မဇ္ဈိမနိကာယ်

၁—စူဠသုညတသုတ်

၁၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ၏ ပြာသာဒ်ဖြစ်သော ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အသျှင်အာနန္ဒာသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ “မြတ်စွာဘုရား အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း နဂရကမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ နေတော်မူပါ၏၊ မြတ်စွာဘုရား ထိုအခါ၌ အကျွန်ုပ်အား ‘အာနန္ဒာ ငါသည် ယခုအခါ၌ သုညတဝိဟာရဖြင့် အကြိမ်များ စွာ နေ၏’ဟု မိန့်တော်မူသော စကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားနာခဲ့ရပါ၏၊ မျက်မှောက်တော်မှ ခံယူခဲ့ရပါ၏၊ မြတ်စွာဘုရား ဤသို့ကြားခြင်း ဤသို့ခံယူခြင်းသည် ကောင်းစွာကြား ခြင်း ကောင်းစွာခံယူခြင်း ကောင်းစွာ နှလုံးသွင်းခြင်း ကောင်းစွာ ဆောင်မှတ်ခြင်း ဖြစ်ပါသလော”ဟု (လျှောက်၏ )။

အာနန္ဒာ စင်စစ် သင်၏ ဤသို့ကြားခြင်း ဤသို့ခံယူခြင်းသည် ကောင်းစွာ ကြားခြင်း ကောင်းစွာ ခံယူခြင်း ကောင်းစွာ နှလုံးသွင်းခြင်း ကောင်းစွာ ဆောင်မှတ်ခြင်း ဖြစ်၏၊ အာနန္ဒာ ငါသည် ရှေးအခါ၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း သုညတဝိဟာရဖြင့် အကြိမ်များစွာ နေ၏၊ အာနန္ဒာ ဥပမာအား ဖြင့် ဤမိဂါရမာတာမည်သော ဝိသာခါ၏ပြာသာဒ်သည် ဆင် နွား မြင်း မြည်းမှလည်းကောင်း၊ ရွှေငွေမှလည်းကောင်း၊ မိန်းမယောကျာ်းတို့၏ ပေါင်းဆုံစည်းဝေးခြင်းမှလည်းကောင်း ကင်းဆိတ်၏။ ရဟန်း အပေါင်းကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤမကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏။ အာနန္ဒာ ဤအတူပင်လျှင် ရဟန်းသည် ရွာအမှတ်ကို နှလုံးမသွင်းမူ၍ လူအမှတ်ကို နှလုံးမသွင်းမူ၍ တောအမှတ်ကို စွဲ၍ဖြစ်သော တစ်ခုတည်းသော သညာကို နှလုံးသွင်း၏၊ ထိုပုဂ္ဂိုလ်၏ စိတ်သည် တောအမှတ်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ ထိုရဟန်းသည် ဤသို့သိ၏ “ရွာဟူသော အမှတ်ကို စွဲ၍ဖြစ်ကုန်သော ကိလေသာဟူသော ပူပန်ခြင်းတို့သည် ဤတော ဟူသော အမှတ်၌ မရှိကုန်။့လူဟူသော အမှတ်ကိုစွဲ၍ ဖြစ်ကုန်သော ကိလေသာဟူသော ပူပန်ခြင်းတို့သည် ဤတောဟူသော အမှတ်၌ မရှိကုန်။ တောဟူသော အမှတ်ကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤပူပန်ခြင်း မျှသည်သာရှိ၏”ဟု (သိ၏ )။

ထိုရဟန်းသည် “ဤတောဟူသော အမှတ်သညာသည် ရွာဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤတောဟူသော အမှတ်သညာသည် လူဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏။ ဤတော ဟူသော အမှတ်သညာကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤမကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ ဤသို့ ထိုတောဟူသော အမှတ်သညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ ထိုတောဟူသော အမှတ် သညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန်ခြင်းသည် ရှိ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤသုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။

