မဇ္ဈိမနိကာယ်

၁ဝ— ဒေဝဒူတသုတ်

၂၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ဥပမာအားဖြင့် မျက်နှာချင်းဆိုင် တံခါးရှိသော အိမ်နှစ်ဆောင်တို့သည် ရှိကုန်ရာ၏၊ ထိုအိမ်၌ မျက်စိအမြင်ရှိသော ယောကျာ်းသည် အလယ်၌ရပ်တည်လျက် အခြားတစ်အိမ်သို့ ဝင်ကုန်ထွက် ကုန်သော လမ်းမ၌ လမ်းလျှောက်သွားလာကုန်သော လှည့်လည်ကုန်သော သူတို့ကို မြင်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ငါဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို သိ၏။ “အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ကာယသုစရိုက်’နှင့် ပြည့်စုံ ကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစ ရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘မနောသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာ တို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ကာယသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော ကောင်းသောအကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုအပ် သော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည် မှနောက်၌ လူတို့၌ ဖြစ်ပေါ်ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြု အပ်သော မကောင်းသောအကျင့် ‘မနောဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသောအယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ပြိတ္တာဘုံ၌ ဖြစ်ပေါ်ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုအပ် သော မကောင်းသောအကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသောအယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍့သေပြီးသည်မှ နောက်၌ တိရစ္ဆာန်မျိုး၌ ဖြစ်ပေါ်ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုအပ်သော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသောအကျင့် ‘မနောဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏”ဟု (သိ၏)။

၂၆၂။ ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူ၏ လက်မောင်းတစ်ဖက်စီကို ကိုင်၍ ယမမင်းအား ပြကြကုန်၏ “အသျှင်ယမမင်း ဤယောကျာ်းသည် အမိ၌ ကောင်းစွာမကျင့်၊ အဖ၌ ကောင်းစွာမကျင့်၊ သမဏ၌ ကောင်းစွာ မကျင့်၊ ဗြာဟ္မဏ၌ ကောင်းစွာမကျင့်၊ အမျိုး၌ ကြီးသူကို မရိုသေ၊ အသျှင် ယမမင်းသည် ဤသူကို ဒဏ်တပ် တော်မူပါလော့”ဟု ဆို၍ ပြကုန်၏။ ရဟန်းတို့ ယမမင်းသည် ထိုသူ ကို “အမောင်ယောကျာ်း လူတို့၌ ရှေးဦး စွာသော နတ်တမန်ထင်ရှားဖြစ်သည်ကို သင် မမြင်သလော”ဟု ရှေးဦးစွာသော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။ ထိုသူသည် “အသျှင် မမြင် ပါ”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း သင်သည် လူတို့၌ ကလေးသူငယ် လူမမယ် ပက်လက်အိပ်အရွယ်ကို မိမိကျင်ကြီးကျင်ငယ်၌ လူးလဲပေကျံလျက် အိပ်စက်နေရသည်ကို မမြင်သလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင် မြင်ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့် သူ ဖြစ်လျက် သင့်မှာ ‘ငါသည်လည်း ပဋိသန္ဓေနေခြင်းသဘောရှိ၏၊ ပဋိသန္ဓေနေခြင်းကို မလွန်ဆန်နိုင်၊ ယခုအခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ ကောင်းမှုကို ပြုအံ့’ ဟူ၍ ဤအကြံသည် မဖြစ်သလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင် အကျွန်ုပ် မစွမ်းနိုင်ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း မေ့လျော့မှုရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြု၊ အမောင်ယောကျာ်း စင်စစ် သင့်ကို မေ့လျော့ခဲ့ သည့်အတိုင်း ပြုကုန်လတ့္တံ၊ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖ သည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မနှစ်မသည် မပြုအပ်၊ အဆွေခင်ပွန်းတို့သည် မပြုအပ်၊ ဆွေမျိုးသားချင်းတို့သည် မပြုအပ်၊ သမဏဗြာဟ္မဏတို့သည် မပြုအပ်၊ နတ်တို့သည် မပြုအပ်၊ ထို မကောင်းမှုကံကို သင်သည်သာ ပြုအပ်၏၊ သင်သည်သာ ထိုမကောင်းမှုကံ၏ အကျိုးကို ခံစားရ လတ္တံ့”ဟု ဤသို့ ဆို၏။ (၁)

