မဇ္ဈိမနိကာယ်

၄—ဗာကုလသုတ်

၂ဝ၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ အသျှင်ဗာကုလသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေ၏။ ထိုအခါ အသျှင်ဗာကုလ၏ ရှေးလူဖြစ်စဉ်က မိတ်ဆွေဖြစ်သော အစေလကဿပသည် အသျှင်ဗာကုလထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဗာကုလနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ သင့်လျော်ရာ၌ ထိုင်ကာ အသျှင် ဗာကုလအား ဤစကားကို ပြောဆို၏—

“ငါ့သျှင်ဗာကုလ ရဟန်းပြုသည်မှာ အဘယ်မျှကြာပြီနည်း”ဟု (မေး၏)။ ငါ့သျှင် ငါရဟန်းပြု သည်မှာ အနှစ်ရှစ်ဆယ်ရှိပြီဟု (ဆို၏)။ ငါ့သျှင်ဗာကုလ ဤအနှစ်ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် မေထုန်အကျင့်ကို သင်မှီဝဲသနည်းဟု (မေး၏)။ ငါ့သျှင်ကဿပ ငါ့အား “ငါ့သျှင်ဗာကုလ ဤအနှစ် ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် မေထုန်အကျင့်ကို သင်မှီဝဲသနည်း”ဟု မမေးသင့်။ ငါ့သျှင်ကဿပ ငါ့အား “ငါ့သျှင်ဗာကုလ ဤအနှစ်ရှစ်ဆယ်အတွင်းမှာ ဘယ်နှစ်ကြိမ် ကာမဂုဏ်နှင့်စပ်သော သညာဖြစ်ဖူး့သနည်း”ဟုသာ မေးသင့်၏ဟု (ဆို၏)။

၂၁ဝ။ ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား ကာမဂုဏ်နှင့်စပ်သော သညာ ဖြစ်ဖူး၏ဟူ၍ မသိစဖူး။ အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ကာမဂုဏ်နှင့်စပ်သော သညာကို ဖြစ်ဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။ (၁)

ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား သူတစ်ပါးအား ဖျက်ဆီးလိုမှုနှင့် စပ်သော သညာ။ပ။ သူတစ်ပါးအား ညှဉ်းဆဲလိုမှုနှင့်စပ်သောသညာ ဖြစ်ဖူး၏ဟူ၍ မသိစဖူး။ အသျှင် ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး သူတစ်ပါးအား ညှဉ်းဆဲလိုမှုနှင့်စပ်သောသညာ ဖြစ်ဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်း ကောင်း ငါတို့မှတ်ရပါကုန်၏။ (၂—၃)

ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား ကာမဂုဏ်နှင့်စပ်သော ကြံစည်ခြင်း ကာမဝိတက်ဖြစ်ဖူး၏ဟူ၍ မသိစဖူး။ အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ကာမဂုဏ်နှင့် စပ်သော ကြံစည်ခြင်း ကာမဝိတက်ဖြစ်ဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။ (၄)

ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား သူတစ်ပါးအား ဖျက်ဆီးလိုမှု နှင့်စပ်သော ‘ဗျာပါဒ’ ဝိတက်။ပ။ သူတစ်ပါးအား ညှဉ်းဆဲလိုမှုနှင့် စပ်သော ‘ဝိဟိံသာ’ ဝိတက်ဖြစ်ဖူး၏ဟူ၍ မသိစဖူး။ အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး သူတစ်ပါးအား ညှဉ်းဆဲလိုမှုနှင့်စပ်သော ‘ဝိဟိံသာ’ ဝိတက်ဖြစ်ဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း၊ မဖြစ် စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။ (၅—၆)

၂၁၁။ ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါသည် ဒါယကာတို့လှူသော သင်္ကန်းကို သာယာဖူး၏ဟူ၍ မသိစဖူး။ အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ဒါယကာတို့ လှူသော သင်္ကန်းကို သာယာဖူး၏ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။ (၇)

ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါ့အား သင်္ကန်းကို ဓားဖြင့် ဖြတ်ဖူး၏ဟူ ၍ မသိစဖူး။ အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး သင်္ကန်းကို ဓားဖြင့် ဖြတ်ဖူး၏ဟူ၍ မသိခြင်း ကိုလည်း။ပ။ မှတ်ရပါကုန်၏။ (၈)

ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါသည် သင်္ကန်းကို အပ်ဖြင့် ချုပ်ဖူး၏ ဟူ၍ မသိစဖူး။ပ။ သင်္ကန်းကို ဆိုးရည်ဖြင့်ဆိုးဖူး၏ဟူ၍ မသိစဖူး။ပ။ ကထိန်သင်္ကန်းကို ချုပ်ဖူး၏ ဟူ၍ မသိစဖူး။ပ။ သီတင်းသုံးဖော်တို့၏ သင်္ကန်းချုပ်ရာ၌ စီရင်ဖူး၏ဟူ၍ မသိစဖူး။ ပင့်ဖိတ်သော ဆွမ်းကို သာယာဖူး၏ဟူ၍ မသိစဖူး။ “တစ်စုံတစ်ယောက်သော ဒါယကာသည် ငါ့ကို ပင့်ဖိတ်မူ ကောင်းလေစွ”ဟု ဤသို့သဘောရှိသော စိတ်ဖြစ်ဖူး၏ဟူ၍ မသိစဖူး။ ရွာတွင်း၌ ထိုင်ဖူး၏ဟူ၍ မသိစဖူး။ပ။ ရွာတွင်း၌ စားဖူး၏ဟူ၍ မသိစဖူး။ မာတုဂါမကို မိန်းမဟူသော အမှတ်လက္ခဏာအားဖြင့် ကြည့်ဖူး၏ဟူ၍ မသိ စဖူး။ မာတုဂါမအား အယုတ်ဆုံးအားဖြင့် လေးပါဒရှိသော ဂါထာမျှဖြင့် တရားကို ဟောဖူး၏ဟူ၍ မသိစဖူး။ ဘိက္ခုနီမကျောင်းသို့ ချဉ်းကပ်ဖူး၏ဟူ၍ မသိစဖူး။ ဘိက္ခုနီမအား တရားဟောဖူး၏ဟူ၍ မသိစဖူး။ သိက္ခမာန်မအား တရားဟောဖူး၏ဟူ၍ မသိစဖူး။ သာမဏေမအား တရားဟောဖူး၏ဟူ၍ မသိစဖူး။ ဥပဇ္ဈာယ်ပြုလျက် ရှင်ပြုဖူး၏ဟူ၍ မသိစဖူး။ ဥပဇ္ဈာယ်ပြုလျက် ရဟန်းခံပေးဖူး၏ဟူ၍ မသိစဖူး။ နိဿရည်းပေးဖူး၏ဟူ၍ မသိစဖူး။ သာမဏေကို လုပ်ကျွေးစေဖူး၏ဟူ၍ မသိစဖူး။ ရေချိုး ဆိပ်၌ ရေချိုးဖူး၏ ဟူ၍ မသိစဖူး။ ရေချိုးကသယ်မှုန့်ဖြင့် ရေချိုးဖူး၏ဟူ၍ မသိစဖူး။ သီတင်းသုံးဖော့်တို့၏ ကိုယ်ကို ဆုပ်နယ်မှု၌ စီရင်အပ်ဖူး၏ဟူ၍ မသိစဖူး။ အယုတ်သဖြင့် နွားနို့တစ်ညှစ်ခန့်မျှလည်း အနာဖြစ်ဖူး၏ဟူ၍ မသိစဖူး။ အယုတ်သဖြင့် သျှိသျှားသီးပိုင်းမျှလည်းဖြစ်သော ဆေးကို သုံးဆောင်ဖူး၏ ဟူ၍ မသိစဖူး။ပ။ တံကဲပျဉ်ကိုမှီ၍ အိပ်ဖူး၏ဟူ၍ မသိစဖူး။ အိပ်ရာ၌ အိပ်ဖူး၏ဟူ၍ မသိစဖူး။ပ။ အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။ (၉—၃၃)

ငါ့သျှင်ကဿပ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရဟန်းပြုသော ငါသည် ရွာနီးကျောင်း၌ ဝါကပ်ဖူးသည် ဟူ၍ မသိစဖူး။ အသျှင်ဗာကုလ၏ အနှစ်ရှစ်ဆယ်တို့ပတ်လုံး ရွာနီးကျောင်း၌ ဝါကပ်ဖူးသည်ဟူ၍ မသိခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း မဖြစ်စဖူး ထူးသောသဘောဟူ၍လည်း ကောင်း ငါတို့ မှတ်ရပါကုန်၏။ (၃၄)

