မဇ္ဈိမနိကာယ်

—၇—မဟာစတ္တာရီသကသုတ်

၁၃၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်တို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “ရဟန်းတို့ အကြောင်းနှင့်တကွ အခြံအရံနှင့်တကွသော အပြစ် ကင်းသော ကောင်းသော သမာဓိကို သင်တို့အား ဟောကြားပေအံ့၊ ထိုစကားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့ ဟောပေအံ့”ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ ့သော စကားကို မိန့်တော်မူ၏—

ရဟန်းတို့ အကြောင်းနှင့်တကွ အခြံအရံနှင့်တကွသော အပြစ်ကင်းသော ကောင်းသော သမာဓိသည် အဘယ်နည်း၊ ဤအခြံအရံဟူသည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံခြင်း ‘သမ္မာ သင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ တို့တည်း။ ရဟန်းတို့ ဤခုနစ်ပါးသော အင်္ဂါတို့ဖြင့် ခြံရံသော စိတ်တည်ကြည်မှုသည် ရှိ၏၊ အပြစ်ကင်းသော ဤ ကောင်းသော သမာဓိကို အကြောင်းနှင့်တကွဖြစ်၏ဟူ၍လည်းကောင်း၊ အခြံအရံနှင့်တကွဖြစ်၏ဟူ၍လည်း ကောင်း ဆိုရ၏။ ရဟန်းတို့ ထိုတရားတို့တွင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်သနည်း၊ အမှားသိမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ ကို “အမှားသိမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’ ဟူ၍ သိ၏။ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ကို မှန်စွာသိမြင်ခြင်း့’သမ္မာဒိဋ္ဌိ’ ဟူ၍” သိ၏။ ထိုသိခြင်းသည် ထိုပုဂ္ဂိုလ်၏ မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။

ရဟန်းတို့ အမှားသိမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’သည် အဘယ်နည်း၊ အလှူ၏အကျိုးသည် မရှိ၊ ယဇ်ပူဇော် ခြင်း၏ အကျိုးသည် မရှိ၊ဟုန်းပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုး ဝိပါတ်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသောလောကသည် မရှိ၊ အမိ၌ ပြုအပ်သော အကျိုး သည် မရှိ၊ အဖ၌ ပြုအပ်သော အကျိုးသည် မရှိ၊ (ပဋိသန္ဓေ တည်နေသောအားဖြင့် တစ်ဆယ့်ငါးနှစ်ရွယ် ကိုယ်ထင်ရှားဖြစ်သော) ဥပပါတ်သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော ညီညွတ်ခြင်းသို့ ရောက်ကုန်၍ ကောင်းသော အကျင့်ရှိ ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ရဟန်းတို့ ဤသို့ သိမြင်ခြင်းသည်ကား အမှားသိမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’တည်း။

ရဟန်းတို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’သည် အဘယ်နည်း။ ရဟန်းတို့ ငါသည် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏၊ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ရဟန်း တို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာ မည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’သည် အဘယ်နည်း။ အလှူ၏ အကျိုးသည် ရှိ၏၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ဟုန်းပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက် သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ အဖ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ (ပဋိသန္ဓေတည်နေသောအားဖြင့် တစ်ဆယ့်ငါးနှစ်ရွယ် ကိုယ်ထင်ရှားဖြစ်သော) ဥပပါတ်သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော ညီညွတ်ခြင်းသို့ ရောက်ကုန်၍ ကောင်းသော အကျင့်ရှိကုန် သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏ဟု ရဟန်းတို့ ဤသို့ သိမြင်ခြင်းသည်ကား အာသဝေါ တရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’တည်း။

ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် အဘယ် နည်း။ ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့်စုံသော အရိယမဂ်ကို ပွါးသောပုဂ္ဂိုလ်၏ အပြားအားဖြင့် သိခြင်း’ပညာ’ အပြားအားဖြင့် သိခြင်း၌ အစိုးရခြင်း ‘ပညိန္ဒြေ’ (အဝိဇ္ဇာကြောင့်) မတုန်လှုပ်ခြင်း ‘ပညာဗိုလ်’ သမ္ဗောဇ္ဈင်အဖြစ်သို့ ရောက်၍ သစ္စာလေးပါးတို့ကို စိစစ်ဆင်ခြင်ခြင်း ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ မှန်စွာသိမြင်ခြင်း’သမ္မာဒိဋ္ဌိ’ မဂ်၏ အစိတ်အပိုင်းဖြစ်သော ပညာ သည် ရှိ၏။ ရဟန်းတို့ ဤပညာကို အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောက ကို လွန်မြောက်၍ လောကုတ္တရာဖြစ်သော မဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဟူ၍ ဆိုရ၏။ ထိုရဟန်းသည် မိစ္ဆာဒိဋ္ဌိ ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာဒိဋ္ဌိ ဖြစ်ပေါ်ခြင်းငှါ လုံ့လပြု၏၊ ထိုလုံ့လပြုခြင်းသည် မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’ မည်၏။ ထိုရဟန်းသည် သတိနှင့်ပြည့်စုံ၍ မိစ္ဆာဒိဋ္ဌိကို ပယ်၏၊ သတိနှင့်ပြည့်စုံ၍ သမ္မာဒိဋ္ဌိကို ပြည့်စုံစေ၍ နေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသတိသည် မှန်စွာ အောက်မေ့ခြင်း့’သမ္မာသတိ’ မည်၏၊ ဤသို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာ ဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူသော ဤတရားသုံးပါးတို့သည် သမ္မာဒိဋ္ဌိသို့ အစဉ်ပြေးဝင် ကုန်၏၊ အစဉ်ခြံရံကုန်၏။

၁၃၇။ ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း၊ အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’ကို အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’ ဟူ၍ သိ၏၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ကို မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ဟူ၍ သိ၏၊ ထိုသိခြင်းသည် ထို ပုဂ္ဂိုလ်၏ မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ ရဟန်းတို့ အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’ သည် အဘယ် နည်း။ ကာမဂုဏ်နှင့်စပ်၍ ကြံခြင်း၊ ဖျက်ဆီးခြင်းနှင့် စပ်၍ ကြံခြင်း၊ ညှဉ်းဆဲခြင်းနှင့် စပ်၍ ကြံခြင်း တည်း။ ရဟန်းတို့ ဤသည်ကား အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’တည်း။

ရဟန်းတို့ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ သည် အဘယ်နည်း။ ရဟန်းတို့ ငါသည် မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏၊ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကိုပေးတတ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’သည် ရှိ၏။ ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာ မည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ သည် ရှိ၏။

ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’သည် အဘယ်နည်း။ ကာမမှ ထွက်မြောက်ခြင်းနှင့် စပ်သော ကြံခြင်း၊ မဖျက်ဆီးခြင်းနှင့်စပ်၍ ကြံခြင်း၊ မညှဉ်းဆဲခြင်းနှင့်စပ်၍ ကြံခြင်းတို့တည်း။ ရဟန်းတို့ ဤသည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’တည်း။

ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’သည် အဘယ် နည်း။ ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့်စုံသော အရိယမဂ်ကို ပွါးသော ပုဂ္ဂိုလ်၏ ကြံခြင်း ‘တက္က’၊ အထူးကြံခြင်း ‘ဝိတက္က’၊ ကောင်းစွာကြံခြင်း ‘သင်္ကပ္ပ’၊ အာရုံ၌ စိတ်ကို ထားခြင်း ‘အပ္ပနာ’၊ တည်ကြည်၍ အာရုံ၌ စိတ်ကို အထူးထားခြင်း ‘ဗျပ္ပနာ’၊ စိတ်ကို အာရုံသို့ တင်ခြင်း ‘စေတသော အဘိနိရောပနာ’၊ ဝစီပြုပြင်မှု ‘ဝစီသင်္ခါရ’ သည် ရှိ၏။ ရဟန်းတို့ ဤ ကြံခြင်းသည် အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်း ဖြစ်သော မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ မည်၏။ ထိုရဟန်းသည် မိစ္ဆာသင်္ကပ္ပ ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာသင်္ကပ္ပ ဖြစ်ပေါ်ခြင်းငှါ လုံ့လပြု၏၊ ထိုလုံ့လပြုခြင်းသည် ‘သမ္မာဝါယာမ’ မည်၏။ ထိုရဟန်းသည် သတိနှင့် ပြည့်စုံ၍ မိစ္ဆာသင်္ကပ္ပကို ပယ်၏၊ သတိနှင့်ပြည့်စုံလျက် သမ္မာသင်္ကပ္ပကို ပြည့်စုံစေ၍ နေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသတိသည် မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’မည်၏၊ ဤသို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ဟူသော ဤတရားသုံးပါးတို့သည် သမ္မာသင်္ကပ္ပသို့ အစဉ်ပြေးဝင်ကုန်၏၊ အစဉ်ခြံရံကုန်၏။

