မဇ္ဈိမနိကာယ်

၂—မဟာသုညတသုတ်

၁၈၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီး လျှင် ကပိလဝတ်ပြည်သို့ ဆွမ်းခံဝင်၏။ ကပိလဝတ်ပြည်၌ ဆွမ်းခံလှည့်လည်လျက် ဆွမ်းခံရာမှ ဖဲကာ ဆွမ်းစားပြီးနောက် ကာဠခေမကမည်သော သာကီဝင်၏ ကျောင်းဆီသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်တော်မူ၏။ ထိုအခါ ကာဠခေမကမည်သော သာကီဝင်၏ ကျောင်း၌ များစွာသော နေရာတို့ကို ခင်းထားအပ် ကုန်၏။ မြတ်စွာဘုရားသည် ကာဠခေမကမည်သော သာကီဝင်၏ကျောင်း၌ ခင်းထားအပ်သော နေရာတို့ ကို မြင်တော်မူ၍ မြတ်စွာဘုရားအား— “ကာဠခေမကမည်သော သာကီဝင်၏ကျောင်း၌ များစွာသော နေရာတို့ကို ခင်းထားအပ်ကုန်၏၊ ဤကျောင်း၌ များစွာသော ရဟန်းတို့သည် နေကြကုန်လေသလော”ဟု အကြံဖြစ်၏။

၁၈၆။ ထိုအခါ အသျှင်အာနန္ဒာသည် များစွာသော ရဟန်းတို့နှင့်တကွ ဃဋမည်သော သာကီဝင်၏ ကျောင်း၌ သင်္ကန်းချုပ်ဆိုးမှုကို ပြုလုပ်၏။ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် ဃဋမည်သော သာကီဝင်၏ ကျောင်းဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသောနေရာ၌ ထိုင်နေ တော်မူ၏။ ထိုင်နေပြီးသော် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ကာဠခေမကမည်သော သာကီဝင်၏ ကျောင်း၌ များစွာသောနေရာတို့ကို ခင်းထားအပ်ကုန်၏၊ ဤကျောင်း၌ များစွာသော ရဟန်း တို့သည် နေကုန်လေသလော”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရား ကာဠခေမကမည်သော သာကီဝင်၏ ကျောင်း၌ များစွာသောနေရာတို့ကို ခင်းအပ်ပါကုန်၏၊ မြတ်စွာဘုရား အကျွန်ုပ်တို့၏ သင်္ကန်းချုပ်ဆိုး သော အခါ ဖြစ်သောကြောင့် ဤကျောင်း၌ များစွာသော ရဟန်းတို့သည် နေကြပါကုန်၏ဟု ( လျှောက် ထား၏ )။

အာနန္ဒာ ရဟန်းမည်သည် အပေါင်းအသင်း၌ မွေ့လျော်ခြင်း အပေါင်းအသင်း၌ ပျော်ပိုက်ခြင်း အပေါင်းအသင်း၌ မွေ့လျော်ခြင်းကို အားထုတ်ခြင်း အဖွဲ့အစည်း၌ မွေ့လျော်ခြင်း အဖွဲ့အစည်း၌ ပျော်ပိုက် ခြင်း အဖွဲ့အစည်း၌ ဝမ်းမြောက်ခြင်းသည် မတင့်တယ်။ အာနန္ဒာ စင်စစ် အပေါင်းအသင်း၌ မွေ့လျော် အပေါင်းအသင်း၌ ပျော်ပိုက် အပေါင်းအသင်း၌ မွေ့လျော်ခြင်းကို အားထုတ်သော အဖွဲ့အစည်း၌မွေ့လျော် အဖွဲ့အစည်း၌ ပျော်ပိုက် အဖွဲ့အစည်း၌ ဝမ်းမြောက်သော ထိုရဟန်းသည် ကာမတို့မှ ထွက်မြောက်ခြင်း ချမ်းသာ ကိလေသာမှ ကင်းဆိတ်ခြင်းချမ်းသာ ( ရာဂစသည်တို့၏ ) ငြိမ်းအေးခြင်းချမ်းသာ မဂ်ကို သိခြင်း ကို ဆောင်နိုင်သောချမ်းသာ စိတ်တည် ကြည်ခြင်းချမ်းသာ ( ဤသို့ ) ချမ်းသာအပေါင်းကို အလိုရှိတိုင်း ရသည် မငြိုမငြင်ရသည် မပင်မပန်းရသည် ဖြစ်လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ အာနန္ဒာ အကြင် ရဟန်းသည် တစ်ပါးတည်း ဂိုဏ်းမှ ခွဲခွါလျက် နေ၏၊ ထိုရဟန်းအား ဤ ဆိုလတ္တံ့သော အကျိုးကို အလိုရှိအပ်၏၊ ကာမတို့မှ ထွက်မြောက်ခြင်းချမ်းသာ ကိလေသာမှ ကင်းဆိတ်ခြင်းချမ်းသာ ( ရာဂစသည် တို့၏ ) ငြိမ်းအေးခြင်းချမ်းသာ မဂ်ကို သိခြင်းကို ဆောင်နိုင်သော ချမ်းသာ ( ဤသို့ ) ချမ်းသာအပေါင်းကို အလိုရှိတိုင်းရသည် မငြိုမငြင်ရသည် မပင်မပန်းရသည် ဖြစ်လတ္တံ့ ဟူသော ဤအကြောင်းသည် ရှိ၏။

