မဇ္ဈိမနိကာယ်

၇—အနုရုဒ္ဓသုတ်

၂၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပဉ္စကင်္ဂလက်သမားကြီးသည် ယောကျာ်းတစ်ဦးကို ပြောဆို၏—“အမောင်ယောကျာ်း လာလော့၊ သင်သည် အသျှင်အနုရုဒ္ဓါရှိရာသို့ ချဉ်းကပ်လော့၊ ချဉ်းကပ်ပြီးလျှင် ‘အသျှင်ဘုရား ပဉ္စကင်္ဂလက်သမားကြီးသည် အသျှင်အနုရုဒ္ဓါ၏ ခြေတို့ကို ဦးဖြင့် ရှိခိုးလိုက်ပါ၏’ဟု ငါ၏ စကားဖြင့် အသျှင်အနုရုဒ္ဓါ၏ ခြေတို့ကို ဦးဖြင့် ရှိခိုးလော့၊ ‘အသျှင်ဘုရား အသျှင်အနုရုဒ္ဓါသည် နက်ဖြန် အတွက် ကိုယ်တော်လျှင် လေးပါးမြောက်ရှိသည်ဖြစ်၍ ပဉ္စကင်္ဂလက်သမားကြီး၏ဆွမ်းကို လက်ခံတော်မူပါ တဲ့၊ အသျှင်ဘုရား အသျှင်အနုရုဒ္ဓါ သည် အလွန်စောစောလည်း ကြွလာစေလိုပါသတဲ့၊ အသျှင်ဘုရား ပဉ္စကင်္ဂလက်သမားကြီးသည် မင်း၏ ပြုဖွယ်ကိစ္စဖြင့် များသောကိစ္စရှိပါ၏၊ များသောပြုဖွယ်ရှိပါ၏’ဟု” ဤသို့လည်း ပြောဆိုလေဦးလော့ဟု (ပြောဆို၏)။

“အသျှင် ကောင်းပါပြီ”ဟု ထိုယောကျာ်းသည် ပဉ္စကင်္ဂလက်သမားကြီးအား ပြန်ကြားပြီလျှင် အသျှင်အနုရုဒ္ဓါရှိရာသို့ ချဉ်းကပ်ကာ အသျှင်အနုရုဒ္ဓါကို ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် ထိုယောကျာ်းသည် အသျှင်အနုရုဒ္ဓါအား ဤစကားကို လျှောက်ထား၏— “အသျှင်ဘုရား ပဉ္စကင်္ဂလက်သမားကြီးသည် အသျှင်အနုရုဒ္ဓါ၏ ခြေတို့ကို ဦးဖြင့် ရှိခိုးလိုက်ပါ၏ ‘အသျှင် ဘုရား အသျှင်အနုရုဒ္ဓါသည် နက်ဖန်အတွက် ကိုယ်တော်လျှင် လေးပါးမြောက်ရှိသည်ဖြစ်၍ ပဉ္စကင်္ဂ လက်သမားကြီး၏ ဆွမ်းကို လက်ခံတော်မူပါတဲ့၊ အသျှင်ဘုရား အသျှင်အနုရုဒ္ဓါသည် အလွန်စောစောလည်း ကြွလာစေလိုပါသတဲ့၊ အသျှင်ဘုရား ပဉ္စကင်္ဂလက်သမားကြီးသည် မင်း၏ ပြုဖွယ်ကိစ္စဖြင့် များသောကိစ္စ ရှိပါ၏၊ များသောပြုဖွယ်ရှိပါ၏’ဟု ဤသို့လည်း မှာထားပါသည်”ဟု (လျှောက်ထား၏)။ အသျှင်အနုရုဒ္ဓါ သည် ဆိတ်ဆိတ်နေသဖြင့် လက်ခံ၏။

၂၃ဝ။ ထို့နောက် အသျှင်အနုရုဒ္ဓါသည် ထိုညဉ့်ကို လွန်သဖြင့် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ် လျက် သပိတ်သင်္ကန်းကို ယူကာ ပဉ္စကင်္ဂလက်သမား၏ အိမ်ရှိရာသို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုအခါ ပဉ္စကင်္ဂလက်သမားကြီးသည် အသျှင်အနုရုဒ္ဓါကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ် ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် အသျှင် အနုရုဒ္ဓါ ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဆေးသောအခါ ပဉ္စကင်္ဂလက်သမားကြီးသည် နိမ့်သော နေရာ တစ်ခုကို ယူ၍ သင့်တင့်လျောက်ပတ်စွာ ထိုင်နေ၏၊ သင်တင့်လျောက်ပတ်စွာ ထိုင်နေသော ပဉ္စကင်္ဂ လက်သမားကြီးသည် အသျှင်အနုရုဒ္ဓါအား ဤစကားကို လျှောက်ထား၏ —

