မဇ္ဈိမနိကာယ်

၄— သေဝိတဗ္ဗာသေဝိတဗ္ဗသုတ်

၁ဝ၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—“ရဟန်းတို့ မှီဝဲထိုက် မမှီဝဲထိုက်သော တရားဒေသနာကို သင် တို့အား ဟောပေအံ့၊ ထိုတရားဒေသနာကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့ ဟောကြားပေ အံ့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

“ရဟန်းတို့ ငါသည် ကိုယ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူ အရာသည်လည်း တစ်မျိုးစီဖြစ်၏၊ ရဟန်းတို့ ငါသည် နှုတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုနှုတ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏၊ ရဟန်းတို့ ငါသည် စိတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုစိတ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏၊ ရဟန်းတို့ ငါသည် စိတ်ဖြစ်ပုံကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထို စိတ်ဖြစ်ပုံသည်လည်း တစ်မျိုးစီဖြစ်၏၊ ရဟန်းတို့ ငါသည် သညာရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုသညာရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏၊ ရဟန်းတို့ ငါသည် အယူရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအယူရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏၊ ရဟန်းတို့ ငါသည် အတ္တဘောရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန်တော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် နားလည်ပါ၏။ အသျှင်သာရိပုတြာသိပုံ

၁၁ဝ။ “ရဟန်းတို့ ငါသည် ကိုယ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် မြတ်စွာဘုရားသည် ဤစကားကို ဟော့တော်မူ၏၊ ဤစကားကို အဘယ်ကို စွဲ၍ ဟောတော်မူသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲထိုက်၏။

၁၁၁။ မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သောသူသည် အသက်သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ရိုက်နှက် ခြင်း၌ စိတ်ဝင်စား၏၊ သတ္တဝါတို့၌ သနားကင်းခြင်းသို့ ရောက်၏။ မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလို သော စိတ်အစုဖြင့် ယူတတ်၏။ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထား သောမိန်းမ အဖစောင့်ရှောက်ထားသောမိန်းမ အမိအဖစောင့်ရှောက်ထားသောမိန်းမ မောင်ကြီးမောင်ငယ် စောင့်ရှောက်ထားသောမိန်းမ အစ်မညီမစောင့် ရှောက်ထားသောမိန်းမ ဆွေမျိုးစောင့်ရှောက်ထားသော မိန်းမ အနွယ်စောင့်ရှောက်ထားသောမိန်းမ တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသောမိန်းမ လင်ရှိသော မိန်းမ ဒဏ်ထားသောမိန်းမနှင့် အယုတ်ဆုံးအားဖြင့် (ငါ့မယားဟု) ပန်းကုံးစွပ်ထားသော မိန်းမတို့၌သော်လည်း လွန်ကျူးခြင်းသို့ ရောက်၏။ မြတ်စွာဘုရား ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့ သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထား၏၊ လက်နက်ကို ချထား၏၊ အရှက်ရှိ၏၊ သနားခြင်းသို့ ရောက်၏၊ အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါး ကို အစဉ်စောင့်လေ့ရှိသည်ဖြစ်၍ နေ၏။ မပေးသည်ကိုပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် မယူတတ်။ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍ ကာမဂုဏ်တို့ ၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ အမိစောင့်ရှောက်ထားသောမိန်းမ အဖစောင့်ရှောက်ထား သောမိန်းမ အမိအဖစောင့်ရှောက်ထားသောမိန်းမ မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသောမိန်းမ အစ်မ ညီမစောင့်ရှောက်ထားသောမိန်းမ ဆွေမျိုးစောင့်ရှောက်ထားသောမိန်းမ အနွယ်စောင့်ရှောက်ထားသောမိန်းမ တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသောမိန်းမ လင်ရှိသောမိန်းမ ဒဏ်ထားသောမိန်းမနှင့် အယုတ်ဆုံး အားဖြင့် (ငါ့မယားဟု) ပန်းကုံးစွပ်ထားသော မိန်းမတို့၌သော်လည်း လွန်ကျူးခြင်းသို့ မရောက်။ မြတ်စွာဘုရား ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ် ၍ ကုသိုလ်တရားတို့ တိုးပွါးကုန်၏။ “ရဟန်းတို့ ငါသည် ကိုယ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲ ထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် မြတ်စွာဘုရား သည် အကြင်စကားကို ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို စွဲ၍ ဟောတော်မူ၏။

“ရဟန်းတို့ ငါသည် နှုတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုနှုတ်အမူ အရာသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏၊ ဤစကားကို အဘယ်ကို စွဲ၍ ဟောတော်မူသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော နှုတ်အမူ့အရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ဤသို့သဘောရှိသော နှုတ်အမူအရာကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့ သဘောရှိ သော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ် တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့သဘောရှိသော နှုတ်အမူအရာကို မှီဝဲထိုက်၏။

