မဇ္ဈိမနိကာယ်

၅—ဗဟုဓာတုကသုတ်

၁၂၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ဘေးရန်ဟူသမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။ ဘေးဥပဒ်မှန်သမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။ ပူဆွေးရမှုမှန်သမျှ တို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။ ရဟန်းတို့ ဥပမာအားဖြင့် ကျူမိုးအိမ်မှလည်းကောင်း၊ မြက်မိုးအိမ်မှလည်းကောင်း လွင့်သောမီးသည် အတွင်းအပ လိမ်းကျံထားကုန်သော လေတိတ်ကုန်သော ထိစပ်သော တံခါးရွက်ရှိကုန်သော ပိတ်ထားသော လေသာတံခါးရှိကုန်သော အထွတ် တပ်သော အိမ်တို့ကိုသော်လည်း လောင်ကျွမ်းသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဘေးရန်မှန်သမျှတို့ သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။ ဘေးဥပဒ်မှန်သမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ကုန်။ ပူဆွေးရမှုမှန်သမျှတို့သည် သူမိုက်ကြောင့် ဖြစ်ကုန်၏၊ ပညာရှိ ကြောင့် မဖြစ်ကုန်။ ရဟန်းတို့ ဤသို့လျှင် သူမိုက်သည် ဘေးရန်ရှိ၏၊ ပညာရှိသည် ဘေးရန်ကင်း၏။ သူမိုက်သည် ဘေးဥပဒ် ရှိ၏၊ ပညာရှိသည် ဘေးဥပဒ်ကင်း၏။ သူမိုက်သည် ပူဆွေးရမှု ရှိ၏၊ ပညာရှိ သည် ပူဆွေးရမှု ကင်း၏။ ရဟန်းတို့ ပညာရှိမှုကြောင့် ဘေးရန် မရှိ၊ ပညာရှိမှုကြောင့် ဘေးဥပဒ်မရှိ၊ ပညာရှိမှုကြောင့် ပူဆွေးရမှု မရှိ။ ရဟန်းတို့ ထို့ကြောင့် ပညာရှိသူ ဆင်ခြင်တတ်သူတို့ ဖြစ်ကုန်အံ့ဟု ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် ‘ရဟန်းကို ပညာရှိသောရဟန်း ဆင်ခြင်တတ်သော ရဟန်း’ ဟူ၍ ဆိုခြင်းငှါ သင့်ပါသနည်း”ဟု (လျှောက်၏)။ အာနန္ဒာ အကြင်အကြောင်းကြောင့် ရဟန်း သည် ဓာတ်၌လည်း လိမ္မာ၏၊ အာယတန၌လည်း လိမ္မာ၏၊ ပဋိစ္စသမုပ္ပါဒ်၌လည်း လိမ္မာ၏၊ အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်၌လည်း လိမ္မာ၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့် “ရဟန်းကို ပညာရှိသောရဟန်း ဆင်ခြင်တတ်သောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။

၁၂၅။ မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “ဓာတ်၌ လိမ္မာသော ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်ပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ စက္ခုဓာတ် + ရူပဓာတ် + စက္ခုဝိညာဏဓာတ်၊ သောတ ဓာတ်+ သဒ္ဒဓာတ် + သောတဝိညာဏဓာတ်၊ ဃာနဓာတ် + ဂန္ဓဓာတ် + ဃာနဝိညာဏဓာတ်၊ ဇိဝှါဓာတ်+ ရသဓာတ်+ဇိဝှါဝိညာဏဓာတ်၊ ကာယဓာတ်+ဖောဋ္ဌဗ္ဗဓာတ်+ကာယဝိညာဏဓာတ်၊ မနောဓာတ် + ဓမ္မဓာတ် + မနောဝိညာဏဓာတ်အားဖြင့် ဓာတ်တို့သည် တစ်ဆယ့်ရှစ်ပါးတို့တည်း။ အာနန္ဒာ ဤဓာတ်တစ်ဆယ့်ရှစ်ပါး တို့ကို အကြင် အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ (၁)