အသျှင်ဘုရား ဤအခါ၌ မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် အကျွန်ုပ်သို့ ချဉ်းကပ်ပြီးလျှင် “ဒါယကာ အပ္ပမာဏဖြစ်သော စေတောဝိမုတိ ္တကို ပွါးရမည်”ဟု ဤသို့ ပြောဆိုကြပါကုန်၏။ အချို့ကုန် သော မထေရ်ကြီးတို့သည် “ဒါယကာ မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတိ ္တကို ပွါးရမည်”ဟု ဤသို့ ပြော ဆိုကြပါကုန်၏။ အသျှင်ဘုရား အပ္ပမာဏဖြစ်သော စေတောဝိမုတိ ္တ, မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတိ ္တ၊ ဤတရားတို့သည် ထူးသော အနက်ရှိပါကုန်သလော၊ ထူးသော သဒ္ဒါရှိပါကုန်သလော၊ သို့မဟုတ် အနက့်တူကုန်၍ သဒ္ဒါသာလျှင် ထူးပါသလောဟု (လျှောက်ထား၏)။

ဒါယကာ သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုယ်တိုင်သာလျှင် ထင်စမ်းလော့၊ သင်၏ ဤထင်မြင်ချက်မှ အဖြေမှန် ဖြစ်ပေါ်လာလတ္တံ့ဟု (ဆို၏)။ အသျှင်ဘုရား “အပ္ပမာဏဖြစ်သော စေတောဝိမုတိ ္တ, မဟဂ္ဂုတ် ဖြစ်သော စေတောဝိမုတိ ္တ၊ ဤတရားတို့သည် အနက်တူကုန်၍ သဒ္ဒါသာလျှင် ထူး၏”ဟူ၍ အကျွန်ုပ်မှာ ဤသို့ အကြံဖြစ်ပါ၏ဟု (လျှောက်၏)။ ဒါယကာ အပ္ပမာဏဖြစ်သော စေတောဝိမုတိ ္တ, မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတိ ္တ၊ ဤတရားတို့သည် ထူးသော အနက်လည်း ရှိကုန်၏၊ ထူးသော သဒ္ဒါလည်း ရှိကုန်၏၊ ဒါယကာ ဤတရားတို့၏ ထူးသောအနက် ထူးသောသဒ္ဒါရှိပုံ အခြင်းအရာကို ဤအကြောင်းပရိယာယ်ဖြင့် သိရမည်။

ဒါယကာ အပ္ပမာဏဖြစ်သော စေတောဝိမုတ္တိသည် အဘယ်နည်း၊ ဒါယကာ ဤသာသနာတော်၌ ရဟန်းသည် မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့စေလျက် နေ၏။ ထို့အတူ နှစ်ခု မြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေလျက် နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်အားလုံးတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင် သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြခြင်း မရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။ ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်။ မုဒိတာ နှင့်ယှဉ်သော စိတ်ဖြင့်။ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့်။ တစ်ခုသောအရပ်ကို ပျံ့နှံ့စေလျက် နေ၏။ ထို့အတူ နှစ်ခုမြောက်အရပ်ကို။ သုံးခုမြောက်အရပ်ကို။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေလျက် နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်အားလုံးတို့၌ သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြခြင်းမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏၊ ဒါယကာ ဤသို့ နေခြင်းကို အပ္ပမာဏဖြစ်သော စေတောဝိမုတ္တိဟု ဆိုရ၏။

၂၃၁။ ဒါယကာ မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတ္တိသည် အဘယ်နည်း၊ ဒါယကာ ဤသာသနာ တော်၌ ရဟန်းသည် တစ်ခုသော သစ်ပင်ရင်းမျှလောက် ပမာဏရှိသော အရပ်ကို “မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ ဒါယကာ ဤနေခြင်းကို မဟဂ္ဂုတ်ဖြစ် သော စေတောဝိမုတ္တိ ဟူ၍ ဆိုရ၏။

ဒါယကာ ဤသာသနာတော်၌ ရဟန်းသည် နှစ်ခု သုံးခုလောက်သော သစ်ပင်ရင်းပမာဏရှိသော အရပ်တို့ကို “မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ ဒါယကာ ဤသို့ နေခြင်းကိုလည်း မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတ္တိ ဟူ၍ ဆိုရ၏။

ဒါယကာ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုသော ဂါမခေတ်လောက်ကို “မြတ်သည်၏ အဖြစ် သို့ ရောက်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ ဒါယကာ ဤသို့ နေခြင်းကိုလည်း မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတ္တိ ဟူ၍ ဆိုရ၏။