၁၁၂။ မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သောသူသည် မုသားပြောဆိုလေ့ရှိ၏၊ သဘင်၌ တည်သည်ဖြစ်စေ၊ ပရိသတ်၌ တည်သည်ဖြစ်စေ၊ ဆွေမျိုးတို့၏ အလယ်၌ တည်သည်ဖြစ်စေ၊ အသင်းအပင်းအလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုးတို့၏ အလယ်၌ တည်သည်ဖြစ်စေ ခေါ်ဆောင်၍ “အချင်းယောကျာ်း လာလော့၊ သိသော အကြောင်းကို ပြောဆို လော့”ဟု သက်သေပြုလျက် မေးမြန်းလတ်သော် ထိုယောကျာ်းသည် မသိသည်ကို “ငါသိ၏” ဟူ၍သော်လည်းကောင်း သိသည်ကို “ငါမသိ” ဟူ၍သော်လည်းကောင်း မမြင်သည်ကို “ငါမြင်၏” ဟူ၍သော်လည်း ကောင်း မြင်သည်ကို “ငါမမြင်” ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော အာမိသဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက်သာလျှင် မုသားပြောဆို၏။ ကုန်းစကားပြောဆို၏၊ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ ထိုသူတို့နှင့်ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ ပြောကြားတတ်၏၊ ထိုသူတို့ ထံမှ နားထောင်၍ ထိုသူတို့၏ ဤသူတို့နှင့် ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ ပြောကြားတတ်၏၊ ဤသို့ ညီညွတ်သူတို့ကိုလည်း ကွဲပြား အောင် ပြုတတ်၏၊ ကွဲပြားသူတို့ကိုလည်း အားပေးတတ်၏၊ အစုအစုကွဲပြားမှု၌ မွေ့လျော်၏၊ အစုအစု ကွဲပြားမှု၌ ပျော်ပိုက်၏၊ အစုအစုကွဲပြားမှုကို နှစ်သက်၏၊ အစုအစုကွဲပြားခြင်းကို ပြုတတ်သော စကားကို ဆိုတတ်၏၊ ကြမ်းသော စကားရှိ၏၊ (ဆူးသဖွယ်) အဖုအထစ်ရှိ၍ ကြမ်းထမ်းသော သူတစ်ပါးနားကို စပ်ခါးစေတတ်သော သူတစ်ပါးအား ထိခိုက်တတ်သော အမျက်ထွက်ခြင်းနှင့် နီးစပ်လျက် တည်တံ့ခြင်းကို မဖြစ်စေတတ်သည့် သဘောရှိသော စကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသော စကားကို ပြောဆိုတတ်၏၊ မသင့်သောအခါ၌သာ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် မစပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် မစပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် မစပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ မသင့်သော အခါ၌ အကြောင်းမရှိသော အပိုင်အခြားမရှိသော အစီးအပွါးနှင့် မစပ်သော နှလုံး၌ မသိုမှီးသင့်သော စကားကို ပြောဆိုတတ်၏။ မြတ်စွာဘုရား ဤသို့ သဘောရှိသော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့ တိုးပွါးပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ သဘင်၌ တည် သည်ဖြစ်စေ၊ ပရိသတ်၌ တည်သည်ဖြစ်စေ၊ ဆွေမျိုးတို့၏ အလယ်၌ တည်သည်ဖြစ်စေ၊ အသင်းအပင်း အလယ်၌ တည်သည်ဖြစ်စေ၊ မင်းမျိုးတို့၏ အလယ်၌ တည်သည်ဖြစ်စေ ခေါ်ဆောင်၍ “အချင်းယောကျာ်း လာလော့၊ သိသောအကြောင်းကို ပြောဆိုလော့”ဟု သက်သေပြုလျက် မေးမြန်းလတ်သော် ထိုယောကျာ်း သည် မသိသည်ကို “ငါမသိ” ဟူ၍သော်လည်းကောင်း၊ သိသည်ကို “ငါသိ၏”ဟူ၍သော်လည်းကောင်း၊ မမြင်သည်ကို “ငါမမြင်”ဟူ၍သော်လည်းကောင်း၊ မြင်သည်ကို “ငါမြင်၏”ဟူ၍သော်လည်းကောင်း ပြောဆို၏။ ဤသို့ မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့်ဖြစ်စေ၊ အနည်းငယ်မျှသော လာဘ် အာမိသဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက် မုသားမပြောဆို။