အာနန္ဒာ စင်စစ် အပေါင်းအသင်း၌ မွေ့လျော်သော အပေါင်းအသင်း၌ ပျော်ပိုက်သော အပေါင်း အသင်း၌ မွေ့လျော်မှုကို အားထုတ်သော အဖွဲ့အစည်း၌ မွေ့လျော်သော အဖွဲ့အစည်း၌ပျော်ပိုက်သော အဖွဲ့အစည်း၌ ဝမ်းမြောက်သော ထိုရဟန်းသည် ဝင်စားဆဲခဏမှာသာ ကိလေသာမှလွတ်သော နှစ်သက် ဖွယ်ဖြစ်သော (ရူပ အရူပဈာန်ဟူသော) စေတောဝိမုတ္တိကိုလည်း ဖြစ်စေ၍ နေလတ္တံ့၊ ကိလေသာတို့သည် မဖျက်ဆီးနိုင်သော အခါခပ်သိမ်း စင်စစ် ကိလေသာတို့မှ လွတ်သော လောကုတ္တရာ စေတောဝိမုတ္တိကိုမူလည်း ဖြစ်စေ၍ နေလတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။ အာနန္ဒာ အကြင်ရဟန်းသည့်တစ်ပါးတည်း ဂိုဏ်းမှ ခွဲခွါလျက်နေ၏။ ထိုရဟန်းအား ဤအကျိုးကို အလိုရှိအပ်၏၊ ဝင်စားဆဲခဏမှာသာ ကိလေသာ တို့မှ လွတ်သော နှစ်သက်ဖွယ်ဖြစ်သော (ရူပ အရူပဈာန်ဟူသော) စေတောဝိမုတ္တိကိုမူလည်း ဖြစ်စေ၍ နေလတ္တံ့၊ ကိလေသာတို့သည် မဖျက်ဆီးနိုင်သော အခါခပ်သိမ်း စင်စစ် ကိလေသာတို့မှ လွတ်သော လောကုတ္တရာ စေတောဝိမုတ္တိကိုမူလည်း ဖြစ်စေ၍ နေလတ္တံ့ ဟူသော ဤအကြောင်းသည် ရှိ၏။

အာနန္ဒာ အကြင်ကိုယ်၌ နှစ်သက်သောပုဂ္ဂိုလ်အား အကြင် အကြင်နှစ်သက်နေသော ကိုယ်၏ ဖောက် ပြန်ခြင်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် မဖြစ်ကုန်ရာ၊ ထိုသို့သော တစ်ခုသော ကိုယ်ကိုမျှ ငါမမြင်။

၁၈၇။ အာနန္ဒာ ရုပ်စသော အလုံးစုံသော နိမိတ်တို့ကို နှလုံးမသွင်းခြင်းကြောင့် ဝိသယဇ္ဈ တ္တ ဖြစ်သော သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ ဤနေခြင်းကို ငါဘုရားသည် ထိုးထွင်း၍ သိပြီ။ အာနန္ဒာ ဤသုညတ ဖလသမာပတ်ကို ပြည့်စုံစေ၍ နေခြင်းဖြင့်နေသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းသော ထိုမြတ်စွာဘုရားထံသို့ ရဟန်းယောကျာ်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမိန်းမ မင်း မင်းအမတ် ကြီး တိတ္ထိ တိတ္ထိတပည့်တို့သည် အကယ်၍ ဆည်းကပ်ကုန်ငြားအံ့၊ အာနန္ဒာ ထိုသို့ဆည်းကပ်ကုန်သော် ထိုပရိသတ်၌ ငါဘုရားသည် နိဗ္ဗာန်သို့ ညွတ်သည်သာဖြစ်သော နိဗ္ဗာန်သို့ ကိုင်းသည်သာဖြစ်သော နိဗ္ဗာန် သို့ ရှိုင်းသည်သာဖြစ်သော ခပ်သိမ်းသော အခြင်းအရာအားဖြင့် အာသဝေါတို့၏ အကြောင်းဖြစ်ကုန်သော တရားတို့မှ ကင်းသည်ဖြစ်၍ ဖြစ်သော စိတ်ဖြင့် စင်စစ် သင်တို့ သွားကြဟု တိုက်တွန်းခြင်းစကားနှင့် စပ်သော စကားကိုသာလျှင် ပြောဟော၏။ အာနန္ဒာ ထို့ကြောင့် ရဟန်းသည် “ဝိသယဇ္ဈ တ္တဖြစ်သော သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေလို၏”ဟု အကယ်၍ အလိုရှိငြားအံ့၊ အာနန္ဒာ ဤသို့အလိုရှိသော ထိုရဟန်းသည် ဂေါစရဇ္ဈ တ္တဟု ဆိုအပ်သော ရူပါဝစရဈာန်၌သာလျှင် စိတ်ကို ကောင်းစွာ ထားရမည်၊ ကောင်းစွာ စုဝေးစေရမည်၊ မြတ်သောသမာဓိကို ပြုရမည်၊ ကောင်းစွာ ဆောက်တည်ရမည်။

၁၈၈။ အာနန္ဒာ အဘယ်သို့လျှင် ရဟန်းသည် ဂေါစရဇ္ဈ တ္တဟုဆိုအပ်သော ရူပါဝစရဈာန်၌သာလျှင် စိတ်ကို ကောင်းစွာ တည်စေရမည်နည်း၊ ကောင်းစွာ စုဝေးစေရမည်နည်း၊ မြတ်သော သမာဓိကို ပြုရ မည်နည်း၊ ကောင်းစွာ ဆောက်တည်ရမည်နည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ် တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ ရောက်၍ နေ၏။ပ။ ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းသည် ဂေါစရဇ္ဈ တ္တဟုဆိုအပ်သော ရူပါဝစရဈာန်၌သာလျှင် စိတ်ကို ကောင်းစွာ တည်စေ၏၊ ကောင်းစွာ စုဝေးစေ၏၊ မြတ်သော သမာဓိကို ပြု၏၊ ကောင်းစွာ ဆောက်တည်၏၊

