မဇ္ဈိမနိကာယ်

၆—ဘူမိဇသုတ်

၂၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ဘူမိဇသည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဇယသေနမင်းသား၏ အိမ်တော်ဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုအခါ ဇယသေနမင်းသားသည် အသျှင်ဘူမိဇထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်ဘူမိဇ နှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး နောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် ဇယသေနမင်းသားသည် အသျှင်ဘူမိဇ အား ဤစကားကို လျှောက်ထား၏ — “အသျှင်ဘူမိဇ ‘တောင့်တခြင်းကို ပြု၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို့မပြုမူ၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရ ထိုက်’ဟု ဤသို့ ပြောလေ့ရှိကုန်သော ဤသို့ ယူလေ့ရှိကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏။ ဤအရာ၌ အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်သို့ အယူရှိ၍ အဘယ်သို့ ပြောကြားပါသနည်း”ဟု (လျှောက်၏)။

မင်းသား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို့သော စကားကို ငါသည် ကြားလည်း မကြားဘူး၊ နာယူလည်း မနာယူဘူး၊ မြတ်စွာဘုရားသည် ဖြေကြားခဲ့ပါလျှင် ဤသို့ ဖြေကြားရာသော အကြောင်းကား ရှိ၏ “တောင့်တခြင်းကို ပြု၍ မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို မပြုမူ၍ မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုး မရထိုက်။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့် တခြင်းကို မပြုမူ၍လည်းကောင်း မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန် သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည် မဟုတ် ဘဲလည်းကောင်း မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုး မရထိုက်။ တောင့်တခြင်းကိုပြု၍ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန် သည်ရှိသော် အကျိုးရထိုက်၏။ တောင့်တခြင်းကို မပြုမူ၍ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်း ကို မပြုမူ၍လည်းကောင်း၊ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်း ကောင်း အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။

မင်းသား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို့သော စကားကို ငါသည် ကြားလည်း မကြားဘူး၊ နာယူလည်း မနာယူဘူး၊ မြတ်စွာဘုရားသည် ဖြေကြားခဲ့ပါလျှင် ဤသို့ ဖြေကြားရာသော အကြောင်းကားရှိ၏”ဟု (ပြောဆို၏)။ အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤသို့ အယူရှိ၍ ဤသို့ပြောကြားခဲ့ပါလျှင် အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် စင်စစ် အလုံးစုံ ကြီးကုန်သော များစွာကုန်သော သမဏ ဗြာဟ္မဏတို့အား ထိခိုက်၍ တည်လေယောင်တကားဟု (ပြောဆို၏)။ ထို့နောက် ဇယသေနမင်းသားသည် အသျှင်ဘူမိဇကို မိမိ၏ ပွဲတော်အုပ်ဆွမ်းဖြင့် လုပ် ကျွေးလေ၏။

၂၂၄။ ထို့နောက် အသျှင်ဘူမိဇသည် ဆွမ်းစားပြီးနောက် ဆွမ်းစားရာမှ ဖဲခဲ့ကာ မြတ်စွာဘုရား ရှိရာသို့ ချဉ်းကပ်၍ အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျှော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏ — မြတ်စွာဘုရား အကျွန်ုပ်သည် ဤယနေ့နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်ကာ ဇယသေနမင်းသား၏ အိမ်တော်ဆီသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေပါ၏။ မြတ်စွာဘုရား ထိုအခါ ဇယသေနမင်းသားသည် အကျွန်ုပ်ရှိရာသို့ ချဉ်းကပ်ပြီးလျှင် အကျွန်ုပ်နှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး ဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ အကျွန်ုပ်အား ဤစကားကို လျှောက်ထားမေးမြန်းပါ၏ — “အသျှင်ဘူမိဇ ‘တောင့်တခြင်းကို ပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို မပြုမူ၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို့ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်း ကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်’ဟု ဤသို့ ပြောလေ့ရှိကုန်သော ဤ သို့ ယူလေ့ရှိကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏။ ဤအရာ၌ အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်သို့ အယူရှိ၍ အဘယ်သို့ ပြောကြားလေ့ရှိပါသ နည်း”ဟု (မေးလျှောက်ပါ၏)။