ဒါယကာ ဤသာသနာတော်၌ ရဟန်းသည် နှစ်ခု သုံးခုလောက်သော ဂါမခေတ်တို့ကို “မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ ဒါယကာ ဤသို့ နေခြင်းကိုလည်း မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတ္တိ ဟူ၍ ဆိုရ၏။

ဒါယကာ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုသော တိုင်းပြည်ကြီးလောက်ကို “မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ ဒါယကာ ဤသို့ နေခြင်းကိုလည်း မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတ္တိ ဟူ၍ ဆိုရ၏။

ဒါယကာ ဤသာသနာတော်၌ ရဟန်းသည် နှစ်ခု သုံးခုလောက်သော တိုင်းပြည်ကြီးတို့ကို “မြတ် သည်၏အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ ဒါယကာ ဤသို့နေခြင်းကိုလည်း မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတ္တိ ဟူ၍ ဆိုရ၏။

ဒါယကာ ဤသာသနာတော်၌ ရဟန်းသည် မဟာသမုဒ္ဒရာလျှင် အပိုင်းအခြားရှိသော မြေမျှလောက်ကို “မြတ်သည်၏ အဖြစ်သို့ ရောက်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ ဒါယကာ ဤသို့ နေခြင်းကိုလည်း မဟဂ္ဂုတ်ဖြစ်သော စေတောဝိမုတ္တိ ဟူ၍ ဆိုရ၏။ ဒါယကာ ဤတရားတို့၏ ထူးသော အနက် ထူးသောသဒ္ဒါရှိပုံ အခြင်းအရာကို ဤဆိုခဲ့ပြီးသော အကြောင်းပရိယာယ်ဖြင့် သိရမည်။

၂၃၂။ ဒါယကာ ဘဝ၌ ဖြစ်ခြင်းတို့သည် ဤလေးပါးတို့ပေတည်း။ အဘယ်လေးပါးတို့နည်းဟူမူ— ဒါယကာ ဤသာသနာတော်၌ အချို့သော သူသည် “နည်းသောအရောင်”ဟု ဖြန် ့၍ နှလုံးသွင်းကာ နေ၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ နည်းသောအရောင်ရှိကုန်သော ဗြဟ္မာတို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရ၏။

ဒါယကာ ဤသာသနာတော်၌ အ ချို့သောသူသည် “အတိုင်းမရှိသောအရောင်”ဟု ဖြန့်၍ နှလုံး သွင်းကာ နေ၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ အတိုင်းမရှိသောအရောင်ရှိ ကုန်သော ဗြဟ္မာတို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရ၏။

ဒါယကာ ဤသာသနာတော်၌ အ ချို့သောသူသည် “ညစ်နွမ်းသောအရောင်”ဟု ဖြန့်၍ နှလုံးသွင်း ကာ နေ၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ညစ်နွမ်းသောအရောင်ရှိ ကုန်သော ဗြဟ္မာတို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရ၏။

ဒါယကာ ဤသာသနာတော်၌ အ ချို့သောသူသည် “ထက်ဝန်းကျင်ဖြူစင်သော အရောင်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ထက်ဝန်းကျင်ဖြူစင် သောအရောင် ရှိကုန်သော ဗြဟ္မာတို့၏ အပေါင်းအသင်းအဖြစ်သို့ ရောက်ရ၏။ ဒါယကာဘဝ၌ ဖြစ်ခြင်း တို့သည် ဤလေးပါးတို့ပေတည်း။

ဒါယကာ အကြင်အခါ၌ အကြင်နတ်တို့သည် တပေါင်းတည်း အညီအညွတ် စည်းဝေးကုန်၏၊ တစ် ပေါင်းတည်း အညီအညွတ် စည်းဝေးကုန်သော ထိုနတ်တို့၏ ကိုယ်အဆင်းသဏ္ဌာန် ထူးသည်၏အဖြစ်သည် ထင်၏၊ အရောင်အဝါ ထူးသည်၏ အဖြစ်သည် မထင်၊ ထိုအခါမျိုးသည် ဖြစ်သည်သာတည်း။

ဒါယကာ ဥပမာအားဖြင့် ယောကျာ်းသည် များစွာကုန်သော ဆီမီးတို့ကို တစ်ခုသောအိမ်သို့ သွင်း ရာ၏၊ တစ်ခုသောအိမ်သို့ သွင်းအပ်ကုန်သော ထိုဆီမီးတို့၏ အလျှံထူးသည်၏ အဖြစ်သည် ထင်ရာ၏၊ အရောင်အဝါ ထူးသည်၏အဖြစ်သည် မထင်ရာ။ ဒါယကာ ဤဥပမာအတူသာလျှင် အကြင်အခါ၌ အကြင် နတ်တို့သည် တစ်ပေါင်းတည်း အညီအညွတ် စည်းဝေးကုန်၏၊ တစ်ပေါင်းတည်း အညီအညွတ် စည်းဝေး ကုန်သော ထိုနတ်တို့၏ ကိုယ်အဆင်းထူးသည်၏အဖြစ်သည် ထင်၏၊ အရောင်အဝါ ထူးသည်၏ အဖြစ်သည် မထင်၊ ထိုအခါမျိုးသည် ဖြစ်သည်သာတည်း။