၁၇၇။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် လူဟူသော အမှတ်သညာကို နှလုံးမသွင်းမူ၍ တော ဟူသော အမှတ်သညာကို နှလုံးမသွင်းမူ၍ ပထဝီဟူသော အမှတ်သညာကို စွဲ၍ဖြစ်သော တစ်ခု တည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏စိတ်သည် ပထဝီဟူသော အမှတ်သညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ အာနန္ဒာ ဥပမာအားဖြင့် ငုတ်တစ်ရာဖြင့် ကောင်းစွာ ဖြန့်ကျက်ထားသော နွားလားဥသဘ အရေသည် အတွန့်အလိပ်ကင်းသကဲ့သို့ ဤအတူပင်လျှင် ရဟန်း သည် ဤမြေ၌ မြင့်ရာအရပ် နိမ့်ရာအရပ် မြစ်အသွားခက်သောအရပ် ငုတ်ဆူးရှိသောအရပ် တောင်ဖြင့် မညီညွတ်သောအရပ် ထိုအလုံးစုံသော အရပ်ကို နှလုံးမသွင်းမူ၍ ပထဝီဟူသော အမှတ်သညာကို စွဲ၍ ဖြစ်သော တစ်ခုတည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏ စိတ်သည် ပထဝီဟူသော အမှတ် သညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ ထိုရဟန်းသည် ဤသို့ သိ၏ “လူဟူသော အမှတ်ကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤပထဝီဟူသော အမှတ်၌ မရှိကုန်။ တောဟူသော အမှတ်ကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤပထဝီဟူသော အမှတ်၌ မရှိကုန်၊ ပထဝီဟူသော အမှတ်ကို စွဲ၍ဖြစ်သော ဤတစ်ခုတည်းသော ပူပန် ခြင်းမျှသည်သာ ရှိ၏”ဟု ( သိ၏ )။

ထိုရဟန်းသည် “ဤပထဝီဟူသော အမှတ်သညာသည် လူဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤပထဝီဟူသော အမှတ်သညာသည် တောဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏။ ပထဝီ ဟူသော အမှတ်သညာကို စွဲ၍ဖြစ်သော ဤတစ်ခုတည်းသော မကင်းဆိတ်သည်၏ အဖြစ် သည်သာ ရှိ၏ဟု သိ၏။ ဤသို့လျှင် ထိုပထဝီဟူသော အမှတ်သညာ၌ အကြင်ပူပန်ခြင်းသည် အကြင် အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ ထိုပထဝီ ဟူသော အမှတ်သညာ၌ အကြင် ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန် ခြင်းသည်ရှိ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤသုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။

၁၇၈။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် တောဟူသော အမှတ်သညာကို နှလုံးမသွင်းမူ၍ ပထဝီဟူသော အမှတ်သညာကို နှလုံးမသွင်းမူ၍ အာကာသာနဉ္စာယတနသညာကို စွဲ၍ဖြစ်သော တစ်ခု တည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏ စိတ်သည် အာကာသာနဉ္စာယတနသညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ ထိုရဟန်းသည် ဤသို့ သိ၏ “တော ဟူသော အမှတ်သညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤအာကာသာနဉ္စာယတန သညာ၌ မရှိကုန်။ ပထဝီဟူသော အမှတ်သညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤအာကာသာနဉ္စာယတန သညာ၌ မရှိကုန်၊ အာကာသာနဉ္စာယတနသညာကို စွဲ၍ဖြစ်သော ဤတစ်ခုတည်းသော ပူပန်ခြင်းမျှသည်သာ ရှိ၏”ဟု (သိ၏)။ ထိုရဟန်းသည် “ဤအာကာသာနဉ္စာယတန သညာသည် တောဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအာကာသာနဉ္စာယတနသညာ သည် ပထဝီဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏။ အာကာသာနဉ္စာယတနသညာကို စွဲ၍ဖြစ် သော ဤတစ်ခုတည်းသော မကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ ဤသို့လျှင် ထို အာကာသာနဉ္စာယတနသညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်း ကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ ထိုအာကာသာနဉ္စာယတနသညာ၌ အကြင်ပူပန် ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန်ခြင်းမျှသာ ရှိ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤ သုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။