မြတ်စွာဘုရား ဤသို့ မေးလျှောက်သည်ရှိသော် အကျွန်ုပ်သည် ဇယသေနမင်းသားအား ဤစကား ကို ဖြေကြားပြောဆိုပါ၏ “မင်းသား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို့သော စကားကို ငါသည် ကြားလည်း မကြားဘူး၊ နာယူလည်း မနာယူဘူး၊ မြတ်စွာဘုရားသည် ဖြေကြားခဲ့ပါလျှင် ဤသို့ ဖြေ ကြားရာသော အကြောင်းကားရှိ၏ “တောင့်တခြင်းကို ပြု၍ မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို မပြုမူ၍ မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်း ကို မပြုသည်မဟုတ်ဘဲလည်းကောင်း မသင့်သောအားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန် သော်လည်း အကျိုး မရထိုက်။ တောင့်တခြင်းကိုပြု၍ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့် ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ တောင့်တခြင်းကို မပြုမူ၍ အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သောအကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုး ရထိုက်၏။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန် သည်ရှိသော် အကျိုးရထိုက်၏။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း တောင့်တခြင်းကို မပြုသည် မဟုတ်ဘဲလည်းကောင်း အသင့်အားဖြင့် နှလုံးသွင်းသဖြင့် မြတ်သော အကျင့်ကို ကျင့်ကုန်သည်ရှိသော် အကျိုးရထိုက်၏။ မင်းသား မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤသို့သော စကားကို ငါသည် ကြားလည်း မကြားဘူး၊ နာယူလည်း မနာယူဘူး၊ မြတ်စွာဘုရားသည် ဖြေကြားခဲ့ပါလျှင် ဤသို့ ဖြေကြားရာ သော အကြောင်းကား ရှိ၏”ဟု (ဖြေကြားပြောဆိုပါ၏)။

အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤသို့ အယူရှိ၍ ဤသို့ပြောကြားခဲ့ပါ လျှင် အသျှင်ဘူမိဇ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် စင်စစ် အလုံးစုံ ကြီးကုန်သော များစွာ ကုန်သော သမဏဗြာဟ္မဏတို့အား ထိခိုက်၍ တည်လေယောင်တကား”ဟု (ပြောဆို၏)။ မြတ်စွာဘုရား ဤသို့ အမေးခံရသည်ဖြစ်၍ ဤသို့ဖြေသော အကျွန်ုပ်သည် မြတ်စွာဘုရားဟောသော စကားတော်ကို ပြောဆိုပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲခြင်း မဖြစ်ပါသလော၊ တရားတော် နှင့်လျော်သောသဘောကို ဖြေကြားခြင်းဖြစ်ပါသလော၊ တစ်စုံတစ်ခုသော အကြောင်းနှင့်လျော်သော ပြော ဆိုခြင်း အတုလိုက်၍ ပြောဆိုခြင်းသည် ကဲ့ရဲ့ခြင်း၏ အကြောင်းသို့ မရောက်ပါသလောဟု (လျှောက်၏)။

ဘူမိဇ စင်စစ် ဤသို့ အမေးခံရသည်ဖြစ်၍ ဤသို့ဖြေသော် သင်သည် ငါဟောသော စကားကို ပြောဆိုပေ၏၊ ငါ့ကို မဟုတ်မမှန်သော စကားဖြင့်စွပ်စွဲရာမဖြစ်၊ တရားတော်နှင့်လျော်သော သဘောကိုလည်း ဖြေကြား၏၊ တစ်စုံတစ်ခုသော အကြောင်းနှင့်လျော်သော ပြောဆိုခြင်း အတုလိုက်၍ ပြောဆိုခြင်း သည် ကဲ့ရဲ့ခြင်း၏ အကြောင်းသို့ မရောက်။ ဘူမိဇ မှားသောအယူရှိကုန်သော, မှားသောအကြံအစည်ရှိ ကုန်သော, မှားသောစကားရှိကုန်သော, မှားသောအလုပ်ရှိကုန်သော, မှားသောအသက်မွေးခြင်းရှိကုန်သော, မှားသောလုံ့လရှိကုန်သော, မှားသောအောက်မေ့ခြင်းရှိကုန်သော,့မှားသောတည်ကြည်ခြင်းရှိကုန်သော, ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကို ပြု၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ တောင့်တခြင်းကို မပြုမူ၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တ ခြင်းကို မပြုမူ၍လည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ တောင့် တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်။ ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ — ဘူမိဇ ထိုအကျင့် သည် အကျိုးရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