၂၆၃။ ရဟန်းတို့ ယမမင်းသည် ထိုသူကို ရှေးဦးစွာသော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်းပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် “အမောင်ယောကျာ်း လူတို့၌ နှစ်ခုမြောက်သော နတ်တမန် ထင်ရှား ဖြစ်သည် ကို သင် မမြင်သလော”ဟု နှစ်ခုမြောက်သော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။ ထိုသူသည် “အသျှင် မမြင်ပါ”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း သင်သည် လူတို့၌ အိုမင်းရင့်ရော်သော ကုန်း ကိုင်းသော တောင်ဝှေးသာ မှီခိုရာရှိသော တုန်တုန်ရီရီ သွားနေသော ကျင်နာသော အရွယ်လွန်သော သွားကျိုးသော ဆံပင်ဖြူသော ဆံပင်ကျွတ်ပြတ်၍ ဦးခေါင်းပြောင်နေသော အရေတွန့်သော ကိုယ်၌ မှည့် မည်းစွဲနေသော မိန်းမကိုဖြစ်စေ၊ ယောကျာ်းကိုဖြစ်စေ မမြင်သလော”ဟု ဤသို့မေး၏။ ထိုသူသည် “အသျှင် မြင်ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့် သူဖြစ်လျက် သင့်မှာ ငါသည်လည်း အိုခြင်းသဘောရှိ၏၊ အိုခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ ဟူ၍ ဤအကြံ သည် မဖြစ်ပါသလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင် အကျွန်ုပ် မစွမ်းနိုင်ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း မေ့လျော့မှုရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင်ယောကျာ်း စင်စစ် သင့်ကို မေ့လျော့ခဲ့သည့်အတိုင်း ပြုကုန်လတ္တံ့။ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖသည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မ နှစ်မသည် မပြုအပ်၊ အဆွေခင်ပွန်းတို့သည် မပြုအပ်၊ ဆွေမျိုး သားချင်းတို့သည် မပြုအပ်၊ သမဏဗြာဟ္မဏတို့သည် မပြုအပ်၊ နတ်တို့သည် မပြုအပ်၊ ထိုမကောင်းမှုကံ ကို သင်သည်သာ ပြုအပ်၏၊ သင်သည်သာ ထိုမကောင်းမှုကံ၏ အကျိုးကို ခံစားရလတ္တံ့”ဟု ဤသို့ ဆို၏။ (၂)

၂၆၄။ ရဟန်းတို့ ယမမင်းသည် ထိုသူကို နှစ်ခုမြောက်သော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်းပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် “အမောင်ယောကျာ်း လူတို့၌ သုံးခုမြောက်သော နတ်တမန် ထင်ရှားဖြစ်သည် ကို သင် မမြင်သလော”ဟု သုံးခုမြောက်သော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။ ထိုသူသည် “အသျှင် မမြင်ပါ”ဟု ဤသို့ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း အနာရောဂါနှိပ်စက်အပ်သော ဆင်းရဲဒုက္ခ ရောက်နေသော ပြင်းထန်စွာမကျန်းမာနာနေသော မိမိကျင်ကြီးကျင်ငယ်၌ လူးလဲပေကျံလျက် အိပ်စက်နေ သော အခြားသူတို့က ထူမပေးရ, အခြားသူတို့က သိပ်ပေးရသော မိန်းမကိုဖြစ်စေ၊ ယောကျာ်းကိုဖြစ်စေ မမြင်သလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင် မြင်ပါ၏”ဟု ဤသို့ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့် သူဖြစ်လျက် သင့်မှာ ငါသည်လည်း ဖျားနာခြင်းသဘောရှိ၏၊ ဖျားနာခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ ဟူ ၍ ဤအကြံသည် မဖြစ်သလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင် အကျွန်ုပ် မစွမ်းနိုင်ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း မေ့လျော့မှုရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင်ယောကျာ်း စင်စစ် သင့်ကို မေ့လျော့ခဲ့သည့်အတိုင်း ပြုကုန်လတ္တံ့၊ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖသည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မနှစ်မသည် မပြုအပ်၊ အဆွေခင်ပွန်းတို့သည် မပြုအပ်၊ ဆွေမျိုး သားချင်းတို့သည် မပြုအပ် သမဏဗြာဟ္မဏတို့သည် မပြုအပ်၊ နတ်တို့သည် မပြုအပ်၊ ထိုမကောင်းမှု ကံကို သင်သည်သာ ပြုအပ်၏၊ သင်သည်သာ ထိုမကောင်းမှုကံ၏ အကျိုးကို ခံစားရလတ္တံ့”ဟု ဤသို့ ဆို၏။ (၃)