၁၇၉။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ပထဝီဟူသော အမှတ်သညာကို နှလုံးမသွင်းမူ ၍ အာကာသာနဉ္စာယတနသညာကို နှလုံးမသွင်းမူ၍ ဝိညာဏဉ္စာယတနသညာကို စွဲ၍ဖြစ်သော တစ်ခု တည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏ စိတ်သည် ဝိညာဏဉ္စာယတနသညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ ထိုရဟန်းသည် ဤသို့ သိ၏ “ပထဝီသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤဝိညာဏဉ္စာယတနသညာ၌ မရှိကုန်။ အာကာသာနဉ္စာယတနသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤဝိညာဏဉ္စာ ယတနသညာ၌ မရှိကုန်။ ဝိညာဏဉ္စာယတန သညာကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤပူပန်ခြင်း မျှသည်သာ ရှိ၏”ဟု (သိ၏)။ ထိုရဟန်းသည် “ဤဝိညာဏဉ္စာယတနသညာသည် ပထဝီဟူသော အမှတ်သညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤဝိညာဏဉ္စာယတနသညာသည် အာကာသာနဉ္စာယတန သညာမှ ကင်းဆိတ်၏”ဟု သိ၏။ ဤဝိညာဏဉ္စာယတနသညာကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤ မကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ ဤသို့လျှင် ထိုဝိညာဏဉ္စာယတနသညာ၌ အကြင် ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ ထိုဝိညာဏဉ္စာယတနသညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထို ပူပန်ခြင်းကို “ဤပူပန်ခြင်းမျှသာ ရှိ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤသုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။

၁၈ဝ။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အာကာသာနဉ္စာယတနသညာကို နှလုံးမသွင်း မူ၍ ဝိညာဏဉ္စာယတနသညာကို နှလုံးမသွင်းမူ၍ အာကိဉ္စညာယတနသညာကို စွဲ၍ဖြစ်သော တစ်ခုတည်း သော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏ စိတ်သည် အာကိဉ္စညာယတနသညာ၌ ပြေးဝင်၏၊ ကြည် လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ ထိုရဟန်းသည် ဤသို့ သိ၏ “အာကာသာနဉ္စာယတန သညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤအာကိဉ္စညာယတနသညာ၌ မရှိ ကုန်။ ဝိညာဏဉ္စာယတနသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤ အာကိဉ္စညာယတနသညာ၌ မရှိကုန်။ အာကိဉ္စညာယတနသညာကို စွဲ၍ဖြစ်သော တစ်ခုတည်းသော ဤ ပူပန်ခြင်းမျှသည်သာ ရှိ၏”ဟု(သိ၏)။ ထိုရဟန်းသည် “ဤအာကိဉ္စညာယတနသညာသည် အာကာသာနဉ္စာ ယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအာကိဉ္စညာ ယတနသညာသည် ဝိညာဏဉ္စာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏။ ဤအာကိဉ္စညာယတနသညာကို စွဲ၍ ဖြစ်သော ဤတစ်ခုတည်းသော မကင်းဆိတ် သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ ဤသို့လျှင် ထိုအာကိဉ္စညာ ယတနသညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ ထို အာကိဉ္စညာယတနသညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန် ခြင်းမျှသာ ရှိ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤသုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။

၁၈၁။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဝိညာဏဉ္စာယတနသညာကို နှလုံးမသွင်းမူ၍ အာကိဉ္စညာယတနသညာကို နှလုံးမသွင်းမူ၍ နေဝသညာနာသညာယတနသညာကို စွဲ၍ဖြစ်သော တစ်ခု တည်းသော သညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏စိတ်သည် နေဝသညာနာသညာယတနသညာ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ ထိုရဟန်းသည် ဤသို့ သိ၏ “ဝိညာဏဉ္စာ ယတနသညာကို စွဲ၍ ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤနေဝသညာနာသညာ ယတနသညာ၌ မရှိကုန်။ အာကိဉ္စညာယတနသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်း တို့သည် ဤနေဝသညာနာသညာယတနသညာ၌ မရှိကုန်။ နေဝသညာနာသညာယတနသညာကို စွဲ၍ဖြစ် သော တစ်ခုတည်းသော ဤပူပန်ခြင်းမျှသည်သာ ရှိ၏”ဟု (သိ၏)။ ထိုရဟန်းသည် “ဤနေဝသညာ နာသညာယတနသညာသည် ဝိညာဏဉ္စာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤနေဝသညာ နာသညာ ယတနသညာသည် အာကိဉ္စညာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏။ ဤနေဝသညာ နာသညာ ယတနသညာကို စွဲ၍ဖြစ်သော ဤတစ်ခုတည်းသော မကင်းဆိတ်သည်၏ အဖြစ်သည်သာ ရှိ၏ဟု သိ၏။ ဤသို့လျှင် ထိုနေဝသညာနာသညာယတနသညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်း ကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ ထိုနေဝသညာ နာသညာယတနသညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန် ခြင်းမျှသာ ရှိ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤသုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။