ထိုရဟန်းသည် မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံး သွင်း၏၊ မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်သည်၏အဖြစ်၌ မပြေးဝင်၊ မကြည် လင်၊ ကောင်းစွာမတည်၊ လွတ်လွတ်မဝင်။ အာနန္ဒာ ဤသို့ဖြစ်သော် ရဟန်းသည် ဤလွတ်လွတ် မဝင် ခြင်းကို ဤသို့ သိ၏ “မိမိသန္တာန်၌ ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ဆိတ်ခြင်းကို နှလုံး သွင်းသော ငါ၏ စိတ်သည် မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ဆိတ်သည်၏အဖြစ် ၌ မပြေးဝင်၊ မကြည်လင်၊ ကောင်းစွာမတည်၊ လွတ်လွတ်မဝင်”ဟု သိ၏။ ဤသို့ ထိုလွတ်လွတ် မဝင်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ထိုရဟန်းသည် သူတစ်ပါးသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ပ။ ထိုရဟန်းသည် မိမိသန္တာန်, သူတစ်ပါးသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,့အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ပ။ ထိုရဟန်းသည် အရူပါဝဝရသမာပတ်ကို နှလုံးသွင်း၏၊ အရူပါဝဝရသမာပတ်ကို နှလုံးသွင်းသော ရဟန်း၏ စိတ်သည် အရူပါဝစရသမာပတ်၌ မပြေးဝင်၊ မကြည် လင်၊ ကောင်းစွာမတည်၊ လွတ်လွတ်မဝင်၊ အာနန္ဒာ ဤသို့ဖြစ်သော် ရဟန်းသည် ဤလွတ်လွတ် မဝင်ခြင်းကို ဤသို့ သိ၏ “အရူပါဝစရ သမာပတ်ကို နှလုံးသွင်းသော ငါ၏ စိတ်သည် အရူပါဝစရ သမာပတ်၌ မပြေးဝင်၊ မကြည်လင်၊ ကောင်းစွာ မတည်၊ လွတ်လွတ်မဝင်”ဟု သိ၏။ ဤသို့ ထို လွတ်လွတ်မဝင်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ ထိုရဟန်းသည် ရှေး ( ပါဒကဈာန် ) ဖြစ်သော သမာဓိ၏ အာရုံနိမိတ်ဖြစ်သော ဂေါစရဇ္ဈ တ္တ ဖြစ်သော ရူပါဝစရဈာန်၌သာလျှင် စိတ်ကို ကောင်းစွာ ထားရမည်၊ ကောင်းစွာ စုဝေးစေရမည်၊ မြတ်သော သမာဓိကို ပြုရမည်၊ ကောင်းစွာ ဆောက်တည်ရမည်၊ ထိုရဟန်းသည် မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါး တို့ကို နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်သည်၏ အဖြစ်၌ စိတ်သည် ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏။ အာနန္ဒာ ဤသို့ဖြစ်သော် ရဟန်းသည် ဤလွတ်လွတ်ဝင်ခြင်းကို ဤသို့ သိ၏ “မိမိသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်းသော ငါ၏စိတ်သည် မိမိသန္တာန်၌ဖြစ် သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်သည်၏အဖြစ်၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာ တည်၏၊ လွတ်လွတ်ဝင်၏”ဟု (သိ၏ )။ ဤသို့ ထိုလွတ်လွတ်ဝင်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ထိုရဟန်းသည် သူတစ်ပါးသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ,အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ပ။ ထိုရဟန်းသည် မိမိသန္တာန်, သူတစ်ပါးသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးတို့၌ (သတ္တ,ဇီဝ, အတ္တမှ) ကင်းဆိတ်ခြင်းကို နှလုံးသွင်း၏။ပ။ ထိုရဟန်းသည် အရူပါဝစရသမာပတ်ကို နှလုံးသွင်း၏၊ အရူပါဝစရသမာပတ်ကို နှလုံးသွင်းသော ထိုရဟန်း၏စိတ်သည် အရူပါဝစရသမာပတ်၌ ပြေးဝင်၏၊ ကြည် လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏။ အာနန္ဒာ ဤသို့ဖြစ်သော် ရဟန်းသည် ဤလွတ်လွတ် ဝင်ခြင်းကို ဤသို့ သိ၏ “အရူပါဝစရ သမာပတ်ကို နှလုံးသွင်းသော ငါ၏စိတ်သည် အရူပါဝစရသမာပတ် ၌ ပြေးဝင်၏၊ ကြည်လင်၏၊ ကောင်းစွာတည်၏၊ လွတ်လွတ်ဝင်၏”ဟု (သိ၏ )။ ဤသို့လျှင် ထိုလွတ်လွတ် ဝင်ရာ၌ ကောင်းစွာအပြားအားဖြင့် သိ၏။