မြတ်စွာဘုရား “ဓာတ်၌ လိမ္မာသောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ အာနန္ဒာ ရှိ၏၊ အာနန္ဒာ ပထဝီဓာတ့်အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဓာတ်တို့သည် ဤ ခြောက်ပါးတို့တည်း။ ဤဓာတ်ခြောက်ပါးတို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ (၂)

မြတ်စွာဘုရား “ဓာတ်၌ လိမ္မာသောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ အာနန္ဒာ ရှိ၏၊ အာနန္ဒာ သုခဓာတ် ဒုက္ခဓာတ် သောမနဿဓာတ် ဒေါမနဿဓာတ် ဥပေက္ခာဓာတ် အဝိဇ္ဇာဓာတ်အားဖြင့် ဓာတ်တို့သည် ဤခြောက်ပါးတို့တည်း။ အာနန္ဒာ ဤဓာတ်ခြောက်ပါးတို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ (၃)

မြတ်စွာဘုရား “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ အာနန္ဒာ ရှိ၏၊ အာနန္ဒာ လိုချင်မှု ကာမ နှင့်စပ်သော ဓာတ်၊ ထွက်မြောက်မှု နေက္ခမ္မနှင့်စပ်သော ဓာတ်၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ နှင့်စပ်သော ဓာတ်၊ မပျက်စီးစေလိုခြင်း မေတ္တာ ‘အဗျာပါဒ’ နှင့်စပ်သော ဓာတ်၊ ညှဉ်းဆဲခြင်း ‘ဝိဟိံသာ’ နှင့်စပ်သော ဓာတ်၊ မညှဉ်းဆဲခြင်း ‘အဝိဟိံသာ’နှင့်စပ်သော ဓာတ်အားဖြင့် ဓာတ်တို့သည် ဤခြောက်ပါးတို့တည်း၊ အာနန္ဒာ ခြောက်ပါးကုန်သော ဤဓာတ်တို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ (၄)

မြတ်စွာဘုရား “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏ )။ အာနန္ဒာ ရှိ၏၊ အာနန္ဒာ ကာမဓာတ်, ရူပဓာတ်, အရူပဓာတ်၁အားဖြင့် ဓာတ်တို့သည် ဤသုံးပါးတို့တည်း။ အာနန္ဒာ ဤဓာတ်သုံးပါးတို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ (၅)

အသျှင်ဘုရား “ဓာတ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်နိုင်ရာသော တစ်ပါးသော အကြောင်းပရိယာယ်လည်း ရှိပါသေးသလောဟု (လျှောက်၏)။ အာနန္ဒာ ရှိ၏၊ အာနန္ဒာ သင်္ခတဓာတ်, အသင်္ခတဓာတ်အားဖြင့် ဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ အာနန္ဒာ ဤဓာတ်နှစ်ပါးတို့ကို အကြင် အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “ဓာတ်၌ လိမ္မာ သောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။ (၆)

၁၂၆။ မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “အာယတန၌ လိမ္မာသောရဟန်း” ဟူ၍ဆိုခြင်းငှါ သင့်ပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ စက္ခုလည်းကောင်း + ရူပါရုံတို့လည်းကောင်း၊ သောတလည်းကောင်း + သဒ္ဒါရုံတို့လည်းကောင်း၊ ဃာနလည်းကောင်း + ဂန္ဓာရုံတို့လည်းကောင်း၊ ဇိဝှါလည်းကောင်း + ရသာရုံတို့လည်းကောင်း၊ ကာယလည်းကောင်း + ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း၊ မနလည်း ကောင်း + ဓမ္မာရုံတို့လည်းကောင်း၊ (ဤသို့) အတွင်းသန္တာန် အပသန္တာန်၌ဖြစ်ကုန်သော ဤအာယတနတို့ သည် ခြောက်ပါးတို့တည်း။ အာနန္ဒာ အတွင်းသန္တာန် အပသန္တာန်၌ဖြစ်ကုန်သော ဤအာယတနခြောက်ပါး တို့ကို အကြင်အကြောင်းကြောင့် ပညာဖြင့် သိ၏၊ မြင်၏၊ အာနန္ဒာ ဤမျှသော အကြောင်းဖြင့်လည်း “အာယတန၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်ပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ ဤအကြောင်းရှိသော် ဤအကျိုးရှိ၏၊ ဤအကြောင်း၏ ဖြစ်ပေါ်ခြင်းကြောင့် ဤအကျိုးဖြစ်ပေါ်၏၊ ဤအကြောင်းမရှိလတ်သော် ဤအကျိုးမရှိ၊ ဤအကြောင်း၏ ချုပ်ခြင်းကြောင့် ဤအကျိုးချုပ်၏ဟု ရဟန်းသည် သိ၏၊