၂၂၅။ ဘူမိဇ ဥပမာအားဖြင့် ဆီကိုအလိုရှိ၍ ဆီကိုရှာမှီးသော ဆီရှာလှည့်လည်သော ယောကျာ်း သည် သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်ရာ၏၊ တောင့်တခြင်းကိုပြု၍ သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော်လည်း ဆီကို မရထိုက်။ တောင့် တခြင်းကို မပြုမူ၍ သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော်လည်း ဆီကို မရထိုက်။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော်လည်း ဆီကို မရထိုက်။ တောင့်တ ခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည် မဟုတ်ဘဲလည်းကောင်း သဲကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော်လည်း ဆီကို မရထိုက်။ ထိုသို့မရခြင်းသည် အဘယ့် ကြောင့်နည်းဟူမူ —ဘူမိဇ ထိုသို့ပြုခြင်းသည် ဆီကိုရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

ဘူမိဇ ဤဥပမာအတူသာလျှင် မှားသောအယူရှိကုန်သော, မှားသောအကြံအစည်ရှိကုန်သော, မှား သော စကားရှိကုန်သော, မှားသောအလုပ်ရှိကုန်သော, မှားသောအသက်မွေးခြင်းရှိကုန်သော, မှားသော လုံ့လရှိကုန်သော, မှားသောအောက်မေ့ခြင်းရှိကုန်သော, မှားသောတည်ကြည်ခြင်းရှိကုန်သော, ခပ်သိမ်းကုန် သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ တောင့်တခြင်းကို မပြုမူ၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန် သော်လည်း အကျိုး မရထိုက်ကုန်။ ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ — ဘူမိဇ ထိုအကျင့်သည် အကျိုးရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

ဘူမိဇ ဥပမာအားဖြင့် နို့ကိုအလိုရှိ၍ နို့ကို ရှာမှီးသော နို့ရှာလှည့်လည်သော ယောကျာ်းသည် နွားငယ်ရှိသော နွားမကို ဦးချိုမှ နို့ညှစ်ရာ၏၊ တောင့်တခြင်းကိုပြု၍ နွားငယ်ရှိသော နွားမကို ဦးချိုမှ နို့ညှစ်သော်လည်း နို့ရည်ကို မရထိုက်။ တောင့်တခြင်းကို မပြုမူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်း ကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း တောင့်တ ခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း နွားငယ်ရှိသော နွားမကို ဦးချိုမှ နို့ညှစ်သော်လည်း နို့ရည်ကို မရထိုက်။ ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ — ဘူမိဇ ထိုသို့ပြုခြင်းသည် နို့ရည်ကိုရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

ဘူမိဇ ဤဥပမာအတူသာလျှင် မှားသောအယူရှိကုန်သော။ပ။ မှားသောတည်ကြည်ခြင်း ရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို အကယ်၍ ကျင့်ကုန်သော်လည်း အကျိုး မရထိုက်ကုန်။ တောင့်တခြင်းကို မပြုမူ၍့။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန် သော်လည်း အကျိုး မရထိုက် ကုန်။ ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ —ဘူမိဇ ထိုအကျင့်သည် အကျိုးရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

၂၂၆။ ဘူမိဇ ဥပမာအားဖြင့် ဆီဦးကိုအလိုရှိ၍ ဆီဦးကို ရှာမှီးသော ဆီဦးရှာလှည့်လည်သော ယောကျာ်းသည် ရေကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေရာ၏၊ တောင့်တခြင်းကိုပြု၍ ရေကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေ သော်လည်း ဆီဦးကို မရထိုက်။ တောင့်တခြင်းကို မပြုမူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း ရေကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေသော်လည်း ဆီဦးကို မရထိုက်။ ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ —ဘူမိဇ ထိုသို့ပြုခြင်း သည် ဆီဦးကိုရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