၁၈၉။ အာနန္ဒာ ဤ သမထ ဝိပဿနာ ဝိဟာရဖြင့် နေသော ထိုရဟန်း၏ စိတ်သည် စင်္ကြံသွား ခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် ထိုရဟန်းသည် “ဤသို့ စင်္ကြံသွားသော ငါ့အား အဘိဇ္ဈာ ဒေါမနဿဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အဖန်ဖန် မယိုစီးကုန်အံ့”ဟု နှလုံး သွင်း၍ စင်္ကြံသွား၏။ ဤသို့လျှင် ထိုစင်္ကြံသွားရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ ဤစင်္ကြံသွားခြင်းဟူသော ဣရိယာပုထ်ဖြင့်နေသော ထိုရဟန်း၏စိတ်သည် ရပ်ခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် ထိုရဟန်းသည် “ဤသို့ ရပ်သော ငါ့အား အဘိဇ္ဈာဒေါမနဿ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အဖန်ဖန် မယိုစီးကုန်အံ့”ဟု နှလုံးသွင်း၍ ရပ်၏။ ဤသို့လျှင် ထိုရပ်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ ဤရပ်ခြင်းဟူသော ဣရိယာပုထ်ဖြင့်နေသော ထိုရဟန်း၏စိတ်သည် ထိုင်ခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် ထိုရဟန်းသည် “ဤသို့ ထိုင်သော ငါ့အား အဘိဇ္ဈာဒေါမနဿဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အဖန်ဖန် မယိုစီးကုန်အံ့”ဟု နှလုံးသွင်း၍ ထိုင်၏။ ဤသို့လျှင် ထိုထိုင်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ ဤထိုင်ခြင်းဟူသော ဣရိယာပုထ်ဖြင့်နေသော ထိုရဟန်း၏စိတ်သည် လျောင်းခြင်းငှါ အကယ်၍့ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် ထိုရဟန်းသည် “ဤသို့လျောင်းသော ငါ့အား အဘိဇ္ဈာဒေါမနဿ ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် အဖန်ဖန် မယိုစီးကုန်အံ့”ဟု နှလုံးသွင်း၍ လျောင်း၏။ ဤသို့လျှင် ထိုလျောင်းရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ ဤလျောင်းခြင်းဟူသော ဣရိယာပုထ်ဖြင့်နေသော ထိုရဟန်း၏စိတ်သည် စကားပြောခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် “ထိုရဟန်းသည် အကြင်စကားသည် ယုတ်၏၊ ရွာသူတို့၏ ဥစ္စာ ဖြစ်၏၊ ပုထုဇဉ်တို့၏ ဥစ္စာဖြစ်၏၊ အရိယာတို့၏ ဥစ္စာမဟုတ်၊ အကျိုးစီးပွါးနှင့် မစပ်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ဝဋ်ဆင်းရဲချုပ်ခြင်းငှါ ကိလေသာငြိမ်းခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန် အကျိုးငှါ မဖြစ်၊ ဤစကားတို့ကား အဘယ်သည်တို့နည်း၊ မင်းနှင့်စပ် သောစကား၊ ခိုးသူနှင့်စပ်သောစကား၊ အမတ်ကြီးနှင့် စပ်သောစကား၊ စစ်သည်နှင့် စပ်သောစကား၊ ကြောက်ဖွယ်နှင့် စပ်သောစကား၊ စစ်ထိုးခြင်းနှင့် စပ်သောစကား၊ စားဖွယ်နှင့် စပ်သောစကား၊ သောက်ဖွယ် နှင့် စပ်သောစကား၊ အဝတ်နှင့် စပ်သောစကား၊ အိပ်ရာနေရာနှင့် စပ်သောစကား၊ ပန်းနှင့်စပ်သောစကား၊ နံ့သာနှင့်စပ်သောစကား၊ ဆွေမျိုးနှင့် စပ်သောစကား၊ ယာဉ်နှင့်စပ်သောစကား၊ ရွာနှင့်စပ်သောစကား၊ နိဂုံးနှင့်စပ်သောစကား၊ မြို့နှင့်စပ်သောစကား၊ နယ်နှင့်စပ်သောစကား၊ မိန်းမနှင့်စပ်သောစကား၊ သေ အရက်နှင့်စပ်သောစကား၊ သူရဲကောင်းနှင့်စပ်သောစကား၊ ခရီလမ်းနှင့်စပ်သောစကား၊ ရေခပ်ဆိပ်နှင့်စပ် သောစကား၊ ရှေးကသေလွန်သူနှင့်စပ်သောစကား၊ အထွေထွေနှင့်စပ်သောစကား၊ လောက( အကြောင်း ) နှင့်စပ်သောစကား၊ သမုဒ္ဒရာ( အကြောင်း )နှင့်စပ်သောစကား၊ ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့တည်း။ ဤသို့သဘောရှိသောစကားကို မပြောဆိုအံ့”ဟု နှလုံးသွင်း၏။ ဤသို့လျှင် ထိုမပြော ဆိုခြင်း၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ အကြင်စကားသည်ကား ကိလေသာနည်းပါးခြင်းငှါ ဖြစ်၏၊ စိတ်၏ နီဝရဏကင်းခြင်းငှါ လျော်၏၊ စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ဝဋ်ဆင်းရဲချုပ်ခြင်းငှါ ကိလေသာငြိမ်းခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ ဤစကားတို့သည် အဘယ်သည်တို့နည်း၊ အလိုနည်းခြင်းနှင့်စပ်သောစကား၊ ရောင့်ရဲခြင်းနှင့်စပ်သောစကား၊ နိဝရဏကင်းခြင်း နှင့်စပ်သောစကား၊ မရောယှက်ခြင်းနှင့်စပ်သောစကား၊ လုံ့လအားထုတ်ခြင်းနှင့်စပ်သောစကား၊ သီလ နှင့်စပ်သောစကား၊ သမာဓိနှင့်စပ်သောစကား၊ ပညာနှင့်စပ်သောစကား၊ မဂ်ဖိုလ်နှင်စပ်သောစကား၊ ပစ္စဝေက္ခဏာနှင့်စပ်သောစကား၊ ဤစကားတို့ ပေတည်း။ ဤသို့သဘောရှိသော စကားကို ပြောဆိုအံ့ဟု နှလုံးသွင်း၏။ ဤသို့လျှင် ထိုပြောဆိုခြင်း၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ ဤစကားပြော၍နေခြင်းဟူသော ဝိဟာရဖြင့် နေသော ထိုရဟန်း၏ စိတ်သည် ကြံစည် ခြင်းငှါ အကယ်၍ ညွတ်အံ့၊ ဤသို့ညွတ်ပြီးလျှင် “ထိုရဟန်းသည် အကြင်အကြံအစည်တို့သည် ယုတ်ကုန်၏၊ ရွာသူတို့၏ ဥစ္စာဖြစ်ကုန်၏၊ ပုထုဇဉ်တို့၏ ဥစ္စာဖြစ်ကုန်၏၊ အရိယာတို့၏ ဥစ္စာမဟုတ် ကုန်၊ အကျိုး စီးပွါးနှင့် မစပ်ကုန်၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ မဖြစ်ကုန်၊ ရာဂကင်းခြင်းငှါ မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ ချုပ်ခြင်းငှါ မဖြစ်ကုန်၊ ကိလေသာငြိမ်းခြင်းငှါ မဖြစ်ကုန်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်ကုန်၊ သစ္စာလေးပါးကို သိခြင်းငှါ မဖြစ်ကုန်၊ နိဗ္ဗာန် အကျိုးငှါ မဖြစ်ကုန်၊ ဤအကြံအစည်တို့ကား အဘယ်သည် တို့နည်း၊ ကာမကို ကြံခြင်း ‘ကာမဝိတက်’၊ ဒေါသဖြင့် ဖျက်ဆီးခြင်းကို ကြံခြင်း ‘ဗျာပါဒဝိတက်’၊ ညှဉ်းဆဲခြင်းကို ကြံခြင်း ‘ဝိဟိံသာဝိတက်’တို့တည်း။ ဤသို့သဘောရှိသော ကြံစည်ခြင်း ‘ဝိတက်’တို့ကို ငါမကြံစည်အံ့”ဟူ၍ နှလုံးသွင်း၏၊ ဤသို့လျှင် ထိုမကြံစည်ခြင်း၌ အပြားအားဖြင့် သိ၏။