သိပုံကား— မသိမှု ‘အဝိဇ္ဇာ’ ကြောင့် ပြုစီရင်မှု ‘သင်္ခါရ’၊ ပြုစီရင်မှု ‘သင်္ခါရ’ ကြောင့် ပဋိသန္ဓေ ဝိညာဏ်၊ ပဋိသန္ဓေဝိညာဏ်ကြောင့် နာမ်ရုပ်၊ နာမ်ရုပ် ကြောင့် သဠာယတန၊ သဠာယတနကြောင့် တွေ့ထိမှု ‘ဖဿ’၊ တွေ့ထိမှု ‘ဖဿ’ ကြောင့် ခံစားမှု ‘ဝေဒနာ’၊ ခံစားမှု ‘ဝေဒနာ’ကြောင့် တပ်မက်မှု ‘တဏှာ’၊ တပ်မက်မှု ‘တဏှာ’ကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’၊ စွဲလမ်းမှု ‘ဥပါဒါန်’ ကြောင့် ဖြစ်ကြောင်းကံ ‘ဘဝ’၊ ဖြစ်ကြောင်းကံ ‘ဘဝ’ ကြောင့် ဖြစ်ပွါးခြင်း ‘ဇာတိ’၊ ဖြစ်ပွါးခြင်း ‘ဇာတိ’ ကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ် ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ဖြစ်ကုန်၏။ ဤသို့ ချမ်းသာမဖက် သော ဆင်းရဲအစု၏ ဖြစ်ပွါးခြင်းသည် ဖြစ်၏။

မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် တပ်ခြင်းကင်းသဖြင့် အကြွင်းမဲ့ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏၊ ပဋိသန္ဓေဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတနချုပ်၏၊ သဠာယတန ချုပ်ခြင်းကြောင့် တွေ့ထိမှု ‘ဖဿ’ချုပ်၏၊ တွေ့ထိမှု ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်၏၊ ခံစားမှု ‘ဝေဒနာ’ ချုပ်ခြင်း ကြောင့် တပ်မက်မှု ‘တဏှာ’ ချုပ်၏၊ တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ချုပ်၏၊ စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ ‘ဘဝ’ချုပ်၏၊ ဖြစ်ကြောင်းကံ ‘ဘဝ’ချုပ်ခြင်းကြောင့် ဖြစ်ပွါးခြင်း ‘ဇာတိ’ချုပ်၏၊ ဖြစ်ပွါးခြင်း ‘ဇာတိ’ ချုပ်ခြင်းကြောင်းကြောင့် အိုခြင်း ‘ဇရာ’၊ သေခြင်း ‘မရဏ’၊ ပူဆွေးခြင်း ‘သောက’၊ ငိုကြွေးခြင်း ‘ပရိဒေဝ’၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ချုပ်ကုန်၏၊ ဤသို့ ချမ်းသာမဖက်သော ဆင်းရဲအစု၏ ချုပ်ခြင်း သည် ဖြစ်၏ဟု (သိ၏)။ အာနန္ဒာ ဤမျှသော အကြောင့်ဖြင့်သာလျှင် “ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာသော ရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။

၁၂၇။ မြတ်စွာဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “အကြောင်းဟုတ်သည် အကြောင်း မဟုတ်သည်၌ လိမ္မာသောရဟန်း” ဟူ၍ ဆိုခြင်းငှါ သင့်ပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ ဤသာသနာ တော်၌ ရဟန်းသည် သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော သင်္ခါရတရား ကို နိစ္စဟုယူရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား တစ်စုံ တစ်ခုသော သင်္ခါရတရားကို နိစ္စဟုယူရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ သောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်း အရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် တစ်စုံတစ်ခုသော သင်္ခါရတရားကို အတ္တဟု ယူရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာ တွင် ပုထုဇဉ်ပုဂ္ဂိုလ်အား တစ်စုံတစ်ခုသော သင်္ခါရတရားကို အတ္တဟု ယူရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။