၂၆၅။ ရဟန်းတို့ ယမမင်းသည် ထိုသူကို သုံးခုမြောက်သော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်းပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် “အမောင်ယောကျာ်း လူတို့၌ လေးခုမြောက်ဖြစ်သော နတ်တမန် ထင်ရှားဖြစ် သည်ကို သင် မမြင်သလော”ဟု လေးခုမြောက်သော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။ ထိုသူသည် “အသျှင် မမြင်ပါ”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း သင်သည် လူတို့၌ မင်းတို့သည် မကောင်းမှုကို ပြုကျင့်သော ခိုးသူကို ဖမ်းယူ၍ ညှင်းပန်းမှု အမျိုးမျိုးတို့ကို ပြုသည်တို့ကို မမြင်သ့လော၊ ကြိမ်လုံးဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ ကြိမ်နွယ်တို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ တုတ် တိုတို့ဖြင့် ရိုက်သည်တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်သည်တို့ကိုလည်းကောင်း ခြေကို ဖြတ်သည်တို့ ကိုလည်းကောင်း လက်ခြေကို ဖြတ်သည်တို့ကိုလည်းကောင်း နားကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နှာခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း၊ နားနှာ ခေါင်းကို ဖြတ်သည်တို့ကိုလည်းကောင်း၊ ဦးခေါင်းခွံကို ဖောက်၍ ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ပူလောင်စေသည်တို့ကိုလည်းကောင်း၊ ခရုသင်းပမာ ဦးခေါင်းရေကို ခွါသည်တို့ကိုလည်းကောင်း၊ နေကိုငုံသည့် ရာဟုခံတွင်းအလား ပါးစပ်အတွင်း၌ သွေးပြည့်အောင် ပြုသည် တို့ကိုလည်းကောင်း၊ ကိုယ်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးပန်းပမာ ရှို့မြှိုက်သည်တို့ကိုလည်း ကောင်း လက်နှစ်ဖက်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးတိုင်ပမာ ရှို့မြှိုက်သည်တို့ကိုလည်း ကောင်း မြစ်ခြေပင်မ၌ အရိုးအရွက်တို့ကို ရစ်ပတ်နေသော ပိန်းပင်အလား ဖမျက်အထိ တစ်ကိုယ်လုံးမှ အရေကို ခွါချကာ ပြေးလွှားစေသည်တို့ကိုလည်းကောင်း၊ အောက်တစ်ကိုယ်လုံးမှ အရေကိုလည် ပင်း အထိခွါ၍ လျှော်တေဝတ်ရုံသော ရသေ့အလား ပြေးလွှားစေသည်တို့ကိုလည်းကောင်း၊ ခြေလက်လေးဖက်၌ တံကျင်လျှိုထား၍ လေးဖက်တွားနေသည့် သားကောင်ကဲ့သို့ ပြုလုပ်သည်တို့ကိုလည်းကောင်း အရေ အသားအကြောတို့ကို ငါးမျှားချိတ်ပမာ ထက်စွာသော သံချိတ်တို့ဖြင့် ဆွဲချိတ်၍ ချသည်တို့ကိုလည်း ကောင်း တစ်ကိုယ်လုံးမှ အသားစိုင်တို့ကို တစ်ကျပ်သား တစ်ကျပ်သားခန့် ခြွေချသည်တို့ကိုလည်း ကောင်း တစ်ကိုယ်လုံး၌ သံဆူးခက်တို့ဖြင့် ရိုက်နှက်ကာ ဆားဆပ်ပြာတို့ဖြင့် ပက်ကြသည်တို့ကိုလည်း ကောင်း တံခါးတိုင်၌ တံခါးကျင်လှည့် သကဲ့သို့ ကိုယ်ကို သံတံကျင်လျှို၍ လှည့်စေသည်တို့ကိုလည်း ကောင်း အရိုးအားလုံးကို မှုန့်မှုန့်ညက်ညက် ကျေမွစေလျှက် ကောက်ရိုးကရွတ်ခွေကဲ့သို့ ပြုလုပ်သည်တို့ ကိုလည်းကောင်း၊ ဆီပူဖြင့်သွန်းလောင်းသည်တို့ကိုလည်းကောင်း၊ ခွေးတို့ကို ကိုက်စေသည်တို့ကိုလည်း ကောင်း၊ အရှင်လတ်လတ် သံတံကျင်ဖြင့် လျှိုသည်တို့ကိုလည်းကောင်း၊ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ် သည်တို့ကိုလည်းကောင်း မမြင်သလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင်မြင်ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း လိမ္မာရေးခြားရှိ၍ အသက်အရွယ်ကြီးရင့် သူဖြစ်လျက် သင့်အား ‘အချင်းတို့ ယုတ်မာသော အမှုတို့ကို ပြုကုန်သောသူတို့သည် မျက်မှောက်ဘဝ၌ သာလျှင် ဤသို့ သဘောရှိကုန်သော ညှဉ်းပန်းမှုအမျိုးမျိုး တို့ကို ပြုလုပ်ခံရကုန်၏၊ မျက်ကွယ်တမလွန် ဘဝ၌ကား အဘယ်ဆိုဖွယ် ရာရှိအံ့နည်း၊ ငါသည် ယခုအခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်း ကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ ဟူ၍ ဤအကြံသည် မဖြစ်ပါသလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင်အကျွန်ုပ် မစွမ်းနိုင်ခဲ့ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း မေ့လျော့မှုရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင်ယောကျာ်း စင်စစ် သင့်ကို မေ့လျော့ခဲ့သည့်အတိုင်း ပြုကုန်လတ္တံ့၊ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖသည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မ နှစ်မသည် မပြုအပ်၊ အဆွေခင်ပွန်းတို့သည် မပြုအပ်၊ ဆွေမျိုးသားချင်းတို့သည် မပြုအပ်၊ သမဏဗြာဟ္မဏတို့သည် မပြုအပ်၊ နတ်တို့သည် မပြုအပ်၊ ထို မကောင်း မှုကံကို သင်သည်သာ ပြုအပ်၏၊ သင် သည်သာ ထိုမကောင်းမှုကံ၏ အကျိုးကို ခံစားရ လတ္တံ့”ဟု ဤသို့ဆို၏။ (၄)