၁၈၂။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အာကိဉ္စညာယတနသညာကို နှလုံးမသွင်းမူ၍ နေဝသညာနာသညာယတနသညာကို နှလုံးမသွင်းမူ၍ (နိစ္စစသော) နိမိတ်မှကင်းသော (ဝိပဿနာ) စိတ် နှင့်ယှဉ်သော သမာဓိကို စွဲ၍ဖြစ်သော တစ်ခုတည်းသောသညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏စိတ်သည် (နိစ္စစသော) နိမိတ်မှ ကင်းသော (ဝိပဿနာ) စိတ်နှင့်ယှဉ်သော သမာဓိ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ ထိုရဟန်းသည် ဤသို့ သိ၏ “အာကိဉ္စညာယတနသညာကို စွဲ၍ ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤအနိမိတ္တစေတောသမာဓိသညာ၌ မရှိကုန်။ နေဝသညာနာသညာယတနသညာကို စွဲ၍ဖြစ်ကုန်သော (ကိလေသာဟူသော) ပူပန်ခြင်းတို့သည် ဤ အနိမိတ္တစေတောသမာဓိသညာ၌ မရှိကုန်။ ဤရူပကာယကိုသာလျှင် စွဲ၍ဖြစ်သော အာယတနခြောက်ပါးနှင့် စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့်ဖြစ်သော ဤပူပန်ခြင်းမျှသည်သာရှိ၏”ဟု (သိ၏)။ ထို ရဟန်းသည် “ဤအနိမိတ္တစေတောသမာဓိသညာသည် အာကိဉ္စညာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအနိမိတ္တစေတောသမာဓိသညာသည် နေဝသညာနာသညာယတနသညာမှ ကင်းဆိတ်၏”ဟု သိ၏။ ဤ ရူပကာယကိုသာလျှင် စွဲ၍ဖြစ်သော အာယတနခြောက်ပါးနှင့်စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့် ဖြစ်သော ဤမကင်းဆိတ်သည်၏ အဖြစ်သည်သာရှိ၏ဟု သိ၏။ ဤသို့လျှင် ထိုအနိမိတ္တစေတောသမာဓိ သညာ၌ အကြင်ပူပန်ခြင်းသည် အကြင်အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ ထိုအနိမိတ္တစေတောသမာဓိသညာ၌ အကြင် ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန်ခြင်းမျှသာ ရှိ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လည်း ထိုရဟန်း အားဟုတ်မှန်တိုင်း မဖောက်မပြန်သော သဘောရှိသော စင်ကြယ်သော ဤသုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။

၁၈၃။ အာနန္ဒာ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် အာကိဉ္စညာယတနသညာကို နှလုံးမသွင်းမူ၍့နေဝသညာနာသညာယတနသညာကို နှလုံးမသွင်းမူ၍ (နိစ္စစသော) နိမိတ်မှကင်းသော (ဝိပဿနာ) စိတ်နှင့်ယှဉ်သော သမာဓိကို စွဲ၍ဖြစ်သော တစ်ခုတည်းသောသညာကို နှလုံးသွင်း၏၊ ထိုရဟန်း၏စိတ် သည် (နိစ္စစသော) နိမိတ်မှ ကင်းသော (ဝိပဿနာ) စိတ်နှင့်ယှဉ်သော သမာဓိ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ ထိုရဟန်းသည် ဤသို့ သိ၏ “(နိစ္စစသော) နိမိတ်မှ ကင်းသော (ဝိပဿနာ) စိတ်နှင့် ယှဉ်သော သမာဓိသည် ပြုပြင်ရ စေ့ဆော်ရသော တရားဖြစ်၏၊ ပြုပြင်ရ စေ့ဆော်ရ သော တရားမှန်သမျှသည် မမြဲ၊ ချုပ်ခြင်းသဘောရှိ၏”ဟု ( သိ၏ )။ ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်၏၊ ဘဝါသဝမှလည်း လွတ်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်၏၊ လွတ်ပြီးသော် “လွတ်ပြီ”ဟု အသိဉာဏ် ဖြစ်၏။ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် ( မဂ် ) ကိစ္စကို ပြုပြီးပြီ၊ ဤ ( မဂ် ) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ ပြီ”ဟု သိ၏။