၁၂၈။ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား အမိကိုသတ်ရာသော အကြောင်းအရာ မျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား အမိကိုသတ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား အဖကိုသတ်ရာသော အကြောင်းအရာ မျိုးသည် မရှိ။ပ။ ရဟန္တာကိုသတ်ရာသော အကြောင်းအရာမျိုးသည်။ပ။ ရှိ၏ဟု သိ၏။ သောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား မြတ်စွာဘုရားကို ပြစ်မှားလိုသော စိတ်ဖြင့် သွေးကို ဖြစ်စေရာ သော အကြောင်း အရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား မြတ်စွာဘုရားကို ပြစ်မှား့လိုသောစိတ်ဖြင့် သွေးကို ဖြစ်စေရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ သောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား သံဃာကို သင်းကွဲစေရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား သံဃာကို သင်းကွဲစေရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ( မြတ်စွာဘုရားမှ) တစ်ပါးသောသူကို ဆရာဟု ညွှန်းရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ပုထုဇဉ်ပုဂ္ဂိုလ်အား မြတ်စွာဘုရား မှ တစ်ပါးသောသူကို ဆရာဟု ညွှန်းရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။

၁၂၉။ တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော နှစ်ဆူသော မြတ်စွာဘုရား တို့သည် မရှေးမနှောင်း ပွင့်တော်မူကုန်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် တစ်ခုသော လောကဓာတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားတဆူတည်း ပွင့်တော်မူရာ သော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်းနှစ်ပါး မရှေး မနှောင်း ဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် တစ်ခုသော လောကဓာတ်၌ စကြဝတေးမင်းတစ်ပါးတည်း၏ ဖြစ်ပေါ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။

၁၃ဝ။ မိန်းမသည် ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဖြစ်ရာသော အကြောင်း အရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ယောကျာ်းသည် ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဖြစ်ရာသော အကြောင်း အရာမျိုးကား ရှိ၏ဟု သိ၏။ မိန်းမသည် စကြဝတေးမင်း ဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် ယောကျာ်းသည် စကြဝတေးမင်း ဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ မိန်းမသည် သိကြားမင်းဖြစ်ရာသော အကြောင်း အရာမျိုးသည် မရှိ၊ မာရ်နတ်ဖြစ်ရာသော, ဗြဟ္မာမင်း ဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏၊ သို့ရာတွင် ယောကျာ်းသည် သိကြားမင်းဖြစ်ရာသော, မာရ် နတ်ဖြစ်ရာသော, ဗြဟ္မာမင်းဖြစ်ရာသော အကြောင်းအရာ မျိုးကား ရှိ၏ဟု သိ၏။

၁၃၁။ ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ကာယဒုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ကာယဒုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ဝစီဒုစရိုက်’၏။ပ။ စိတ်ဖြင့် ပြုအပ်သော မကောင်းမှု ‘မနော ဒုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အကျိုးဖြစ်ရာ သော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ဝစီဒုစရိုက်’၏။ပ။ စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘မနောဒုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ် သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟုသိ၏။ ကိုယ်ဖြင့်ပြုအပ်သော ကောင်းသော အကျင့် ‘ကာယသုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ကိုယ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ကာယ သုစရိုက်’၏ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။ နှုတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’၏။ပ။ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့် ‘မနောသုစရိုက်’၏ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အကျိုးဖြစ်ရာ သော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် နှုတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’၏။ပ။ စိတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘မနောသုစရိုက်’၏ အလိုရှိအပ် နှစ်သက် အပ် မြတ်နိုးအပ်သော အကျိုးဖြစ်ရာသော အကြောင်းအရာမျိုးကား ရှိ၏ဟု သိ၏။