ဘူမိဇ ဤဥပမာအတူသာလျှင် မှားသောအယူရှိကုန်သော။ပ။ မှားသောတည်ကြည်ခြင်းရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကို ပြု၍ မြတ်သော အကျင့်ကို အကယ်၍ ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ တောင့်တခြင်းကို မပြုမူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော်လည်း အကျိုး မရထိုက်ကုန်။ ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ — ဘူမိဇ ထိုအကျင့်သည် အကျိုးကိုရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

ဘူမိဇ ဥပမာအားဖြင့် မီးကို အလိုရှိ၍ မီးကို ရှာမှီးသော မီးရှာလှည့်လည်သော ယောကျာ်းသည် အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူဆောင်၍ နှိပ်ပွတ်ရာ၏၊ တောင့်တခြင်းကိုပြု၍ အစေးရှိသော ထင်းစိုကို မီးပွတ်ခုံသို့ ယူဆောင်၍ နှိပ်ပွတ်သော်လည်း မီးကို မရထိုက်။ တောင့်တခြင်းကို မပြုမူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း အစေးရှိသော ထင်းစိုကို မီးပွတ်ခုံ သို့ ယူဆောင်၍ နှိပ်ပွတ်သော်လည်း မီးကို မရထိုက်။ ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ — ဘူမိဇ ထိုသို့ပြုခြင်းသည် မီးကို ရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

ဘူမိဇ ဤဥပမာအတူသာလျှင် မှားသောအယူရှိကုန်သော။ပ။ မှားသောတည်ကြည်ခြင်းရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို အကယ်၍ ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ တောင့်တခြင်းကို မပြုမူ ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်းကို မပြု မူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို အကယ်၍ ကျင့်ကုန်သော်လည်း အကျိုးမရထိုက်ကုန်။ ထိုသို့မရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ —ဘူမိဇ ထို အကျင့်သည် အကျိုးရခြင်းငှါ အကြောင်းမသင့်သောကြောင့်ပေတည်း။

ဘူမိဇ မှန်သော အယူရှိကုန်သော, မှန်သောအကြံအစည်ရှိကုန်သော, မှန်သောစကားရှိကုန်သော, မှန်သော အလုပ်ရှိကုန်သော, မှန်သော အသက်မွေးခြင်းရှိကုန်သော, မှန်သော လုံ့လရှိကုန်သော, မှန်သော အောက်မေ့ခြင်း ရှိကုန်သော, မှန်သော တည်ကြည်ခြင်းရှိကုန်သော, ခပ်သိမ်းကုန်သော သမဏတို့သည့်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော် အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ တောင့်တခြင်းကိုမပြုမူ၍ မြတ်သောအကျင့်ကို ကျင့်ကုန်သော် အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော် အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ တောင့်တခြင်းကို မပြုမူ၍လည်း ကောင်း တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော် အကျိုး ကို ရခြင်းငှါ ထိုက်ကုန်၏။ ထိုသို့ရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ — ဘူမိဇ ထိုအကျင့်သည် အကျိုး ရခြင်းငှါ အကြောင်းသင့်သောကြောင့်ပေတည်း။

၂၂၇။ ဘူမိဇ ဥပမာအားဖြင့် ဆီကိုအလိုရှိ၍ ဆီကို ရှာမှီးသော ဆီရှာလှည့်လည်သော ယောကျာ်း သည် နှမ်းမှုန့်ကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်ရာ၏၊ တောင့်တခြင်းကို ပြု၍ နှမ်းမှုန့်ကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော် ဆီကို ရထိုက်၏။ တောင့်တခြင်းကို မပြုမူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်း ကောင်း။ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း နှမ်းမှုန့်ကို ဆုံခွက်၌ လောင်း၍ ရေဖြင့် ဖျန်းလျက် ဖျန်းလျက် ကြိတ်ညှစ်သော် ဆီကို ရထိုက်၏။ ထိုသို့ ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ဘူမိဇ ထိုနှမ်းကို ကြိတ်ခြင်းသည် ဆီကိုရခြင်းငှါ အကြောင်း သင့်သောကြောင့်ပေတည်း။

