကောင်းသည် သူတော်ကောင်းအယူကို ယူလေ့ရှိ၏။ (၇)

ရဟန်းတို့ အဘယ်သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတို့၏ အလှူကို ပေးလှူသနည်း၊ ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် အလှူကို ရိုရိုသေသေ ပေးလှူ၏၊ ကိုယ်တိုင် လှူ၏၊ စိတ်ပါ လက်ပါလှူ၏၊ စွန့်ပစ်သကဲ့သို့ မလှူ၊ အကျိုးရှိလိမ့်မည်ဟု အယူရှိ၍ လှူ၏။ ရဟန်းတို့ ဤ သို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတို့၏ အလှူကို လှူ၏။ (၈)

ရဟန်းတို့ သူတော်ကောင်းသည် ဤသို့ သူတော်ကောင်းတရားနှင့် ပြည့်စုံ၍ ဤသို့ သူတော် ကောင်း၌ ဆည်းကပ်ခြင်းရှိ၍ ဤသို့ သူတော်ကောင်းအကြံကို ကြံလေ့ရှိ၍ ဤသို့ သူတော်ကောင်း အတိုင် ပင်ကို တိုင်ပင်လေ့ရှိ၍ ဤသို့ သူတော်ကောင်းစကားကို ပြောဆို၍ ဤသို့ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၍ ဤသို့ သူတော်ကောင်းအယူကို ယူလေ့ရှိ၍ ဤသို့ သူတော်ကောင်းတို့၏ အလှူကို လှူ၍ ကိုယ် ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ သူတော်ကောင်းတို့၏ လားရာဂတိ၌ ဖြစ်ရာ၏။ ရဟန်းတို့ သူတော် ကောင်းတို့၏ လားရာဂတိသည်ကား အဘယ်နည်း၊ မြတ်သော ခြောက်ပါးသော ကာမဝစရနတ် အဖြစ်လည်းကောင်း၊ မြတ်သော လူအဖြစ်လည်းကောင်းတည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကား တော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

ဆယ်ခုမြောက် စူဠပုဏ္ဏမသုတ် ပြီး၏။ ရှေးဦးစွာသော ဒေဝဒဟဝဂ် ပြီး၏။