ကာယဒုစရိုက်နှင့် ပြည့်စုံသောသူသည် ထို (ကာယဒုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ရောက်ရာသော အကြောင်း အရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ကာယဒုစရိုက်နှင့် ပြည့်စုံသော သူသည် ထို (ကာယ ဒုစရိုက်)ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်း အရာမျိုးကား ရှိ၏ဟု သိ၏။ ဝစီဒုစရိုက်နှင့် ပြည့်စုံသောသူအား။ပ။ မနောဒုစရိုက်နှင့် ပြည့်စုံသောသူ အား ထို (မနောဒုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ဝစီဒုစရိုက်နှင့် ပြည့်စုံသောသူအား။ပ။ မနောဒုစရိုက်နှင့် ပြည့်စုံသောသူအား ထို (မနော ဒုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်း အရာမျိုးကား ရှိ၏ဟု သိ၏။

ကာယသုစရိုက်နှင့် ပြည့်စုံသောသူအား ထို (ကာယသုစရိုက်) ဟူသော အကြောင်းအထောက် အပံ့ ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ရောက်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ကာယ သုစရိုက်နှင့် ပြည့်စုံသောသူအား ထို (ကာယသုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ရောက်ရာသော အကြောင်းအရာ မျိုးကား ရှိ၏ဟု သိ၏။ ဝစီသု စရိုက်နှင့် ပြည့်စုံသောသူအား။ပ။ မနောသုစရိုက်နှင့် ပြည့်စုံသောသူအား ထို (မနောသုစရိုက်)ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရာသော အကြောင်းအရာမျိုးသည် မရှိဟု သိ၏။ သို့ရာတွင် ဝစီသုစရိုက်နှင့် ပြည့်စုံသောသူအား။ပ။ မနော သုစရိုက်နှင့် ပြည့်စုံသောသူအား ထို (မနောသုစရိုက်) ဟူသော အကြောင်းအထောက်အပံ့ကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရာသော အကြောင်းအရာ မျိုးကား ရှိ၏ဟု သိ၏။ အာနန္ဒာ ဤမျှသော အကြောင်းဖြင့် “အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာသောရဟန်း”ဟူ၍ ဆိုခြင်းငှါ သင့်၏ဟု (မိန့်တော်မူ၏)။

၁၃၂။ ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား ဤတရား ဒေသနာတော်သည် အဘယ်အမည် ရှိပါသနည်း”ဟု (လျှောက်ထား၏)။ အာနန္ဒာ ထိုအကြောင်းကြောင့် ဤတရားဒေသနာတော်ကို ဗဟုဓာတုက၂ ဒေသနာဟူ၍လည်း မှတ်လော့၊ စတုပရိဝဋ္ဋ၃ ဒေသနာဟူ၍လည်း မှတ်လော့၊ ဓမ္မာဒါသ၄ ဒေသနာဟူ၍လည်း မှတ်လော့၊ အမတဒုန္ဒုဘိ၅ ဒေသနာဟူ၍လည်း မှတ်လော့၊ အနုတ္တရသင်္ဂါမဝိဇယ၆ ဒေသနာဟူ၍လည်း မှတ်လော့ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ငါးခုမြောက် ဗဟုဓာတုကသုတ် ပြီး၏။

၁။ ကာမဓာတ်— ကာမဘုံ၌ အကျုံးဝင်သော ခန္ဓာငါးပါး။ ရူပဓာတ်— ရူပတစ်ဆယ့်ငါးဘုံ၌ အကျုံးဝင်သော ခန္ဓာငါးပါး။ အရူပဓာတ်— အရူပလေးဘုံ၌ အကျုံးဝင်သော နာမက္ခန္ဓာလေးပါး။

၂။ များစွာသောဓာတ်တို့ကို ဝေဖန်ဟောရာ

၃။ ဓာတ်, အာယတန, ပဋိစ္စသမုပ္ပါဒ်, ဌာနာဌာန ဤ လေးမျိုးကို အပြန်အလှန်ဟောရာ

၄။ ကြေးမုံနှင့်တူသော တရားဒေသနာ

၅။ စည်ကြီးနှင့်တူစွာ အမြိုက်တရားတို့ကို ကြွေးကြော်ရာ ဒေသနာ

၆။ အတုမဲ့ စစ်အောင်ပွဲနှင့်တူသော ဒေသနာ