၁၃၈။ ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း။ အမှားပြောဆိုခြင်း ‘မိစ္ဆာဝါစာ’ ကို အမှားပြောဆိုခြင်း ‘မိစ္ဆာဝါစာ’ ဟူ၍ သိ၏၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ကို မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ဟူ၍ သိ၏၊ ဤသို့ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် ထိုပုဂ္ဂိုလ်၏ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ ရဟန်းတို့ အမှားပြော ဆိုခြင်း ‘မိစ္ဆာဝါစာ’သည် အဘယ်နည်း။ မုသားပြောခြင်း ကုန်းချောခြင်း ကြမ်းတမ်းသော စကားဆိုခြင်း့ပြိန်ဖျင်းသော စကားဆိုခြင်း။ ရဟန်းတို့ ဤသည်ကား အမှားပြောဆိုခြင်း ‘မိစ္ဆာဝါစာ’တည်း။ ရဟန်းတို့ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’သည် အဘယ်နည်း။ ရဟန်းတို့ ငါသည် မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏။ ရဟန်းတို့ အာသဝေါ တရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ် သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’လည်းရှိ၏။ ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည် သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’လည်း ရှိ၏။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ် သော မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’သည် အဘယ်နည်း။ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်း ချောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားဆို ခြင်းမှ ရှောင်ကြဉ်ခြင်း။ ရဟန်းတို့ ဤသည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာပြောဆိုခြင်း’သမ္မာဝါစာ’တည်း။

ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’သည် အဘယ် နည်း။ ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့်စုံသော အရိယမဂ်ကိုပွါးသော ပုဂ္ဂိုလ်၏လေးပါးသော ဝစီဒုစရိုက်တို့မှ ဝေးစွာ ကြဉ်ခြင်း၊ ကင်းရှင်းအောင် ကြဉ်ခြင်း၊ လုံးလုံးမဖြစ်ဘဲ ဆုတ်နစ်၍ ကြဉ်ခြင်း၊ ရန်ကို ဖျက်ဆီးခြင်းသည် ရှိ၏။ ရဟန်းတို့ ဤရှောင် ကြဉ်ခြင်းသည် အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ မည်၏။ ထို ရဟန်းသည် မိစ္ဆာဝါစာ ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာဝါစာ ဖြစ်ပေါ်ခြင်းငှါ လုံ့လပြု၏။ ထို လုံ့လပြုခြင်းသည် မှန်စွာလုံ့လပြုခြင်း ‘သမ္မာဝါယာမ’မည်၏။ ထိုရဟန်းသည် သတိနှင့်ပြည့်စုံလျက် မိစ္ဆာဝါစာကို ပယ်၏၊ သတိနှင့်ပြည့်စုံလျက် သမ္မာဝါစာကို ပြည့်စုံစေ၍ နေ၏၊ ထိုသတိသည် မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ မည်၏။ ဤသို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာ ဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူသော ဤတရားသုံးပါးတို့သည် သမ္မာဝါစာသို့ အစဉ် ပြေးဝင်ကုန်၏၊ အစဉ်ခြံရံကုန်၏။

၁၃၉။ ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း။ အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ’ ကို အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ’ ဟူ၍ သိ၏၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ဟူ၍ သိ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် မှန်စွာ သိခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။