အာနန္ဒာ အကြင်ကြံစည်ခြင်း ‘ဝိတက်’တို့သည် အပြစ်ကင်းကုန်၏၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ့်ကုန်၏၊ ထိုကြံခြင်းကိုပြုသော ပုဂ္ဂိုလ်အား ကောင်းစွာ ဆင်းရဲကုန်ခန်းခြင်းငှါ ထုတ်ဆောင်တတ်ကုန်၏၊ ဤကြံခြင်းတို့သည် အဘယ်တို့နည်း၊ ကာမမှ ထွက်မြောက်မှုကို ကြံခြင်း ‘နေက္ခမ္မဝိတက်’၊ ဒေါသဖြင့် မဖျက်ဆီးမှုကို ကြံခြင်း ‘အဗျာပါဒဝိတက်’၊ မညှဉ်းဆဲမှုကို ကြံခြင်း ‘အဝိဟိံသာဝိတက်’တို့တည်း။ ဤသို့သဘောရှိသော ကြံစည်ခြင်း ‘ဝိတက်’တို့ကို ငါကြံအံ့ဟူ၍ နှလုံးသွင်း၏၊ ဤသို့လျှင် ထိုကြံစည်ခြင်း ၌ အပြားအားဖြင့် သိ၏။

၁၉ဝ။ အာနန္ဒာ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ— လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသောအဆင်း။ပ။ သောတဝိညာဏ်ဖြင့် သိရသောအသံ။ ဃာနဝိညာဏ်ဖြင့် သိရ သောအနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသောအရသာ၊ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘော ရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့ တည်း။ အာနန္ဒာ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။

ယင်းကာမဂုဏ်ငါးပါး၌ ရဟန်းသည် မပြတ် မိမိစိတ်ကို “ဤကာမဂုဏ်ငါးပါးတို့တွင် အမှတ်မထား တစ်ပါးပါးသော်လည်းဖြစ်သော ကိလေသာဖြစ်ခြင်းအကြောင်း၌ ငါ,အား စိတ်၏ အကြိမ်ကြိမ်ဖြစ်ခြင်းသည် ရှိသလော”ဟု ဆင်ခြင်ရမည်။ အာနန္ဒာ ဆင်ခြင်သော ရဟန်းသည် “ဤကာမဂုဏ်ငါးပါးတို့တွင် အမှတ် မထား တစ်ပါးပါးသော်လည်းဖြစ်သော ကိလေသာဖြစ်ခြင်းအကြောင်း၌ ငါ့အား စိတ်၏ အကြိမ်ကြိမ်ဖြစ် ခြင်းသည် ရှိသည်သာတည်း”ဟု အကယ်၍ သိငြားအံ့။ အာနန္ဒာ ဤရဟန်းသည် ဤသို့ ထင်ရှားရှိသော ဤကိလေသာကို “ဤကာမဂုဏ် ငါးပါးတို့၌ အားကြီးသော ဆန္ဒရာဂကို ငါသည် မပယ်ရသေး”ဟု ဤသို့ သိ၏။ ဤသို့လျှင် ထိုရာဂကို မပယ်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ ထိုမှတစ်ပါး ဆင်ခြင်သောရဟန်းသည် “ဤကာမဂုဏ်ငါးပါးတို့တွင် အမှတ်မထား တစ်ပါးပါးသော်လည်းဖြစ်သော ကိလေသာဖြစ်ခြင်းအကြောင်း၌ ငါ့အား စိတ်၏အကြိမ်ကြိမ်ဖြစ်ခြင်းသည် မရှိသည်သာတည်း”ဟု အကယ်၍ သိငြားအံ့။ အာနန္ဒာ ဤရဟန်းသည် ဤသို့ ထင်ရှားရှိသော ဤ ကိလေသာကို “ဤကာမဂုဏ် ငါးပါးတို့၌ အားကြီးသော ဆန္ဒရာဂကို ငါသည် ပယ်ပြီးပြီ”ဟု ဤသို့ သိ၏။ ဤသို့လျှင် ထိုရာဂကို ပယ်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