ဒါယကာ အကြင်အခါ၌ အကြင်နတ်တို့သည် ထိုစည်းဝေးရာမှ ဖဲကုန်၏၊ ထိုစည်းဝေးရာမှ ဖဲကုန် သော ထိုနတ်တို့၏ ကိုယ်အဆင်းသဏ္ဌာန် ထူးသည်၏အဖြစ်သည်လည်ကောင်း၊ အရောင်အဝါ ထူးသည်၏ အဖြစ်သည်လည်းကောင်း ထင်၏၊ ထို အခါမျိုးသည် ဖြစ်သည်သာတည်း။

ဒါယကာ ဥပမာအားဖြင့် ယောကျာ်းသည် ထိုများစွာသော ဆီမီးတို့ကို ထိုအိမ်မှ ထုတ်ရာ၏၊ ထိုအိမ်မှ ထုတ်အပ်ကုန်သော ထိုဆီမီးတို့၏ အလျှံထူးသည်၏ အဖြစ်သည်လည်းကောင်း၊ အရောင်အဝါ ထူးသည်၏ အဖြစ်သည်လည်းကောင်း ထင်၏။ ဒါယကာ ဤဥပမာအတူသာလျှင် အကြင်အခါ၌ နတ်တို့သည် ထိုအစည်းအဝေးမှ ဖဲကုန်၏၊ ထိုအစည်းအဝေးမှ ဖဲကုန်သော ထိုနတ်တို့၏ ကိုယ်အဆင်းသဏ္ဌာန် ထူးသည်၏ အဖြစ်သည်လည်ကောင်း၊ အရောင်အဝါ ထူးသည်၏ အဖြစ်သည်လည်းကောင်း ထင်၏၊ ထိုအခါမျိုးသည် ဖြစ်သည်သာတည်း။

ဒါယကာ နတ်တို့အား “ငါတို့၏ ဤအရောင်အဝါသည် မြဲ၏ဟုလည်းကောင်း၊ ခိုင်ခံ့၏ဟုလည်း ကောင်း၊ တည်တံ့၏ဟုလည်းကောင်း” ဤသို့သောအကြံသည် မဖြစ်၊ စင်စစ်သော်ကား အကြင်နတ်တို့ သည် အကြင်အကြင်အရပ်၌သာလျှင် နေကုန်၏၊ ထိုနတ်တို့သည် ထိုထိုအရပ်၌သာလျှင် မွေ့လျော်ကုန်၏။ ဒါယကာ ဥပမာအားဖြင့် ထမ်းပိုးဖြင့်လည်းကောင်း၊ ခြင်းတောင်းဖြင့်လည်းကောင်း ဆောင်အပ်ကုန်သော ယင်ကောင်တို့မှာ “ငါတို့၏ ဤနေရာသည် မြဲ၏ဟုလည်းကောင်း၊ ခိုင်ခံ့၏ဟုလည်းကောင်း၊ တည်တံ့၏ဟုလည်းကောင်း” ဤသို့သော အကြံသည် မဖြစ်၊ စင်စစ်သော်ကား အကြင်ယင်ကောင်တို့သည် အကြင် အကြင်အရပ်၌သာလျှင် နေကုန်၏၊ ထိုယင်ကောင်တို့သည် ထိုထိုအရပ်၌သာလျှင် မွေ့လျော်ကုန်၏။

ဒါယကာ ဤဥပမာအတူသာလျှင် ထိုနတ်တို့အား “ငါတို့၏ ဤအရောင်အဝါသည် မြဲ၏ဟုလည်း ကောင်း၊ ခိုင်ခံ့၏ဟုလည်းကောင်း၊ တည်တံ့၏ဟုလည်းကောင်း” ဤသိသောအကြံသည် မဖြစ်၊ စင်စစ်သော် ကား အကြင်နတ်တို့သည် အကြင်အကြင်အရပ်၌သာလျှင် နေကုန်၏၊ ထိုနတ်တို့သည် ထိုထိုအရပ်၌သာ လျှင် မွေ့လျော်ကုန်၏ဟု (မိန့်ဆို၏)။