ထိုရဟန်းသည် ဤသို့သိ၏ “ကာမာသဝကို စွဲ၍ ဖြစ်ကုန်သော ပူပန်ခြင်းတို့သည် ဤအရိယမဂ် သညာ အရိယဖိုလ်သညာ၌ မရှိကုန်။ ဘဝါသဝကို စွဲ၍ဖြစ်ကုန်သော ပူပန်ခြင်းတို့သည် ဤအရိယမဂ် သညာ အရိယဖိုလ်သညာ၌ မရှိကုန်။ အဝိဇ္ဇာသဝကို စွဲ၍ဖြစ်ကုန်သော ပူပန်ခြင်းတို့သည် ဤအရိယမဂ် သညာ အရိယဖိုလ်သညာ၌ မရှိကုန်။ ဤရူပကာယကိုသာလျှင် စွဲ၍ဖြစ်သော အာယတန ခြောက်ပါးနှင့် စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့်ဖြစ်သော ဤပူပန်ခြင်းမျှသာရှိ၏”ဟု သိ၏။ ထိုရဟန်း သည် “ဤအရိယမဂ်သညာ အရိယဖိုလ်သညာသည် ကာမာသဝမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအရိယ မဂ်သညာ အရိယဖိုလ်သညာသည် ဘဝါသဝမှ ကင်းဆိတ်၏”ဟု သိ၏၊ “ဤအရိယမဂ်သညာ အရိယဖိုလ် သညာသည် အဝိဇ္ဇာသဝမှ ကင်းဆိတ်၏”ဟု သိ၏၊ ဤရူပကာယကိုသာလျှင် စွဲ၍ဖြစ်သော အာယတန ခြောက်ပါးနှင့်စပ်သော ဇီဝိတိန္ဒြေဟူသော အကြောင်းကြောင့်ဖြစ်သော ဤမကင်းဆိတ်သည်၏ အဖြစ်သည် သာ ရှိ၏ဟု သိ၏။ ဤသို့လျှင် ထိုအနိမိတ္တစေတောသမာဓိ သညာ၌ အကြင်ပူပန်ခြင်းသည် အကြင် အကြောင်းကြောင့် မဖြစ်၊ ထိုအကြောင်းကြောင့် ထိုပူပန်ခြင်းကို ကင်းဆိတ်၏ဟု အဖန်ဖန်ရှု၏။ ထို အနိမိတ္တစေတောသမာဓိသညာ၌ အကြင်ပူပန်ခြင်းသည် ကြွင်းကျန်၏၊ ထင်ရှားရှိသော ထိုပူပန်ခြင်းကို “ဤပူပန်ခြင်းမျှသာ ရှိ၏”ဟု သိ၏။ အာနန္ဒာ ဤသို့လည်း ထိုရဟန်းအားဟုတ်မှန်တိုင်း မဖောက် မပြန်သော သဘောရှိသော စင်ကြယ်သော အလွန်အတုမရှိ မြတ်သော သုညတ၏ ဖြစ်ပေါ်မှုသည် ဖြစ်၏။

၁၈၄။ အာနန္ဒာ အတိတ်ကာလက စင်ကြယ်မွန်မြတ်သော သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် ဤစင်ကြယ်မွန်မြတ်သော သုညတဖလသမာပတ်ကိုသာ ပြည့်စုံစေ၍ နေကြကုန်ပြီ။ အာနန္ဒာ အနာဂတ်ကာလ၌ စင်ကြယ်မွန်မြတ်သော သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေလတ္တံ့ကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် ဤစင်ကြယ်မွန်မြတ်သော သုညတ ဖလသမာပတ်ကိုသာ ပြည့်စုံစေ၍ နေကုန်လတ္တံ့။ အာနန္ဒာ ယခုကာလ စင်ကြယ်မွန်မြတ်သော သုညတ ဖလသမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်သော သမဏဗြာဟ္မဏဟူသမျှတို့သည် ဤစင်ကြယ်မွန်မြတ်သော သုညတဖလသမာပတ်ကိုသာ ပြည်စုံစေ၍ နေကြကုန်၏။ အာနန္ဒာ ထိုသို့ဖြစ်သောကြောင့် စင်ကြယ်မွန် မြတ်သော ဤသုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေကြကုန်အံ့ဟု ဤသို့လျှင် သင်တို့ကျင့်ရမည်ဟု ( မိန့်တော်မူ၏ )။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ရှေးဦးစွာသော စူဠသုညတသုတ် ပြီး၏။