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏။ ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ ထို သူတို့နှင့် ကွဲပြားခြင်းငှါ ထိုသူထံ၌ မပြောကြားတတ်၊ ထိုသူတို့ထံမှ နားထောင်၍ ထိုသူတို့၏ ဤသူ တို့နှင့် ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောကြားတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုတတ်သော စကားကို ပြောဆိုတတ်၏၊ ကြမ်းသော စကားကို ပယ်၍ ကြမ်းသော စကားမှ ရှောင်ကြဉ်၏။ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ ချစ်ဖွယ်ကောင်း၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့ သဘောရှိသောစကားကို ပြောဆိုတတ်၏။ ပြိန်ဖျင်းသောစကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်၏။ သင့်သောအခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ သင့်သော အခါ အကြောင်းနှင့်တကွ အပိုင်းအခြားရှိသော အစီးအပွါးနှင့် စပ်သော နှလုံး၌ သိုမှီးသင့်သော စကား ကိုသာ ပြောဆိုတတ်၏။ မြတ်စွာဘုရား ဤသို့ သဘောရှိသော နှုတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ “ရဟန်းတို့ ငါသည် နှုတ် အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုနှုတ်အမူအရာသည်လည်း တစ်မျိုးစီ ဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး) ကို အကြောင်းပြု၍ ဟောတော်မူ၏။

“ရဟန်းတို့ ငါသည် စိတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုစိတ်အမူ အရာသည်လည်း တစ်မျိုးစီ ဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိ သော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ဤသို့သဘောရှိသော စိတ်အမူအရာကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့သဘော ရှိသော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲထိုက်၏။

၁၁၃။ မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏၊ “သူတစ်ပါး၏ ဥစ္စာသည် ငါ၏ ဥစ္စာဖြစ်မူ ကောင်းလေစွ”ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုကြံစည်တတ်၏။ ဖျက်ဆီးလိုသော စိတ်ရှိ၏ — “ဤသတ္တဝါတို့သည် အညှဉ်းဆဲခံကြရပါစေဟူ၍သော်လည်းကောင်း၊ အသတ် ခံကြရပါစေဟူ၍သော်လည်းကောင်း၊ အဖြတ်ခံကြရပါစေဟူ၍သော်လည်းကောင်း၊ ပျက်စီးကြပါစေဟူ၍သော်လည်းကောင်း၊ ဘာမျှ (လိုတိုင်း) မဖြစ်ပါစေကုန်လင့်”ဟူ၍သော်လည်းကောင်း ဤသို့ ဖျက်ဆီးလိုသော စိတ်အကြံအစည်ရှိ၏။ မြတ်စွာဘုရား ဤသို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ၊ “သူတစ်ပါး၏ ဥစ္စာသည် ငါ့ဥစ္စာဖြစ်မူ ကောင်း လေစွ”ဟု သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို ရှေးရှုမကြံစည်တတ်။ “ဤသတ္တဝါတို့သည် ဘေး ရန်ကင်းကြပါစေကုန်၊ ဆင်းရဲကင်းကြပါစေကုန်၊ စိတ်ပင်ပန်းခြင်းကင်းကြပါစေကုန်၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်နိုင်ကြပါစေကုန်သတည်း”ဟု ဤသို့ မပျက်စီးစေလိုသော စိတ်ရှိ၏၊ (ဒေါသသည်)့မဖျက်ဆီးအပ် သော စိတ်အကြံရှိ၏။ မြတ်စွာဘုရား ဤသို့ သဘောရှိသော စိတ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ “ရဟန်းတို့ ငါသည် စိတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုစိတ်အမူအရာသည်လည်း တစ်မျိုးစီ ဖြစ်၏”ဟု ဤသို့လျှင် မြတ်စွာဘုရားသည် အကြင်စကားကို ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး) ကို အကြောင်းပြု၍ ဟောတော်မူ၏။

၁၁၄။ “ရဟန်းတို့ ငါသည် စိတ်ဖြစ်ခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထို စိတ်ဖြစ်ခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ဤစကားကို အဘယ်ကို စွဲ၍ ဟောတော်မူသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ် ပါကုန်၏၊ ဤသို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါး ပါကုန်၏၊ ဤသို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲထိုက်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သော သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏၊ ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’နှင့် တကွသော စိတ်ဖြင့် နေ၏၊ ဖျက်ဆီးခြင်းရှိ၏၊ ဖျက်ဆီးခြင်းနှင့် တကွသော စိတ်ဖြင့် နေ၏၊ ညှဉ်းဆဲခြင်းရှိ၏၊ ညှဉ်းဆဲခြင်း နှင့် တကွသော စိတ်ဖြင့် နေ၏၊ မြတ်စွာဘုရား ဤသို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သော သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ၊ ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မရှိသော စိတ်ဖြင့် နေ၏။ မဖျက်ဆီးတတ်၊ မဖျက်ဆီးခြင်းနှင့် တကွသော စိတ်ဖြင့် နေ၏၊ မညှဉ်းဆဲတတ်၊ မညှဉ်းဆဲခြင်းနှင့် တကွ သော စိတ်ဖြင့် နေ၏၊ မြတ်စွာဘုရား ဤသို့ သဘောရှိသော စိတ်ဖြစ်ခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ “ရဟန်းတို့ ငါသည် စိတ်ဖြစ်ခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုစိတ်ဖြစ်ခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောတော်မူပါ၏။