၂၃၃။ ဤသို့ မိန့်ဆိုသော် ကစ္စည်းအနွယ်ရှိသော အသျှင်သဘိယသည် အသျှင်အနုရုဒ္ဓါအား ဤ သို့သော စကားကို မေးလျှောက်၏— “အသျှင်ဘုရား အနုရုဒ္ဓါ တောင်းပန်ပါ၏၊ အကျွန်ုပ်အား ဤအရာ၌ တစ်ဆင့်တက်၍ မေးဖွယ်သည် ရှိနေပါ၏ ‘အသျှင်ဘုရား အကြင်နတ်တို့သည် အရောင်အဝါ ရှိပါကုန်၏၊ အလုံးစုံကုန်သော ထိုနတ်တို့သည်ပင် နည်းသော အရောင်အဝါရှိပါကုန်သလော၊ သို့မဟုတ် ဤနတ် အစည်းအဝေး၌ အတိုင်းမရှိ များသော အရောင်အဝါရှိကုန်သော အချို့ကုန်သော နတ်တို့သည် ရှိပါကုန် သလော”ဟု မေးလျှောက်၏။ ငါ့သျှင် ကစ္စာန ထိုဘဝ၌ ဖြစ်ခြင်း၏အကြောင်းကြောင့် ဤနတ်အပေါင်း တို့တွင် နည်းသော အရောင်အဝါရှိကုန်သော အချို့နတ်တို့သည် ရှိကုန်၏၊ ဤနတ်အပေါင်းတို့တွင် အတိုင်းမရှိ များသော အရောင်အဝါရှိကုန်သော အချို့နတ်တို့သည် ရှိကုန်၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရားအနုရုဒ္ဓါ အကြင်အကြောင်းကြောင့် တစ်ခုသော နတ်အပေါင်း၌ ဖြစ်ကုန်သော ထိုနတ် တို့တွင် နည်းသော အရောင်အဝါရှိကုန်သော အချို့ကုန်သော နတ်တို့သည် ဤနတ်အပေါင်း၌ ရှိကုန်၏၊ အတိုင်းမရှိ များသော အရောင်အဝါရှိကုန်သော အချို့ကုန်သော နတ်တို့သည် ဤနတ်အပေါင်း၌ ရှိကုန်၏၊ ထိုအကြောင်းရင်းသည် အဘယ်ပါနည်း၊ ထိုအထောက်အပံ့သည် အဘယ်ပါနည်းဟု (လျှောက်၏)။

ငါ့သျှင်ကစ္စာန ထိုသို့ဖြစ်မူကား ဤအရာ၌ သင့်ကိုသာလျှင် တစ်ဖန်ပြန်၍ မေးအံ့၊ သင်နှစ်သက် သည့်အတိုင်း ဖြေကြားလော့။ ငါ့သျှင်ကစ္စာန ထိုအရာကို အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရဟန်း သည် တစ်ခုသော သစ်ပင်ရင်းမျှလောက် ပမာဏရှိသော အရပ်ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ အကြင်ရဟန်းသည်လည်း နှစ်ခု သုံးခုလောက်သော သစ်ပင်ရင်းပမာဏရှိသော အရပ်တို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် အဘယ်မည်သော စိတ်ကို ပွါးခြင်းသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်သနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်ရဟန်းသည် နှစ်ခု သုံးခုလောက်သော သစ်ပင်ရင်းပမာဏရှိသော အရပ် တို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် ဤပွါးခြင်းမျိုးသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်ပါ၏ဟု (လျှောက်၏ )။

ငါ့သျှင်ကစ္စာန ဤဆိုလတ္တံ့သော စကားကို အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရဟန်းသည် နှစ်ခု သုံးခုလောက်သော သစ်ပင်ရင်းပမာဏရှိသော အရပ်တို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ အကြင်ရဟန်းသည်ကား တစ်ခုသော ဂါမခေတ်လောက်ကို “မြတ်သော မဟဂ္ဂုတ် ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် အဘယ်မည်သော စိတ်ကို ပွါးခြင်းသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်သနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင့်ရဟန်းသည် တစ်ခုသော ဂါမခေတ်လောက်ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် ဤပွါးခြင်းမျိုးသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်ပါ၏ဟု (လျှောက်၏)။

ငါ့သျှင်ကစ္စာန ဤဆိုလတ္တံ့သော စကားကို အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရဟန်းသည် တစ်ခုသော ဂါမခေတ်လောက်ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ အကြင် ရဟန်းသည်ကား နှစ်ခုသုံးခုလောက်သော ဂါမခေတ်တို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံး သွင်းကာ နေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် အဘယ်မည်သော စိတ်ကို ပွါးခြင်းသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်သနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်ရဟန်းသည် နှစ်ခုသုံးခု လောက်သော ဂါမခေတ်တို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏။ နှစ်ပါး ကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် ဤပွါးခြင်းမျိုးသည် မြတ်သော မဟဂ္ဂုတ်ဖြစ်ပါ၏ဟု (လျှောက်၏)။