ရဟန်းတို့ အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ’သည် အဘယ်နည်း။ သူ့အသက်ကို သတ်ခြင်း၊ မပေး သည်ကို ယူခြင်း၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်း။ ရဟန်းတို့ ဤသည်ကား အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ’တည်း။

ရဟန်းတို့ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’သည် အဘယ်နည်း။ ရဟန်းတို့ ငါသည် မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ ကိုလည်း နှစ်မျိုးရှိ၏ဟူ၍ ဟော၏။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံ ဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကိုပေးတတ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာ ကမ္မန္တ’လည်း ရှိ၏။ ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာ ကမ္မန္တ’လည်း ရှိ၏။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာ ဟူသော အကျိုးကိုပေးတတ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’သည် အဘယ်နည်း။ သူ့အသက့်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကိုယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမတို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရဟန်းတို့ ဤသည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကိုပေးတတ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’တည်း။

ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ သည် အဘယ်နည်း။ ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့် စုံသော အရိယမဂ်ကိုပွါးသော ပုဂ္ဂိုလ်၏ ကာယဒုစရိုက်သုံးပါးတို့မှ ဝေးစွာ ကြဉ်ခြင်း၊ ကင်းရှင်းအောင် ကြဉ်ခြင်း၊ လုံးလုံးမဖြစ်ဘဲ ဆုတ်နစ်၍ ကြဉ်ခြင်း၊ ရန်ကို ဖျက်ဆီးခြင်းသည် ရှိ၏။ ရဟန်းတို့ ဤ ရှောင်ကြဉ်ခြင်းသည် အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’မည်၏။

ထိုရဟန်းသည် မိစ္ဆာကမ္မန္တ ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာကမ္မန္တ ဖြစ်ပေါ်ခြင်းငှါ လုံ့လ ပြု၏။ ထိုလုံ့လပြုခြင်း အားထုတ်ခြင်းသည် မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’မည်၏။ ထိုရဟန်းသည် သတိနှင့် ပြည့်စုံ၍ မိစ္ဆာကမ္မန္တကို ပယ်၏၊ သတိနှင့်ပြည့်စုံလျက် သမ္မာကမ္မန္တကို ပြည့်စုံစေ၍ နေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသတိသည် မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ မည်၏။ ဤသို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူသော ဤတရား သုံးပါးတို့သည် သမ္မာကမ္မန္တသို့ အစဉ်ပြေးဝင်ကုန်၏၊ အစဉ်ခြံရံကုန်၏။

၁၄ဝ။ ရဟန်းတို့ ထိုတရားတို့တွင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်သနည်း။ အမှားအသက်မွေးခြင်း ‘မိစ္ဆာ အာဇီဝ’ကို အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’ဟူ၍ သိ၏၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ကို မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ဟူ၍ သိ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။

ရဟန်းတို့ အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’သည် အဘယ်နည်း။ လာဘ်အလို့ငှါ အံ့ဖွယ်ကို ဖြစ်စေခြင်း မြှောက်ပင့်ပြောဆိုခြင်း အရိပ်အခြည်ပြုခြင်း အတင်းအကြပ်ပြုခြင်း လာဘ်ဖြင့် လာဘ်ကို ရှာမှီးခြင်း။ ရဟန်းတို့ ဤသည်ကား အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’ တည်း။

ရဟန်းတို့ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ သည် အဘယ်နည်း။ ရဟန်းတို့ ငါသည် မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏။ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံ ဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’သည် ရှိ၏။ ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောက ကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’သည် ရှိ၏။

ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’သည် အဘယ်နည်း။ ရဟန်းတို့ အရိယာဖြစ်သော တပည့်သည် အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’ကို ပယ်၍ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤအသက်မွေးခြင်းကား အာသဝေါတရားတို့၏ အာရုံ ဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကိုပေးတတ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’တည်း။

ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’သည့်အဘယ်နည်း။ ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့် ပြည့်စုံသော အရိယမဂ်ကို ပွါးသော ပုဂ္ဂိုလ်၏ အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’ မှ ဝေးစွာ ကြဉ်ခြင်း၊ ကင်းရှင်းအောင် ကြဉ်ခြင်း၊ လုံးလုံးမဖြစ်ဘဲ ဆုတ်နစ်၍ ကြဉ်ခြင်း၊ ရန်ကို ဖျက်ဆီးခြင်းသည် ရှိ၏။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းသည် အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာအသက်မွေးခြင်း ‘သမ္မာ အာဇီဝ’ မည်၏။ ထိုရဟန်းသည် မိစ္ဆာအာဇီဝကို ပျောက်ကင်းခြင်းငှါ လုံ့လပြု၏၊ သမ္မာအာဇီဝ ဖြစ်ပေါ် ခြင်းငှါ လုံ့လပြု၏။ ထိုလုံ့လပြုခြင်း အားထုတ်ခြင်းသည် မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’ မည်၏။ ထိုရဟန်းသည် သတိနှင့် ပြည့်စုံ၍ မိစ္ဆာအာဇီဝကို ပယ်၏၊ သတိနှင့်ပြည့်စုံလျက် သမ္မာအာဇီဝကို ပြည့်စုံ စေ၍ နေ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသတိသည် မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ မည်၏။ ဤသို့ မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’ ဟူသော ဤတရားသုံးပါးတို့သည် သမ္မာကမ္မန္တသို့ အစဉ်ပြေးဝင်ကုန်၏၊ အစဉ် ခြံရံကုန်၏။

၁၄၁။ ရဟန်းတို့ ထိုတရားတို့တွင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း။ ရဟန်းတို့ သမ္မာဒိဋ္ဌိရှိသော ပုဂ္ဂိုလ်အား သမာ သင်္ကပ္ပသည် ဖြစ်၏၊ သမာသင်္ကပ္ပရှိသော ပုဂ္ဂိုလ်အား သမ္မာဝါစာသည် ဖြစ်၏၊ သမ္မာဝါစာရှိသော ပုဂ္ဂိုလ် အား သမ္မာကမ္မန္တသည် ဖြစ်၏၊ သမာကမ္မန္တရှိသော ပုဂ္ဂိုလ်အား သမ္မာအာဇီဝသည် ဖြစ်၏၊ သမ္မာ အာဇီဝရှိသော ပုဂ္ဂိုလ်အား သမ္မာဝါယာမသည် ဖြစ်၏၊ သမ္မာဝါယာမရှိသော ပုဂ္ဂိုလ်အား သမ္မာသတိသည် ဖြစ်၏၊ သမ္မာသတိရှိသော ပုဂ္ဂိုလ်အား သမ္မာသမာဓိသည် ဖြစ်၏၊ သမ္မာသမာဓိရှိသော ပုဂ္ဂိုလ်အား မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဉာဏ်သည် ဖြစ်၏၊ မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်ရှိသော ပုဂ္ဂိုလ်အား သမ္မာဝိမုတ္တိမည်သော အရဟတ္တဖိုလ်သည် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် အသီးအခြား ဖြစ်သော သေက္ခပုဂ္ဂိုလ်သည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏၊ ရဟန္တာပုဂ္ဂိုလ်သည် အင်္ဂါဆယ်ပါးနှင့် ပြည့်စုံ၏၊ ထိုတရားတို့၌လည်း မဖောက်မပြန်သော ဉာဏ်ဖြင့် များစွာသော ယုတ်မာသော အကုသိုလ်တရား ကင်း ကုန်၍ ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏။