၁၁၅။ “ရဟန်းတို့ ငါသည် သညာရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုသညာရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော် မူ၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော သညာရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော သညာရခြင်းကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော သညာရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရား တို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော သညာရခြင်းကို မှီဝဲထိုက်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော သညာရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သော သူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ များ၏၊ ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’နှင့် တကွသော သညာဖြင့် နေ၏၊ ဖျက်ဆီးတတ်၏၊ ဖျက်ဆီးခြင်းနှင့် တကွသော သညာဖြင့်နေ၏၊ ညှဉ်းဆဲတတ်၏၊ ညှဉ်းဆဲခြင်း့နှင့် တကွသော သညာဖြင့်နေ၏၊ မြတ်စွာဘုရား ဤသို့ သဘောရှိသော သညာရခြင်းကို မှီဝဲသော ပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော သညာရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သောသူသည် ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မများ၊ ရှေးရှုကြံစည်ခြင်း ‘အဘိဇ္ဈာ’ မရှိသော သညာ ဖြင့်နေ၏။ မဖျက်ဆီးတတ်၊ မဖျက်ဆီးခြင်းနှင့်တကွသော သညာဖြင့် နေ၏၊ မညှဉ်းဆဲတတ်၊ မညှဉ်းဆဲ ခြင်းနှင့် တကွသော သညာဖြင့်နေ၏။ မြတ်စွာဘုရား ဤသို့ သဘောရှိသော သညာရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ “ရဟန်းတို့ ငါသည် သညာရခြင်းကို မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုသညာရခြင်းသည်လည်း တစ်မျိုးစီ ဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး) ကို စွဲ၍ ဟောတော်မူပါ၏။

၁၁၆။ “ရဟန်းတို့ ငါသည် ဒိဋ္ဌိရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုဒိဋ္ဌိရ ခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိ သော ဒိဋ္ဌိရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ် ပါကုန်၏၊ ဤသို့သဘောရှိသော ဒိဋ္ဌိရခြင်းကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါ ကုန်၏၊ ဤသို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲထိုက်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သောသူ သည် “အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ခေါ်ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ဟုန်းပူဇော်ခြင်း၏ အကျိုး သည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိ၌ ပြုအပ်သော အကျိုးသည် မရှိ၊ အဖ၌ ပြုအပ်သော အကျိုးသည် မရှိ၊ ကိုယ် ထင်ရှားဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်း ကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ်ကုန် သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် ဤလောက၌ မရှိကုန်”ဟု ဤသို့ အယူရှိ၏။ မြတ်စွာဘုရား ဤသို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။

မြတ်စွာဘုရား အဘယ်သို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်သနည်း။ မြတ်စွာဘုရား ဤလောက၌ အချို့သောသူ သည် “အလှူ၏ အကျိုးသည် ရှိ၏၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ဟုန်းပူဇော်ခြင်း၏ အကျိုး သည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ အဖ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ ကိုယ်ထင်ရှားဖြစ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ညီညွတ် ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏”ဟု ဤသို့ အယူရှိ၏။ မြတ်စွာဘုရား ဤသို့ သဘောရှိသော ဒိဋ္ဌိရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား့အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ “ရဟန်းတို့ ငါသည် ဒိဋ္ဌိရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုဒိဋ္ဌိရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောတော်မူပါ၏။

၁၁၇။ “ရဟန်းတို့ ငါသည် အတ္တဘောရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟော တော်မူ၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရား တို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော အတ္တဘောရခြင်းကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲထိုက်၏။

မြတ်စွာဘုရား အဘယ်သို့သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်သနည်း။ မြတ်စွာဘုရား ဆင်းရဲရှိသော အတ္တဘောရခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား (ဘဝတို့၏) မပြီးဆုံးသည်၏ အဖြစ်ကြောင့် အကုသိုလ် တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏။ မြတ်စွာဘုရား ဆင်းရဲမရှိသော အတ္တဘောရခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား (ဘဝတို့၏) ပြီးဆုံးသည်၏ အဖြစ်ကြောင့် အကုသိုလ် တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏။ “ရဟန်းတို့ ငါသည် အတ္တဘောရခြင်း ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောတော်မူပါ၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ် အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် သိပါ၏ဟု (လျှောက်၏)။