ဘူမိဇ ဤဥပမာအတူသာလျှင် မှန်သော အယူရှိကုန်သော။ပ။ မှန်သော တည်ကြည်ခြင်းရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရထိုက်ကုန်၏။ တောင့်တခြင်းကို ပြု၍လည်းကောင်း တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို အကယ်၍ ကျင့်ကုန်သော် ဖိုလ်ဟူ သော အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ ထိုသို့ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ —ဘူမိဇ ထို အကျင့်သည် ဖိုလ်ဟူသော အကျိုးကို ရခြင်းငှါ အကြောင်းသင့်သောကြောင့်ပေတည်း။

ဘူမိဇ ဥပမာအားဖြင့် နို့ရည်ကိုအလိုရှိ၍ နို့ရည်ကို ရှာမှီးသော နို့ရည်ရှာရန်လှည့်လည်သော ယောကျာ်းသည် နွားငယ်ရှိသော နွားမကို နို့မှ နို့ညှစ်ရာ၏၊ တောင့်တခြင်းကိုပြု၍ နွားငယ်ရှိသော နွားမ ကို နို့မှ နို့ညှစ်သည်ရှိသော် နို့ရည်ကို ရထိုက်၏။ တောင့်တခြင်းကို မပြု မူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း တောင့်တခြင်းကို မပြုသည် မဟုတ်ဘဲလည်းကောင်း နွားငယ်ရှိသော နွားမကို နို့မှ နို့ညှစ်သည်ရှိသော် နို့ရည်ကို ရထိုက်၏။ ထိုသို့ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ — ဘူမိဇ ထိုနို့ကို ညှစ်ခြင်းသည် နို့ရည်ကို ရခြင်းငှါ အကြောင်းသင့်သော ကြောင့်ပေတည်း။

ဘူမိဇ ဤဥပမာအတူသာလျှင် မှန်သော အယူရှိကုန်သော။ပ။ မှန်သော တည်ကြည်ခြင်း ရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရထိုက်ကုန်၏။ တောင့်တခြင်းကို မပြု မူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်း ကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို အကယ်၍ ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ ထိုသို့ရထိုက်ခြင်းသည် အဘယ့် ကြောင့်နည်းဟူမူ — ဘူမိဇ ထိုအကျင့်သည် ဖိုလ်ဟူသောအကျိုးကို့ရခြင်းငှါ အကြောင်းသင့်သောကြောင့် ပေတည်း။

၂၂၈။ ဘူမိဇ ဥပမာအားဖြင့် ဆီဦးကို အလိုရှိ၍ ဆီဦးကို ရှာမှီးသော ဆီဦးရှာလှည့်လည်သော ယောကျာ်းသည် နို့ ဓမ်းကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေရာ၏၊ တောင့်တခြင်းကို ပြု၍ နို့ ဓမ်းကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန်ရှိသော) လွန်မွှေတံဖြင့် ဆွဲမွှေသည်ရှိသော် ဆီဦးကို ရထိုက်၏။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း နို့ ဓမ်းကို အိုး၌ လောင်း၍ (ဝက်အူလိမ်လွန်သဏ္ဌာန် ရှိသော) လွန်မွှေတံဖြင့် အကယ်၍ ဆွဲမွှေသည်ရှိသော် ဆီဦးကို ရထိုက်၏။ ထိုသို့ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ —ဘူမိဇ ထိုနို့ဓမ်းကို ဆွဲမွှေခြင်းသည် ဆီဦးကို ရခြင်းငှါ အကြောင်းသင့်သော ကြောင့်ပေတည်း။