ငါ့သျှင်ကစ္စာန ဤဆိုလတ္တံ့သော စကားကို အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရဟန်းသည် နှစ်ခုသုံးခုလောက်သော ဂါမခေတ်တို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ အကြင်ရဟန်းသည်ကား တစ်ခုသော တိုင်းပြည်ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် အဘယ်မည်သော စိတ်ကို ပွါးခြင်းသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်သနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်ရဟန်းသည် တစ်ခုသော တိုင်းပြည် ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်း တို့တွင် ဤပွါးခြင်းမျိုးသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်ပါ၏ဟု (လျှောက်၏)။

ငါ့သျှင်ကစ္စာန ဤဆိုလတ္တံ့သော စကားကို အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရဟန်းသည် တစ်ခုသော တိုင်းပြည်လောက်ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ အကြင် ရဟန်းသည်ကား နှစ်ခုသုံးခုလောက်သော တိုင်းပြည်ကြီးတို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် အဘယ်မည်သော စိတ်ကို ပွါးခြင်း သည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်သနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်ရဟန်းသည် နှစ်ခုသုံးခုလောက်သော တိုင်းပြည်ကြီးတို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာနေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် ဤပွါးခြင်းမျိုးသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်ပါ၏ဟု (လျှောက်၏)။

ငါ့သျှင်ကစ္စာန ဤဆိုလတ္တံ့သော စကားကို အဘယ်သို့ ထင်မှတ်သနည်း၊ အကြင်ရဟန်းသည် နှစ်ခုသုံးခုလောက်သော တိုင်းပြည်ကြီးတို့ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ အကြင်ရဟန်းသည်ကား မဟာသမုဒ္ဒရာ အပိုင်းအခြားရှိသော မြေအရပ်လောက်ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် အဘယ် မည်သော စိတ်ကို ပွါးခြင်းသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်သနည်းဟု (မေး၏)။ အသျှင် ဘုရား အကြင်ရဟန်းသည် မဟာသမုဒ္ဒရာ အပိုင်းအခြားရှိသော မြေအရပ်လောက်ကို “မြတ်သော မဟဂ္ဂုတ်ဈာန်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ နှစ်ပါးကုန်သော ဤစိတ်ကို ပွါးခြင်းတို့တွင် ဤပွါးခြင်း မျိုးသည် အထူးသဖြင့် မြတ်သော မဟဂ္ဂုတ်ဖြစ်ပါ၏ဟု (လျှောက်၏)။

ငါ့သျှင်ကစ္စာန အကြင်အကြောင်းကြောင့် တစ်ခုသော နတ်အပေါင်း၌ ဖြစ်ကုန်သော ထိုနတ်တို့တွင် နည်းသော အရောင်ရှိကုန်သော အချို့ကုန်သော နတ်တို့သည်လည်း ဤနတ်အပေါင်း၌ ရှိကုန်၏၊ အတိုင်း မရှိ များသော အရောင်ရှိကုန်သော အချို့ကုန်သော နတ်တို့သည်လည်း ဤနတ်အပေါင်း၌ ရှိကုန်၏၊ ထို ဆိုခဲ့ပြီးသော အကြောင်းရင်းသည် ဤသည်ပင်တည်း၊ ထိုဆိုခဲ့ပြီးသော အထောက်အပံ့သည် ဤသည်ပင့်တည်းဟု (မိန့်ဆို၏)။

၂၃၄။ အသျှင်ဘုရားအနုရုဒ္ဓါ တောင်းပန်ပါ၏၊ ဤအရာ၌ အကျွန်ုပ်အား တစ်ဆင့်တက်၍ မေးဖွယ် ရှိနေပြန်ပါ၏ “အသျှင်ဘုရား အကြင်နတ်တို့သည် အရောင်ရှိပါကုန်၏၊ အလုံးစုံကုန်သော ထိုနတ်တို့သည် ညစ်နွမ်းသော အရောင်ရှိပါကုန်သလော၊ သို့မဟုတ် ဤနတ်အစည်းအဝေး၌ ထက်ဝန်းကျင် စင်ကြယ်သော အရောင်ရှိကုန်သော အချို့ကုန်သော နတ်တို့သည်လည်း ရှိကြပါကုန်သလော”ဟု (မေး၏)။ ငါ့သျှင်ကစ္စာန ထိုဘဝ၌ ဖြစ်ခြင်း၏အကြောင်းကြောင့် ဤနတ်အပေါင်း၌ ညစ်နွမ်းသော အရောင်ရှိကုန်သော အချို့ကုန် သော နတ်တို့သည်လည်း ရှိကုန်၏၊ ဤနတ်အပေါင်း၌ ထက်ဝန်းကျင် စင်ကြယ်သော အရောင်ရှိကုန်သော အချို့ကုန်သော နတ်တို့သည်လည်း ရှိကုန်၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရားအနုရုဒ္ဓါ အကြင်အကြောင်းကြောင့် တစ်ခုသော နတ်အပေါင်း၌ ဖြစ်ကုန်သော ထိုနတ် တို့တွင် ညစ်နွမ်းသော အရောင်ရှိကုန်သော အချို့နတ်တို့သည် ဤနတ်အပေါင်း၌ ရှိကုန်၏၊ ထက်ဝန်းကျင် စင်ကြယ်သော အရောင်ရှိကုန်သော အချို့ကုန်သော နတ်တို့သည် ဤနတ်အပေါင်း၌ ရှိကုန်၏၊ ထို အကြောင်းအထောက်အပံ့သည် အဘယ်ပါနည်းဟု (လျှောက်၏)။