၁၄၂။ ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း။ ရဟန်းတို့ သမ္မာဒိဋ္ဌိရှိသော ပုဂ္ဂိုလ်အား မိစ္ဆာဒိဋ္ဌိသည် ဆွေးမြေ့ ပျက်စီး၏။ မိစ္ဆာဒိဋ္ဌိဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော များစွာသော ယုတ်မာသော အကုသိုလ် တရားတို့သည်လည်း ထိုပုဂ္ဂိုလ်အား ဆွေးမြေ့ပျက်စီးကုန်၏၊ သမ္မာဒိဋ္ဌိဟူသော အကြောင်းကြောင့် များစွာ သော ကုသိုလ်တရားတို့သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ သမ္မာသင်္ကပ္ပရှိသော ပုဂ္ဂိုလ်အား မိစ္ဆာသင်္ကပ္ပသည် ဆွေးမြေ့ပျက်စီး၏။ပ။ ရဟန်းတို့ သမ္မာဝါစာရှိသော ပုဂ္ဂိုလ်အား မိစ္ဆာ ဝါစာသည် ဆွေးမြေ့ပျက်စီး၏။ ရဟန်းတို့ သမ္မာကမ္မန္တရှိသော ပုဂ္ဂိုလ်အား မိစ္ဆာကမ္မန္တသည် ဆွေးမြေ့ ပျက်စီး၏။ ရဟန်းတို့ သမ္မာအာဇီဝရှိသော ပုဂ္ဂိုလ်အား မိစ္ဆာအာဇီဝသည် ဆွေးမြေ့ပျက်စီး၏။ ရဟန်း တို့ သမ္မာဝါယာမရှိသော ပုဂ္ဂိုလ်အား မိစ္ဆာဝါယာမသည် ဆွေးမြေ့ပျက်စီး၏။ ရဟန်းတို့ သမ္မာသတိရှိ သော ပုဂ္ဂိုလ်အား မိစ္ဆာသတိသည် ဆွေးမြေ့ပျက်စီး၏။ ရဟန်းတို့ သမ္မာသမာဓိရှိသော ပုဂ္ဂိုလ်အား မိစ္ဆာသမာဓိသည် ဆွေးမြေ့ပျက်စီး၏။ ရဟန်းတို့ မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်ရှိသော ပုဂ္ဂိုလ် အား မိစ္ဆာဉာဏ်သည် ဆွေးမြေ့ပျက်စီး၏။ ရဟန်းတို့ သမ္မာဝိမုတ္တိမည်သော အရဟတ္တဖိုလ်ရှိသော ပုဂ္ဂိုလ်အား မိစ္ဆာဝိမုတ္တိသည် ဆွေးမြေ့ပျက်စီး၏။ မိစ္ဆာဝိမုတ္တိဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာ သော များစွာသော ယုတ်မာသော အကုသိုလ်တရားတို့သည်လည်း ထိုပုဂ္ဂိုလ်အား ဆွေးမြေ့ပျက်စီး ကုန်၏။ သမ္မာဝိမုတ္တိဟူသော အကြောင်းကြောင့် များစွာသော ကုသိုလ်တရားတို့သည် ဘာဝနာပြည့်စုံ ခြင်းသို့ ရောက်ကုန်၏။

ရဟန်းတို့ ဤသို့လျှင် နှစ်ဆယ်သော ကုသိုလ်အဖို့ရှိသော တရားတို့လည်းကောင်း နှစ်ဆယ်သော အကုသိုလ်အဖို့ရှိသော တရားတို့လည်းကောင်း ဤသို့ (များစွာသော လေးဆယ်သော တရားတို့ကို ပြသောကြောင့်) မဟာစတ္တာရီသကမည်သော တရားဒေသနာတော်ကို ငါသည် ဖြစ်စေအပ်ပြီ၊ လောက၌ သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း နတ်သည်လည်းကောင်း၊ မာရ်သည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း တစ်စုံတစ်ယောက်သောသူမျှ မဖြစ်စေနိုင်။