ငါ့သျှင်ကဿပ ငါသည် ရဟန်းဖြစ်၍ ခုနစ်ရက်သာလျှင် ကိလေသာရှိသော ပုထုဇဉ်ဖြစ်၍ တိုင်းပြည်၏ ဆွမ်းကို စားခဲ့ဖူး၏၊ ထို့နောက် ရှစ်ရက်မြောက်၌ အရဟတ္တဖိုလ်သည် ထင်ရှားဖြစ်၏။ အသျှင် ဗာကုလ၏ ရဟန်းဖြစ်၍ ခုနစ်ရက်သာလျှင် ကိလေသာရှိသော ပုထုဇဉ်ဖြစ်၍ တိုင်းပြည်၏ ဆွမ်းကို စားခြင်း ထို့နောက် ရှစ်ရက်မြောက်၌ အရဟတ္တဖိုလ် ထင်ရှားဖြစ်ခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြ ဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။ (၃၅)

၂၁၂။ ငါ့သျှင်ဗာကုလ အကျွန်ုပ်သည် ဤသုတ် အဘိဓမ္မာ ဝိနည်းဟူသော မြတ်စွာဘုရား သာသနာ တော်၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ဟု လျှောက်၏။ အစေလကဿပသည် ဤ သုတ်အဘိဓမ္မာ ဝိနည်းဟူသော မြတ်စွာဘုရားသာသနာတော်၌ ရှင်အဖြစ်ကိုရ၏၊ ပဉ္စင်းအဖြစ်ကိုရ၏။

အသျှင်ကဿပသည် ရဟန်းဖြစ်၍ မကြာမြင့်မီ တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မ လျော့ လုံ့လရှိသည်ပြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိလျက် နေသည်ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုကြသော အမျိုးကောင်းသားများ မြှော်လင့်ထားခဲ့ကြသော အတုမဲ့ မြတ်သော အကျင့်၏ ဆုံးခန်းတိုင်ရောက်မှုကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ပြည့်စုံစေ၍ နေ၏၊ “ပဋိသန္ဓေ နေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤအရဟတ္တဖိုလ်ဟူသော အကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိပြီ”ဟု သိ၏။ အသျှင်ကဿပသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင်ဖြစ်၏။

ထို့နောက် အခါတစ်ပါး၌ အသျှင်ဗာကုလသည် သံကောက်ကို ယူ၍ တစ်ကျောင်းမှ တစ်ကျောင်းသို့ ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရားတို့ ရှေ့သို့တက်ကုန်လော့၊ အသျှင်ဘုရားတို့ ရှေ့သို့တက်ကုန်လော့၊ ယနေ့ အကျွန်ုပ်၏ ပရိနိဗ္ဗာန်ဝင်စံခြင်းသည် ဖြစ်လတ္တံ့”ဟု ဤသို့ ပြောဆို၏။ အသျှင်ဗာကုလ၏ သံကောက်ကို ယူ၍ တစ်ကျောင်းမှ တစ်ကျောင်းသို့ ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရားတို့ ရှေ့သို့တက် ကုန်လော့၊ အသျှင်ဘုရားတို့ ရှေ့သို့တက်ကုန်လော့၊ ယနေ့ အကျွန်ုပ်၏ ပရိနိဗ္ဗာန်ဝင်စံခြင်းသည် ဖြစ် လတ္တံ့”ဟု ပြောဆိုခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသော သဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏။ (၃၆)

အသျှင်ဗာကုလသည် ရဟန်းအပေါင်း၏ အလယ်၌ ထိုင်လျက်သာလျှင် ပရိနိဗ္ဗာန်ဝင်စံ၏။ အသျှင် ဗာကုလ၏ ရဟန်းအပေါင်း၏ အလယ်၌ ထိုင်လျက်သာလျှင် ပရိနိဗ္ဗာန် ဝင်စံခြင်းကိုလည်း အသျှင်ဗာကုလ၏ အံ့သြဖွယ်ဟူ၍လည်းကောင်း၊ မဖြစ်စဖူး ထူးသောသဘောဟူ၍လည်းကောင်း ငါတို့ မှတ်ရပါကုန်၏ဟု (ပြောဆို၏)။ (၃၇)

လေးခုမြောက် ဗာကုလသုတ် ပြီး၏။