၁၉၁။ အာနန္ဒာ ဤဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည် ငါးပါးတို့တည်း၊ ရဟန်းသည် ယင်းဥပါဒါနက္ခန္ဓာတို့၌ “ဤကား ရူပက္ခန္ဓာတည်း၊ ဤကား ရူပက္ခန္ဓာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ရူပက္ခန္ဓာ၏ ချုပ်ခြင်းတည်း။ ဤကား ဝေဒနာက္ခန္ဓာတည်း။ ဤကား သညာက္ခန္ဓာတည်း။ ဤကား သင်္ခါရက္ခန္ဓာတည်း။ ဤကား ဝိညာဏက္ခန္ဓာတည်း။ ဤကား ဝိညာဏက္ခန္ဓာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းတည်း”ဟု ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုသည်ဖြစ်၍ နေရမည်။ ဤဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍နေသော ထိုရဟန်းအား ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာငါးပါးတို့၌ ငါဟု ထင်မှတ်ခြင်းသည် ပျောက်ကင်း၏။ အာနန္ဒာ ရဟန်းသည် ဤသို့ ပျောက်ကင်းသော် “ဤဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့၌ ငါဟု ထင်မှတ်ခြင်းကို ငါ ပယ်ဖျောက်အပ်ပြီးပြီ”ဟု ဤသို့ သိ၏၊ ဤသို့လျှင် ထိုငါဟု ထင်မှတ်ခြင်းကို ပယ်ရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

အာနန္ဒာ ဤဆိုပြီးသော သမထ ဝိပဿနာတရားတို့သည် စင်စစ် ကုသိုလ်ဖြစ်ကုန်၏၊ ကုသိုလ်မှ လာခြင်းရှိကုန်၏၊ ဖြူစင်ကုန်၏၊ လောကီတရားတို့၌ အမြတ်ဆုံးဖြစ်ကုန်၏၊ မာရ်သည် မလွှမ်းမိုးနိုင်။ အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အဘယ်သို့သော အကျိုးကို ကောင်းစွာမျှော်ကိုးသော တပည့်သည် အပစ်ပယ်ခံရသော်လည်း ဆရာသို့အစဉ်လိုက်ခြင်းငှါ ထိုက်သနည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား အကျွန်ုပ်တို့အား တရားတော်သည် မြတ်စွာဘုရားလျှင် အမွန်အစရှိပါကုန်၏၊ မြတ်စွာ့ဘုရားလျှင် ဆောင်ပြတတ်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် သက်ဝင်ရာရှိပါကုန်၏၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ ထိုဟောတော်မူအပ်သော တရားတော်၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားသာလျှင် ဝေဖန်ဟောကြားတော်မူပါ၊ မြတ်စွာဘုရား၏အထံမှ ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားကြပါကုန် လတ္တံ့ဟု (လျှောက်၏)။

၁၉၂။ အာနန္ဒာ တပည့်သည် သုတ်ကိုလည်းကောင်း ဂေယျကိုလည်းကောင်း ဗျာကရုဏ်းကိုလည်း ကောင်း သင်ကြားခြင်းကြောင့် ဆရာသို့ အစဉ်လိုက်ခြင်းငှါ မထိုက်၊ အဘယ့်ကြောင့်နည်းဟူမူ— ထိုရဟန်း သည် ရှည်မြင့်စွာသော ကာလပတ်လုံး ထိုပရိယတ္တိတရားတို့ကို နာကြားရကုန်၏၊ ဆောင်ရကုန်၏၊ နှုတ်ဖြင့် လေ့ကျက်ရကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်ရကုန်၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိရကုန်၏၊ အာနန္ဒာ အကြင်စကားသည် ကိလေသာနည်းပါးခြင်းငှါ ဖြစ်၏၊ စိတ်၏နီဝရဏကင်းခြင်းငှါ လျော်၏၊ စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ဝဋ်ဆင်းရဲချုပ်ခြင်းငှါ ကိလေသာငြိမ်းခြင်းငှါ ထူးသောဉာဏ်ဖြင့်သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်၏။ ဤစကားသည် အဘယ် နည်းဟူမူ— အလိုနည်းခြင်းနှင့် စပ်သောစကား၊ ရောင့်ရဲခြင်းနှင့်စပ်သောစကား၊ နီဝရဏကင်းခြင်းနှင့် စပ်သောစကား၊ မရောရှက်ခြင်းနှင့်စပ်သောစကား၊ လုံ့လကိုအားထုတ် ခြင်းနှင့်စပ်သောစကား၊ သီလနှင့် စပ်သောစကား၊ သမာဓိနှင့်စပ်သောစကား၊ ပညာနှင့်စပ်သောစကား၊ မဂ်ဖိုလ်နှင့် စပ်သောစကား၊ ပစ္စဝေက္ခဏာနှင့်စပ်သောစကားတို့တည်း။ အာနန္ဒာ ဤသို့သဘောရှိသော စကား၏ အကြောင်းကြောင့် တပည့်သည် အပစ်ပယ်ခံရသော်လည်း ဆရာသို့ အစဉ်လိုက်ခြင်းငှါ ထိုက်၏။