၁၁၈။ သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ သင်သည် ငါအကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ ကောင်းစွာသာလျှင် အကျယ်အားဖြင့် သိပေ၏—

“ရဟန်းတို့ ငါသည် ကိုယ်အမူအရာကို မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူအရာ သည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကားကို ငါဟော၏၊ ထိုစကားကို အဘယ်ကို အကြောင်းပြု၍ ဟောသနည်း။ သာရိပုတြာ အကြင်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မမှီဝဲထိုက်။ သာရိပုတြာ အကြင်သို့သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲထိုက်၏။

သာရိပုတြာ အဘယ်သို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်သနည်း။ သာရိပုတြာ ဤ လောက၌ အချို့ သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းတမ်း၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ရိုက် နှက်ခြင်း၌ စိတ်ဝင်စား၏၊ သတ္တဝါတို့၌ သနားခြင်း မရှိ၊ မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌တည်သည်ဖြစ် စေ၊ တော၌တည်သည်ဖြစ်စေ၊ သူတစ်ပါးဥစ္စာ သူတစ်ပါးအဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစု ဖြင့် ယူတတ်၏။ ကာမတို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ အမိစောင့်ရှောက်ထားသောမိန်းမ့အဖစောင့် ရှောက်ထားသောမိန်းမ အမိအဖစောင့်ရှောက်ထားသောမိန်းမ မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသော မိန်းမ အစ်မညီမစောင့်ရှောက်ထားသောမိန်းမ ဆွေမျိုးစောင့်ရှောက်ထားသောမိန်းမ အနွယ်စောင့်ရှောက် ထားသောမိန်းမ တရားကျင့်ဖော်တို့ စောင့်ရှောက်ထားသောမိန်းမ လင်ရှိသောမိန်းမ ဒဏ်ထားအပ်သော မိန်းမနှင့် အယုတ်ဆုံးအားဖြင့် (ငါ့မယားဟု) ပန်းကုံးစွပ်ထားသော မိန်းမတို့၌သော်လည်း လွန်ကျူးခြင်း သို့ ရောက်၏။ သာရိပုတြာ ဤသို့သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ် တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။

သာရိပုတြာ အဘယ်သို့သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်သနည်း။ သာရိပုတြာ ဤလောက၌ အချို့သော သူသည် အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထား၏၊ လက်နက်ကို ချထား၏၊ အရှက်ရှိ၏၊ သနားခြင်းသို့ ရောက်၊ အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါးကို အစဉ်စောင့် လေ့ရှိသည် ဖြစ်၍ နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ တည်သည်ဖြစ်စေ၊ တော၌တည်သည်ဖြစ်စေ သူတစ်ပါး၏ဥစ္စာ သူတစ်ပါး၏အဆောက်အဦကို မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် မယူတတ်။ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းကို ပယ်၍ ကာမဂုဏ်တို့ ၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ အမိစောင့်ရှောက်ထားသောမိန်းမ အဖစောင့်ရှောက်ထား သောမိန်းမ အမိအဖစောင့်ရှောက်ထားသောမိန်းမ မောင်ကြီးမောင်ငယ်စောင့်ရှောက်ထားသောမိန်းမ အစ်မ ညီမစောင့်ရှောက်ထားသောမိန်းမ ဆွေမျိုးစောင့်ရှောက်ထားသောမိန်းမ အနွယ်စောင့်ရှောက်ထားသောမိန်းမ တရားကျင့်ဖော်တို့စောင့်ရှောက်ထားသောမိန်းမ လင်ရှိသောမိန်းမ ဒဏ်ထားအပ်သောမိန်းမနှင့် အယုတ်ဆုံး အားဖြင့် (ငါ့မယားဟု) ပန်းကုံးစွပ်ထားသော မိန်းမတို့၌သော်လည်း လွန်ကျူးခြင်းသို့ မရောက်။ သာရိပုတြာ ဤသို့ သဘောရှိသော ကိုယ်အမူအရာကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ် ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ “ရဟန်းတို့ ငါသည် ကိုယ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုကိုယ်အမူအရာသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင် စကားကို ငါဟော၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟော၏။

ရဟန်းတို့ ငါသည် နှုတ်အမူအရာကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ပ။ ရဟန်းတို့ ငါသည် စိတ်အမူအရာကိုလည်း နှစ်မျိုးဟော၏။ပ။ ရဟန်းတို့ ငါသည် စိတ်ဖြစ်ခြင်းကိုလည်း နှစ်မျိုး ဟော၏။ပ။ ရဟန်းတို့ ငါသည် သညာရခြင်းကိုလည်း နှစ်မျိုးဟော၏။ပ။ ရဟန်းတို့ ငါသည် ဒိဋ္ဌိရခြင်း ကိုလည်း နှစ်မျိုးဟော၏။ပ။ “ရဟန်းတို့ ငါသည် အတ္တဘောရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် ဤစကားကို ငါဟော၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောသနည်း။ သာရိပုတြာ အကြင်သို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော အတ္တဘောရခြင်းကို မမှီဝဲထိုက်။ သာရိပုတြာ အကြင်သို့ သဘောရှိ သော အတ္တဘောရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲထိုက်၏။