ဘူမိဇ ဤဥပမာအတူသာလျှင် မှန်သော အယူရှိကုန်သော။ပ။ မှန်သော တည်ကြည်ခြင်း ရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရထိုက်ကုန်၏။ တောင့်တခြင်းကို မပြု မူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း တောင့်တခြင်းကို မပြုမူ၍လည်းကောင်း။ပ။ တောင့်တခြင်း ကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့် ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရခြင်းငှါ ထိုက်ကုန်၏။ ထိုသို့ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ —ဘူမိဇ ထိုအကျင့်သည် ဖိုလ်ဟူသော အကျိုးကို ရခြင်းငှါ အကြောင်းသင့်သောကြောင့်ပေတည်း။

ဘူမိဇ ဥပမာအားဖြင့် မီးကိုအလိုရှိ၍ မီးကိုရှာမှီးသော မီးရှာလှည့်လည်သော ယောကျာ်းသည် အစေးခန်းသော ထင်းခြောက်ကို မီးပွတ်ခုံသို့ ယူဆောင်၍ နှိပ်ပွတ်ရာ၏၊ တောင့်တခြင်းကို ပြု၍။ပ။ တောင့်တခြင်းကို မပြုမူ၍။ပ။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်း ကောင်း။ပ။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း အစေးခန်းသော ထင်းခြောက်ကို မီးပွတ်ခုံသို့ ယူဆောင်၍ နှိပ်ပွတ်သည်ရှိသော် မီးကို ရခြင်းငှါ ထိုက်၏။ ထိုသို့ရထိုက်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ —ဘူမိဇ ထိုသို့ပြုခြင်းသည် မီးကိုရခြင်းငှါ အကြောင်းသင့် သောကြောင့်ပေတည်း။

ဘူမိဇ ဤဥပမာအတူသာလျှင် မှန်သော အယူရှိကုန်သော။ပ။ မှန်သော တည်ကြည်ခြင်း ရှိကုန်သော ခပ်သိမ်းကုန်သော သမဏတို့သည်လည်းကောင်း ဗြာဟ္မဏတို့သည်လည်းကောင်း တောင့်တခြင်းကိုပြု၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရထိုက်ကုန်၏။ တောင့်တခြင်းကို မပြုမူ၍ မြတ်သော အကျင့်ကို ကျင့်ကုန်သော် ဖိုလ်ဟူသော အကျိုးကို ရထိုက်ကုန်၏။ တောင့်တခြင်းကို ပြု၍လည်းကောင်း၊ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော် ဖိုလ် ဟူသော အကျိုးကို ရထိုက်ကုန်၏။ တောင့်တခြင်းကို မပြုမူ၍လည်းကောင်း၊ တောင့်တခြင်းကို မပြုသည်မဟုတ်ဘဲလည်းကောင်း မြတ်သောအကျင့်ကို ကျင့်ကုန်သော် ဖိုလ်ဟူသောအကျိုးကို ရထိုက်ကုန်၏။ ထိုသို့ရထိုက် ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ဘူမိဇ ထိုအကျင့်သည် ဖိုလ်ဟူသောအကျိုးကို ရခြင်းငှါ အကြောင်း သင့်သောကြောင့်ပေတည်း။

ဘူမိဇ ဇယသေနမင်းသားအား ဤလေးပါးသော ဥပမာတို့ကို အကယ်၍ ထင်စေနိုင်ကုန်ငြားအံ့၊ ဤသို့ ထင်စေနိုင်သည်ရှိသော် သင့်အား ဇယသေနမင်းသားသည် ကြည်ညိုငြားအံ့၊ ကြည်ညိုသည်ဖြစ်၍ သင့်အား ကြည်ညိုသော အခြင်းအရာကို ပြုငြားအံ့၊ အံ့သြဖွယ်မရှိချေဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ဇယသေနမင်းသားအား အဖန်ဖန်အံ့သြဖွယ်ဖြစ်ကုန်သော ရှေး၌မကြားဖူးသေးကုန်သော ဤလေးပါးသော ဥပမာတို့သည် မြတ်စွာဘုရားဉာဏ်တော်၌ ထင်ကုန်သကဲ့သို့ အကျွန်ုပ်ဉာဏ်၌ အဘယ်မှာ ထင်နိုင်ပါကုန်အံ့ နည်းဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်ဘူမိဇသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ခြောက်ခုမြောက် ဘူမိဇသုတ် ပြီ၏။