အာနန္ဒာ ဤသို့ဖြစ်သော် ဆရာ၏ ဘေးရန်ဖြစ်၏၊ ဤသို့ဖြစ်သော် တပည့်၏ ဘေးရန်ဖြစ်၏၊ ဤသို့ဖြစ်သော် မြတ်သောအကျင့်၏ ဘေးရန်ဖြစ်၏။

၁၉၃။ အာနန္ဒာ အဘယ်သို့လျှင် ဆရာ၏ ဘေးရန်ဖြစ်သနည်း၊ အာနန္ဒာ ဤလောက၌ အချို့သော တိတ္တိဆရာသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။ ထိုသို့သော အခြင်းအရာအားဖြင့် အပေါင်းအဖော်မှ ဖဲခွါလျက်နေသော ထိုဆရာအား နိဂုံး၌ နေသည်လည်းဖြစ်ကုန် သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်၏။ နိဂုံး၌ နေသည်လည်းဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ် ကုန်သော် ထိုဆရာသည် မိန်းမောခြင်းကို ဖြစ်စေ၏။ တပ်မက်ခြင်းသို့ ရောက်၏၊ ပစ္စည်းများခြင်းငှါ စိတ်လည်၏။ အာနန္ဒာ ဤဘေးရန်ကို ဆရာ၏ ကိုယ်တွင်း၌ ဖြစ်သော ကိလေသာဟူသော ဘေးရန်ဟူ၍ ဆိုရ၏၊ ဆရာ၏ ကိုယ်တွင်း၌ ဖြစ်သော ကိလေသာဟူသော ဘေးရန်ကြောင့် ပူပန်စေတတ်ကုန်သော တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးရှိကုန် သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့သည် ထိုဆရာ၏ ဂုဏ်ကို သတ်ဖြတ်ကုန်၏။ အာနန္ဒာ ဤသို့လျှင် ဆရာ၏ ဘေးရန် သည် ဖြစ်၏။

၁၉၄။ အာနန္ဒာ အဘယ်သို့လျှင် တပည့်၏ ဘေးရန်ဖြစ်သနည်း၊ အာနန္ဒာ စင်စစ် ထိုဆရာ၏ တပည့်သည်သာလျှင် ထိုဆရာ၏ကင်းဆိတ်ခြင်းသို့ အတုလိုက်ပွါး၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင် ကို ကောက်ရိုးပုံကို မှီဝဲ၏။ ထိုသို့သော အခြင်းအရာအားဖြင့် အပေါင်းအဖော်မှ ဖဲခွါလျက်နေသော ထို တပည့်အား နိဂုံး၌ နေသည်လည်းဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့ သည် အစဉ်ချဉ်းကပ်ကုန်၏။ နိဂုံး၌့နေသည်လည်းဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်သော် ထိုဆရာ၏တပည့်သည် မိန်းမောခြင်းကို ဖြစ်စေ၏။ တပ်မက်ခြင်းသို့ ရောက်၏၊ ပစ္စည်းများခြင်းငှါ စိတ်လည်၏။ အာနန္ဒာ ဤဘေးရန်ကို တပည့်၏ ကိုယ်တွင်း၌ ဖြစ်သော ကိလေသာဟူသော ဘေးရန်ဟူ၍ ဆိုရ၏၊ တပည့်၏ ကိုယ်တွင်း၌ဖြစ်သော ကိလေသာဟူသော ဘေးရန်ကြောင့် ပူပန်စေတတ်ကုန်သော တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးရှိကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့သည် ထိုတပည့်၏ ဂုဏ်ကို သတ်ဖြတ်ကုန်၏။ အာနန္ဒာ ဤသို့လျှင် တပည့်၏ ဘေးရန်သည် ဖြစ်၏။

၁၉၅။ အာနန္ဒာ အဘယ်သို့လျှင် မြတ်သောအကျင့်၏ ဘေးရန်သည် ဖြစ်သနည်း၊ အာနန္ဒာ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော် မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူတတ်သော၊ ဘုန်းတန်ခိုး ကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည် ဆိတ်ငြိမ်သော ကျောင်း အိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။ ထိုသို့သော အခြင်းအရာအားဖြင့် အပေါင်းအဖော်မှ ဖဲခွါလျက်နေသော ထိုမြတ်စွာဘုရားအား နိဂုံး၌ နေသည်လည်း ဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်း ဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်၏။ နိဂုံး၌ နေသည်လည်း ဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်း ဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်သော် ထိုမြတ်စွာဘုရားသည် မိန်းမောခြင်းကို မဖြစ်စေ၊ တပ်မက်ခြင်းသို့ မရောက်၊ ပစ္စည်းများခြင်းငှါ စိတ်မလည်။