သာရိပုတြာ အဘယ်သို့ သဘောရှိသော အတ္တဘောရခြင်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်သနည်း။ သာရိပုတြာ ဆင်းရဲရှိသော အတ္တဘော ရခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား (ဘဝတို့၏) မပြီးဆုံးသည်၏အဖြစ်ကြောင့် အကုသိုလ်တရားတို့တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ သာရိပုတြာ ဆင်းရဲဒုက္ခမရှိသော အတ္တဘောရခြင်းကို ဖြစ်စေသော ပုဂ္ဂိုလ်အား (ဘဝတို့၏) ပြီးဆုံးသည်၏အဖြစ်ကြောင့် အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ “ရဟန်းတို့ ငါသည် အတ္တဘောရခြင်းကိုလည်း မှီဝဲထိုက် မမှီဝဲ ထိုက်ဟု နှစ်မျိုးဟော၏၊ ထိုအတ္တဘောရခြင်းသည်လည်း တစ်မျိုးစီဖြစ်၏”ဟု ဤသို့လျှင် အကြင်စကား ကို ငါဟော၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟော၏။ သာရိပုတြာ ငါသည် အကျဉ်း အားဖြင့် ဟောထားအပ်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်ရမည်။

၁၁၉။ သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ သာရိပုတြာ ငါသည် သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ သာရိပုတြာ ဃာနဝိညာဏ်ဖြင့် သိအပ်သော အနံ့ ‘ဂန္ဓာရုံ’ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ သာရိပုတြာ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ သာရိပုတြာ ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ သာရိပုတြာ ငါသည် မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် နားလည်ပါ၏—“သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း’ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထိုစကားကို အဘယ်ကို အကြောင်း ပြု၍ ဟောတော်မူပါသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ပါကုန်၏၊ ဤသို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘော ရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲ ထိုက်၏။ “သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူပါ၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်း ပြု၍ ဟောတော်မူပါ၏။

သာရိပုတြာ ငါသည် သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကိုလည်း။ပ။ ဤသို့ သဘောရှိသော သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကို မမှီဝဲထိုက်။ ဤသို့ သဘောရှိသော သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကို မှီဝဲထိုက်၏။ ဤသို့ သဘောရှိသော ဃာနဝိညာဏ် ဖြင့် သိအပ်သော အနံ့ ‘ဂန္ဓာရုံ’ ကို မမှီဝဲထိုက်။ ဤသို့ သဘောရှိသော ဃာနဝိညာဏ်ဖြင့် သိအပ်သော အနံ့ ‘ဂန္ဓာရုံ’ ကို မှီဝဲထိုက်၏။ ဤသို့ သဘောရှိသော ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ ကို မမှီဝဲထိုက်။ ဤသို့ သဘောရှိသော ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ ကို မှီဝဲထိုက်၏။ သာရိ ပုတြာ ငါသည် ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကိုလည်း။ပ။ ဤသို့ သဘောရှိသော ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို မမှီဝဲထိုက်။ ဤသို့ သဘောရှိသော ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ့’ဖောဋ္ဌဗ္ဗာရုံ’ကို မှီဝဲထိုက်၏။

“သာရိပုတြာ ငါသည် မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ဤ စကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏၊ ဤသို့ သဘောရှိသော ဓမ္မာရုံကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့သဘောရှိသော မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကို မှီဝဲသော ပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏၊ ဤသို့ သဘောရှိသော ဓမ္မာရုံကို မှီဝဲထိုက်၏။ “သာရိပုတြာ ငါသည် မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောတော်မူ၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို ဝေဖန်တော်မမူသော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် နားလည်ပါ၏ဟု (လျှောက်၏)။

၁၂ဝ။ သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ ငါသည် အကျဉ်းမျှသာ ဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရား၏ အဓိပ္ပါယ်ကို သင်သည် ဤသို့ အကျယ်အားဖြင့် ကောင်းစွာသာလျှင် သိ၏—“သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် ဤစကားကို ငါဟော၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောသနည်း။ သာရိပုတြာ အကြင်သို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ကို မမှီဝဲထိုက်။ သာရိပုတြာ အကြင်သို့သဘောရှိသော စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကို မှီဝဲသောပုဂ္ဂိုလ် အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော အဆင်း ‘ရူပါရုံ’ ကို မှီဝဲထိုက်၏။ “သာရိပုတြာ ငါသည် စက္ခုဝိညာဏ်ဖြင့် သိအပ်သော အဆင်း ‘ရူပါရုံ’ ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို ငါဟောထား၏၊ ထို စကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား၏။