၁၄၃။ ရဟန်းတို့ တစ်စုံတစ်ယောက်သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း များစွာသော လေးဆယ်သောတရားတို့ကို ပြသောကြောင့် မဟာစတ္တာရီသကမည်သော ဤတရားဒေသနာ တော်ကို ကဲ့ရဲ့ထိုက် ပယ်မြစ်ထိုက်၏ ဟူ၍ ထင်မှတ်ငြားအံ့၊ ထိုပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌သာလျှင် ဆယ်ပါးသော အကြောင်းနှင့်တကွ ဤရှေးဦးကဲ့ရဲ့ပြောဆိုခြင်း ‘ဝါဒ’ အတုလိုက်၍ ကဲ့ရဲ့ပြောဆိုခြင်း ‘အနုဝါဒ’တို့သည် ကဲ့ရဲ့ဖွယ်ရာသို့ ရောက်ကုန်၏။ အသျှင်သည် သမ္မာဒိဋ္ဌိကို ကဲ့ရဲ့ငြားအံ့၊ အသျှင်သည် မိစ္ဆာဒိဋ္ဌိအယူရှိသော သမဏဗြာဟ္မဏတို့ကို ပူဇော်သည် ချီးမွမ်းသည် မည်ရာ၏။ အသျှင်သည် သမ္မာ သင်္ကပ္ပကို ကဲ့ရဲ့ငြားအံ့၊ အသျှင်သည် မိစ္ဆာသင်္ကပ္ပအယူရှိသော သမဏဗြာဟ္မဏတို့ကို ပူဇော်သည် ချီးမွမ်း သည် မည်ရာ၏။ အသျှင်သည် သမ္မာဝါစာကို ကဲ့ရဲ့ငြားအံ့။ပ။ အသျှင်သည် သမ္မာကမ္မန္တကို ကဲ့ရဲ့ ငြားအံ့။ အသျှင်သည် သမ္မာအာဇီဝကို ကဲ့ရဲ့ငြားအံ့။ အသျှင်သည် သမ္မာဝါယာမကို ကဲ့ရဲ့ငြားအံ့။ အသျှင်သည် သမ္မာသတိကို ကဲ့ရဲ့ငြားအံ့။ အသျှင်သည် သမ္မာသမာဓိကို ကဲ့ရဲ့ငြားအံ့။ အသျှင်သည် မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်ကို ကဲ့ရဲ့ငြားအံ့။ အသျှင်သည် သမ္မာဝိမုတ္တိမည်သော အရဟတ္တ ဖိုလ်ကို ကဲ့ရဲ့ငြားအံ့။ အသျှင်သည် မိစ္ဆာဝိမုတ္တိအယူရှိသော သမဏဗြာဟ္မဏတို့ကို ပူဇော်သည် ချီးမွမ်းသည် မည်ရာ၏။

ရဟန်းတို့ တစ်စုံတစ်ယောက်သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း များစွာသော လေးဆယ်သောတရားတို့ကို ပြသောကြောင့် မဟာစတ္တာရီသကမည်သော ဤတရားဒေသနာ တော်ကို ကဲ့ရဲ့ထိုက် ပယ်မြစ်ထိုက်၏ ဟူ၍ ထင်မှတ်ငြားအံ့၊ ထိုပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌သာလျှင် ဆယ်ပါးသော အကြောင်းနှင့်တကွ ဤရှေးဦးကဲ့ရဲ့ပြောဆိုခြင်း ‘ဝါဒ’ အတုလိုက်၍ ကဲ့ရဲ့ပြောဆိုခြင်း ‘အနုဝါဒ’တို့သည် ကဲ့ရဲ့ဖွယ်ရာသို့ ရောက်ကုန်၏။ ရဟန်းတို့ ဥက္ကလဇနပုဒ်၌ နေကုန်သော အဟေတုက အယူ, အကိရိယအယူ, နတ္ထိကအယူရှိကုန်သော ဝယဘိညမည်သော သူနှစ်ယောက်တို့သည်သော်လည်း (များစွာသော တရားတို့ကို ပြသောကြောင့်) မဟာစတ္တာရီသကမည်သော တရားဒေသနာတော်ကို မကဲ့ရဲ့ ထိုက် မပယ်မြစ်ထိုက်ဟူ၍ ထင်မှတ်ကုန်ရာ၏။ အဘယ်ကြောင့်နည်းဟူမူ — ကဲ့ရဲ့ခြင်းမှ ကြောက်ခြင်း ထိပါးခြုတ်ခြယ်ခြင်းမှ ကြောက်ခြင်း သူတစ်ပါးစွပ်စွဲခြင်းမှ ကြောက်ခြင်းကြောင့်ပင်တည်းဟု (မိန့်တော် မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။

ခုနစ်ခုမြောက် မဟာစတ္တာရီသကသုတ် ပြီး၏။