အာနန္ဒာ ထိုမြတ်စွာဘုရား၏တပည့်သည် ထိုမြတ်စွာဘုရား၏ ဆိတ်ငြိမ်ခြင်းသို့ အတုလိုက်ပွါး၍ လူတို့မှ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။ ထိုသို့သော အခြင်းအရာ အားဖြင့် အပေါင်းအဖော်မှ ဖဲခွါလျက်နေသော ထိုမြတ်စွာဘုရား၏ တပည့်အား နိဂုံး၌ နေသည်လည်း ဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်းဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ်ချဉ်းကပ်ကုန်၏။ နိဂုံး၌ နေသည်လည်းဖြစ်ကုန်သော ဇနပုဒ်၌ နေသည်လည်း ဖြစ်ကုန်သော ပုဏ္ဏားသူကြွယ်တို့သည် အစဉ် ချဉ်းကပ်ကုန်သော် ထိုမြတ်စွာဘုရား၏ တပည့်သည် မိန်းမောခြင်းကို ဖြစ်စေ၏။ တပ်မက်ခြင်းသို့ ရောက်၏၊ ပစ္စည်းများခြင်းငှါ စိတ်လည်၏။ အာနန္ဒာ ဤဘေးရန်ကို မြတ်သောအကျင့်၏ ဘေးရန်ဟူ၍ ဆိုရ၏၊ မြတ်သောအကျင့်၌ ဖြစ်သော ဘေးရန်ကြောင့် ပူပန်စေတတ်ကုန်သော တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးရှိကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုရဟန်း၏ ဂုဏ်ကို သတ်ဖြတ်ကုန်၏။ အာနန္ဒာ ဤသို့လျှင် မြတ်သော အကျင့်၏ ဘေးရန်သည် ဖြစ်၏။

အာနန္ဒာ ထိုဘေးရန်အပေါင်းတို့တွင် ဆရာ၏ဘေးရန် တပည့်၏ဘေးရန်ဟူသော ဘေးရန်နှစ်ပါးတို့ ထက် ဤမြတ်သော အကျင့်၏ ဘေးရန်သည် အလွန်ဆင်းရဲသော အကျိုးရှိသည်လည်း ဖြစ်၏၊ အလွန် ခါးစပ်သော အကျိုးရှိသည်လည်း ဖြစ်၏။ စင်စစ်ကား ဖရိုဖရဲပျက်စီး၍ ကျခြင်းငှါသာ ဖြစ်၏။

၁၉၆။ အာနန္ဒာ ထို့ကြောင့် ငါ့ကို ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကြကုန်လော့၊ မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကြကုန်လင့်၊ ထိုချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ခြင်းသည် သင်တို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

အာနန္ဒာ အဘယ်သို့လျှင် တပည့်တို့သည် ဆရာကို မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်သနည်း၊ ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်သနည်း။ အာနန္ဒာ ဤသာသနာတော်၌ ဆရာသည် “ဤ အကျင့်သည် သင်တို့အား အကျိုးစီးပွါးအလို့ငှါ ဖြစ်၏၊ ဤအကျင့်သည် သင်တို့အား ချမ်းသာခြင်း အလို့ငှါဖြစ်၏”ဟု တပည့်တို့အား အစဉ်သနားသည်, အကျိုးစီးပွါးကို ရှာမှီးသည် ဖြစ်၍ အစဉ် သနားခြင်းကို အစွဲပြု၍ တရားဟော၏။ ထိုဆရာ၏ တပည့်တို့သည် ကောင်းစွာ မနာကြားကုန်၊ နား မထောင်ကုန်၊ သိခြင်းငှါ စိတ်ကို မထားကုန်၊ ဆရာ၏ အဆုံးအမကို လွန်ကျူး၍ ကျင့်ကုန်၏။ အာနန္ဒာ ဤသို့လျှင် တပည့်တို့သည် ဆရာကို မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်၏၊ ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်။

အာနန္ဒာ အဘယ်သို့လျှင် တပည့်တို့သည် ဆရာကို ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်သနည်း၊ မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်သနည်း။ အာနန္ဒာ ဆရာသည် “ဤအကျင့်သည် သင်တို့အား အကျိုး စီးပွါးအလို့ငှါ ဖြစ်၏၊ ဤအကျင့်သည် သင်တို့အား ချမ်းသာခြင်းအလို့ငှါ ဖြစ်၏”ဟု တပည့် တို့အား အစဉ်သနားသည်, အကျိုးစီးပွါးကို ရှာမှီးသည် ဖြစ်၍ အစဉ်သနားခြင်းကို အစွဲပြု၍ တရား ဟော၏။ ထိုဆရာ၏ တပည့်တို့သည် ကောင်းစွာ နာကြားကုန်၏၊ နားထောင်ကုန်၏၊ သိခြင်းငှါ စိတ်ကို ထားကုန်၏၊ ဆရာ၏ အဆုံးအမကို လွန်ကျူး၍ မကျင့်ကုန်။ အာနန္ဒာ ဤသို့လျှင် ဆရာကို တပည့်တို့ သည် ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကုန်၏၊ မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကုန်။

အာနန္ဒာ ထို့ကြောင့် ငါ့ကို ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကြကုန်လော့၊ မုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ကြကုန်လင့်၊ ထိုမုန်းခြင်းရှိသည်၏ အဖြစ်ဖြင့် မကျင့်ခြင်းသည် သင်တို့အား ရှည်မြင့်စွာ သော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အာနန္ဒာ အိုးထိန်းသည်သည် ခြောက်သွေ့ သော အိုးစိမ်းခွက်၊ (သို့မဟုတ်) မခြောက်တခြောက် အိုးစိမ်းခွက်၌ ကြောင့်ကြစိုက်သကဲ့သို့ ငါသည် သင်တို့၌ ကြောင့်ကြမစိုက်။ အာနန္ဒာ ငါသည် (သင်တို့အား) နှိပ်၍ နှိပ်၍ ဟောပြောဆုံးမအံ့၊ အာနန္ဒာ ငါသည် (သင်တို့အား သင်တို့၏ အပြစ်ကို) ဖေါ်ထုတ်၍ ဖေါ်ထုတ်၍ ဟောပြောဆုံးမအံ့၊ (ဤသို့ ဟောပြောဆုံးမအပ်သော်) မဂ်ဖိုလ်ဟူသော အနှစ်အသားသည် တည်လတ္တံ့ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။

နှစ်ခုမြောက် မဟာသုညတသုတ် ပြီး၏။