သာရိပုတြာ ငါသည် သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကိုလည်း။ပ။ ဤသို့ သဘောရှိသော သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော သောတဝိညာဏ်ဖြင့် သိအပ်သော အသံ ‘သဒ္ဒါရုံ’ ကို မှီဝဲထိုက်၏။ ဤသို့ သဘောရှိသော ဃာန ဝိညာဏ်ဖြင့် သိအပ်သော အနံ့ ‘ဂန္ဓာရုံ’ ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ဃာနဝိညာဏ်ဖြင့် သိ အပ်သော အနံ့ ‘ဂန္ဓာရုံ’ကို မှီဝဲထိုက်၏။ ဤသို့ သဘောရှိသော ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော အရသာ ‘ရသာရုံ’ကို မှီဝဲထိုက်၏။ ဤသို့ သဘောရှိသော ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ကို မမှီဝဲ ထိုက်၊ ဤသို့ သဘောရှိသော ကာယဝိညာဏ်ဖြင့် သိအပ်သော အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို မှီဝဲ ထိုက်၏။

သာရိပုတြာ ငါသည် မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကိုလည်း။ပ။ ဤသို့ သဘောရှိသော မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော မနောဝိညာဏ်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ ကို မှီဝဲထိုက်၏။ “သာရိပုတြာ ငါသည် မနောဝိညာဏ့်ဖြင့် သိအပ်သောသဘော ‘ဓမ္မာရုံ’ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို ငါဟောထား၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား၏။ သာရိပုတြာ ငါအကျဉ်းမျှသာ ဟောထားသော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်သားရမည်။

၁၂၁။ သာရိပုတြာ သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏။ပ။ သာရိပုတြာ ငါသည် ဆွမ်းကိုလည်း။ သာရိပုတြာ ငါသည် ကျောင်းကိုလည်း။ သာရိပုတြာ ငါသည် ရွာကိုလည်း။ သာရိပုတြာ ငါသည် နိဂုံးကိုလည်း။ သာရိပုတြာ ငါသည် မြို့ကိုလည်း။ သာရိပုတြာ ငါသည် ဇနပုဒ်ကိုလည်း။ သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏ဟု ( မိန့်တော် မူ၏ )။

ဤသို့ မိန့်တော်မူသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် နားလည်ပါ၏— “သာရိပုတြာ ငါသည် သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူသနည်း။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော သင်္ကန်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော သင်္ကန်းကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့သဘော ရှိသော သင်္ကန်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော သင်္ကန်းကို မှီဝဲထိုက်၏။ “သာရိပုတြာ ငါသည် သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို မြတ်စွာဘုရား ဟောတော်မူပါ၏၊ ထိုစကားကို ဤ (ဆိုခဲ့ပြီး) ကို အကြောင်းပြု၍ ဟောတော်မူ၏။

သာရိပုတြာ ငါသည် ဆွမ်းကိုလည်း။ပ။ ဤသို့ သဘောရှိသော ဆွမ်းကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ဆွမ်းကို မှီဝဲထိုက်၏။ သာရိပုတြာ ငါသည် ကျောင်းကိုလည်း။ပ။ ဤသို့ သဘောရှိသော ကျောင်းကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ကျောင်းကို မှီဝဲထိုက်၏။ သာရိပုတြာ ငါသည် ရွာကိုလည်း။ပ။ ဤသို့ သဘောရှိသော ရွာကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ရွာကို မှီဝဲထိုက်၏။ ဤသို့ သဘောရှိသော နိဂုံးကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော နိဂုံးကို မှီဝဲထိုက်၏။ ဤသို့ သဘောရှိသော မြို့ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော မြို့ကို မှီဝဲထိုက်၏။ ဤသို့ သဘောရှိသော ဇနပုဒ်ကို မမှီဝဲထိုက်၊ ဤသို့ သဘောရှိသော ဇနပုဒ်ကို မှီဝဲထိုက်၏။

“သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် ဤစကားကို မြတ်စွာဘုရား ဟောတော်မူပါ၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟောတော်မူပါ သနည်း၊ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ပါကုန်၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မမှီဝဲထိုက်။ မြတ်စွာဘုရား အကြင်သို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ် ၍ ကုသိုလ်တရားတို့သည် တိုးပွါးပါကုန်၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်ကုန်၏။ “သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင် စကားကို မြတ်စွာဘုရား ဟောထားတော်မူ၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား တော်မူ၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျဉ်းမျှသာ ဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရားတော်၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့်အကျွန်ုပ်နားလည်ပါ၏ဟု (လျှောက်၏)။