ငါ့သျှင်ကစ္စာန ထိုသို့ဖြစ်မူ သင့်အား ဥပမာပြုပေအံ့၊ ဤလောက၌ အချို့သော ပညာရှိသော ယောကျာ်းတို့သည် ဥပမာဖြင့် ပြောဆိုအပ်သော စကား၏ အနက်အဓိပ္ပါယ်ကို သိကုန်၏။ ငါ့သျှင်ကစ္စာန ဥပမာအားဖြင့် ထွန်းညှိသော ဆီမီး၏ ဆီသည်လည်း မစင်ကြယ်ရာ၊ မီးစာသည်လည်း မစင်ကြယ်ရာ၊ ထိုဆီးမီးသည် ဆီ၏ မစင်ကြယ်ခြင်းကြောင့်လည်းကောင်း၊ မီးစာ၏ မစင်ကြယ်ခြင်းကြောင့်လည်းကောင်း အလွန်မှေးမှိန်စွာ ထွန်းလင်းတောက်ပသကဲ့သို့ ငါ့သျှင်ကစ္စာန ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် “ညစ်နွမ်းသော အရောင်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ ထိုရဟန်းအား ကိုယ်ကြမ်းတမ်းခြင်းသည် မငြိမ်းအေး၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကိုလည်း ကောင်းစွာ မနုတ်ပယ်အပ်၊ ပျံ ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ကောင်းစွာ မပယ်ဖျောက်အပ်၊ ထိုရဟန်းသည် ကိုယ်ကြမ်းတမ်းခြင်း၏လည်း မငြိမ်းအေးခြင်းကြောင့် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကိုလည်း ကောင်းစွာ မနုတ် ပယ်အပ်ခြင်းကြောင့် ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကိုလည်း ကောင်းစွာ မပယ် ဖျောက်ခြင်းကြောင့် အလွန်မှေးမှိန်စွာ ထွန်းလင်းသော ဆီမီးတောက်ကဲ့သို့ ထိုရဟန်းသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ညစ်နွမ်းသော အရောင်ရှိကုန်သော ဗြဟ္မာတို့၏ အပေါင်းအသင်း အဖြစ်သို့ ရောက်ရ၏။

ငါ့သျှင်ကစ္စာန ဥပမာအားဖြင့် ထွန်းညှိသော ဆီမီး၏ ဆီသည်လည်း စင်ကြယ်ရာ၏၊ မီးစာသည်လည်း စင်ကြယ်ရာ၏၊ ထိုဆီမီးသည် ဆီ၏ စင်ကြယ်ခြင်းကြောင့်လည်းကောင်း၊ မီးစာ၏ စင်ကြယ်ခြင်း ကြောင့်လည်းကောင်း အလွန်မှေးမှိန်စွာ မထွန်းလင်း မတောက်ပသကဲ့သို့ (ထိန်ထိန်လင်းလင်း တောက်ပ သကဲ့သို့) ငါ့သျှင် ကစ္စာန ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် “ထက်ဝန်းကျင် စင်ကြယ်သောအရောင်”ဟု ဖြန့်၍ နှလုံးသွင်းကာ နေ၏၊ ထိုရဟန်းအား ကိုယ်ကြမ်း တမ်းခြင်းသည်လည်း ငြိမ်းအေးရာ၏၊ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကိုလည်း ကောင်းစွာ ပယ်နုတ်ရာ၏၊ ပျံ ့လွင့် မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ကောင်းစွာ ပယ်ဖျောက်အပ်ရာ၏၊ ထိုရဟန်းသည် ကိုယ် ကြမ်းတမ်းခြင်း၏လည်း ငြိမ်းအေးခြင်းကြောင့် ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကိုလည်း ကောင်းစွာ နုတ်ပယ်ခြင်း ကြောင့် ပျံ ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ကိုလည်း ကောင်းစွာ ပယ်ဖျောက်ခြင်းကြောင့် အလွန်မမှေးမှိန်ဘဲ ထွန်းလင်းသော ဆီမီးတောက်ကဲ့သို့ ထိုရဟန်းသည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည် မှ နောက်၌ ထက်ဝန်းကျင် စင်ကြယ်သော အရောင်ရှိကုန်သော ဗြဟ္မာတို့၏ အပေါင်းအသင်းအဖြစ်သို့ ကပ်ရောက်ရ၏။