၁၂၂။ သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ ငါသည် အကျဉ်းမျှသာ ဟော၍ အကျယ်အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရား၏ အဓိပ္ပါယ်ကို သင်သည် ဤသို့ အကျယ်အားဖြင့် ကောင်းစွာသာလျှင် သိပေ၏—“သာရိပုတြာ ငါသည် သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုး ဟော၏”ဟု ဤသို့လျှင် ဤစကားကို ငါဟောထား၏၊ ဤစကားကို အဘယ်ကို အကြောင်းပြု၍ ဟော ထားသနည်း၊ သာရိပုတြာ အကြင်သို့ သဘောရှိသော သင်္ကန်းကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရား တို့ တိုးပွါး၍ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော သင်္ကန်းကို မမှီဝဲထိုက်။ သာရိပုတြာ အကြင်သို့ သဘောရှိသော သင်္ကန်းကို မှီဝဲသော ပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ် ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော သင်္ကန်းကို မှီဝဲထိုက်၏။ “သာရိပုတြာ ငါသည် သင်္ကန်းကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင် စကားကို ငါဟောထား၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား၏၊ [ပဌမဆိုခဲ့ပြီး အတိုင်း အကျယ်သိရမည်]။ ဤသို့သဘောရှိသော ဆွမ်းကို။ ဤသို့ သဘောရှိသော ကျောင်းကို။ ဤသို့ သဘောရှိသော ရွာကို။ ဤသို့ သဘောရှိသော နိဂုံးကို။ ဤသို့ သဘောရှိသော မြို့ကို။ ဤသို့ သဘောရှိသော ဇနပုဒ်ကို။

“သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် ဤ စကားကို ငါဟောထား၏၊ ထိုစကားကို အဘယ်ကို အကြောင်းပြု၍ ဟောထားသနည်း။ သာရိပုတြာ အကြင်သို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရား တို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မမှီဝဲထိုက်။ သာရိပုတြာ အကြင်သို့ သဘောရှိသောပုဂ္ဂိုလ်ကို မှီဝဲသောပုဂ္ဂိုလ်အား အကုသိုလ်တရားတို့ ဆုတ်ယုတ်၍ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏။ “သာရိပုတြာ ငါသည် ပုဂ္ဂိုလ်ကိုလည်း မှီဝဲထိုက် မမှီဝဲထိုက်ဟု နှစ်မျိုးဟော၏”ဟု ဤသို့လျှင် အကြင်စကားကို ငါဟောထား၏၊ ထိုစကားကို ဤ(ဆိုခဲ့ပြီး)ကို အကြောင်းပြု၍ ဟောထား၏၊ သာရိပုတြာ ငါသည် အကျဉ်းအားဖြင့် ဟော၍ အကျယ် အားဖြင့် အဓိပ္ပါယ်ကို မဝေဖန်သော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် မှတ်ရမည်။

၁၂၃။ သာရိပုတြာ အလုံးစုံသော မင်းတို့သည် အကျဉ်းအားဖြင့် ဟောထားသော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကယ်၍ သိကုန်မူ အလုံးစုံသော မင်းတို့အားလည်း ရှည်မြင့် စွာသောကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ သာရိပုတြာ အလုံးစုံသော ပုဏ္ဏားတို့ သည်။ပ။ သာရိပုတြာ အလုံးစုံသော ကုန်သည်တို့သည်။ပ။ သာရိပုတြာ အလုံးစုံသော သူဆင်းရဲတို့သည် ငါအကျဉ်းအားဖြင့် ဟောထားသော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကယ်၍ သိကုန် မူ အလုံးစုံသော သူဆင်းရဲတို့အားလည်း ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏။ သာရိပုတြာ နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကသည်လည်းကောင်း (သာသနာတော် အတွင်းအပဖြစ်သော) သမဏ ဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့် တကွသော သတ္တဝါအပေါင်းသည်လည်းကောင်း ငါသည် အကျဉ်းအားဖြင့် ဟောထားသော ဤတရား၏ အဓိပ္ပါယ်ကို ဤသို့အကျယ်အားဖြင့် အကယ်၍ သိကုန်မူ နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့် တကွသော ဤလောကအားလည်းကောင်း၊ (သာသနာတော် အတွင်းအပဖြစ်သော) သမဏ ဗြာဟ္မဏနှင့် တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါအပေါင်းအားလည်းကောင်း ရှည်မြင့်စွာသော ကာလ ပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

လေးခုမြောက် သေဝိတဗ္ဗာသေဝိတဗ္ဗသုတ် ပြီး၏။