ငါ့သျှင်ကစ္စာန အကြင်အကြောင်းကြောင့် တစ်ခုသော နတ်အပေါင်း၌ ကပ်ရောက်၍ ဖြစ်ကုန်သော ထိုနတ်တို့တွင် ညစ်နွမ်းသော အရောင်ရှိကုန်သော အချို့ကုန်သော နတ်တို့သည် ဤနတ်အပေါင်း၌ ရှိကုန်၏၊ ထက်ဝန်းကျင် စင်ကြယ်သော အရောင်ရှိကုန်သော အချို့ကုန်သော နတ်တို့သည် ဤနတ်အပေါင်း၌ ရှိကုန်၏၊ ထိုအကြောင်းရင်းသည် ဤဆိုခဲ့ပြီးပင်တည်း၊ ထိုအထောက်အပံ့သည် ဤဆိုခဲ့ပြီးပင်တည်းဟု ပြောဆို၏။

၂၃၅။ ဤသို့ ပြောဆိုသော် ကစ္စည်းအနွယ်ရှိသော အသျှင်သဘိယမထေရ်သည် အသျှင်အနုရုဒ္ဓါ မထေရ်အား ဤစကားကို လျှောက်ပြန်၏ “အသျှင်ဘုရားအနုရုဒ္ဓါ တောင်းပန်ပါ၏၊ အသျှင်ဘုရား ‘ဤသို့ ငါကြား အပ်၏’ဟူ၍လည်းကောင်း၊ ‘ဤသို့ ဖြစ်ထိုက်၏’ဟူ၍လည်းကောင်း အသျှင်အနုရုဒ္ဓါသည် ဤသို့ မမိန့်ဆိုပါ၊ စင်စစ်သော်ကား ထိုနတ်တို့သည် ဤသို့သဘောရှိကုန်၏ဟူ၍လည်းကောင်း၊ ထိုနတ်တို့သည် ဤသို့ အခြင်းအရာရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သာလျှင် အသျှင်အနုရုဒ္ဓါသည် မိန့်ဆိုတော်မူပါ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ‘မချွတ်ဧကန် အသျှင်အနုရုဒ္ဓါသည် ထိုနတ်ဗြဟ္မာတို့နှင့် အတူတကွ နေဖူး သည်လည်းကောင်း၊ စကားပြောဖူးသည်လည်းကောင်း၊ ဆွေးနွေးဖူးသည်လည်းကောင်း၊ ဈာန်ဝင်စားဖူး သည်လည်းကောင်း ဖြစ်တန်ရာ၏’ဟု ဤသို့သာလျှင် အကြံဖြစ်ပါ၏”ဟု (လျှောက်၏)။

ငါ့သျှင်ကစ္စာန မချွတ်ဧကန် ထိခိုက်စောင်းချိပ်၍ ဤစကားကို ဆို၏၊ သို့ရာတွင် သင့်အား ငါဖြေ ကြားအံ့၊ ငါ့သျှင်ကစ္စာန ငါသည် ရှည်မြင့်စွာသော ကာလပတ်လုံး ထိုနတ်ဗြဟ္မာတို့နှင့် အတူတကွ နေလည်း နေဖူး၏၊ စကားလည်း ပြောဆိုဖူး၏၊ ဆွေးနွေးလည်း ဆွေးနွေးဖူး၏၊ ဈာန်လည်း ဝင်စားဖူး၏ဟု (မိန့်ဆို၏)။

ဤသို့ အသျှင်အနုရုဒ္ဓါ မိန့်ဆိုသော် ကစ္စည်းအနွယ်ရှိသော အသျှင်သဘိယသည် ပဉ္စကင်္ဂလက် သမားကြီးကို “ဒါယကာ သင်အရတော်ပေစွ၊ ဒါယကာ သင်အလွန်အရတော်ပေစွ၊ သင်လည်း ထိုယုံမှား ဖြစ်သော တရားကို ပယ်ရ၏၊ ငါလည်း ဤတရားဒေသနာတော်ကို ကြားနာခြင်းငှါ ရပေ၏”ဟု ဤ စကားကို ပြောဆို၏။

ခုနစ်ခုမြောက် အနုရုဒ္ဓသုတ် ပြီး၏။