၂၆၆။ ရဟန်းတို့ ယမမင်းသည် ထိုသူကို လေးခုမြောက်သော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်း ပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် “အမောင်ယောကျာ်း လူတို့၌ ငါးခုမြောက်ဖြစ်သော နတ်တမန် ထင်ရှား့ဖြစ်သည်ကို မမြင်သလော”ဟု ငါးခုမြောက်ဖြစ်သော နတ်တမန်ကို စီစစ်၏၊ စုံစမ်း၏၊ အဖန်ဖန် မေးမြန်း၏။ ထိုသူသည် “အသျှင် မမြင်ပါ”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း သင်သည် လူတို့၌ သေ၍ တစ်ရက် ရှိသော သူသေကောင်, သေ၍ နှစ်ရက်ရှိသော သူသေကောင်, သေ၍ သုံးရက်ရှိသော သူသေကောင်, သေပြီး သည့်နောက် ဖူးဖူးရောင်ပုပ်ပွလျက် ကွက်နေသော သူသေကောင်, ရုပ်ဆင်းပျက်ပြားလျက် အညိုအမဲ များသော သူသေကောင်, သွေးပြည်ယိုစီးသော သဘောရှိသော သူသေကောင် မိန်းမကိုဖြစ်စေ ယောကျာ်းကိုဖြစ်စေ မမြင်သလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင်မြင်ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း လိမ္မာရေးခြားရှိ၍ အသက်အရွယ် ကြီးရင့်သူ ဖြစ်လျက် သင့်အား ‘ငါသည်လည်း သေခြင်းသဘော ရှိ၏၊ သေခြင်းကို မလွန်ဆန်နိုင်၊ ငါသည် ယခု အခါ၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့’ဟု ဤ အကြံသည် မဖြစ်သလော”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင် အကျွန်ုပ် မစွမ်းနိုင်ခဲ့ပါ၊ အသျှင် အကျွန်ုပ် မေ့လျော့ခဲ့ပါ၏”ဟု ဤသို့ ဆို၏။

ရဟန်းတို့ ယမမင်းသည် ထိုသူကို “အမောင်ယောကျာ်း မေ့လျော့မှု ရှိခြင်းကြောင့် ကိုယ်ဖြင့်လည်း ကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကံကို မပြုခဲ့ပေ၊ အမောင်ယောကျာ်း စင်စစ် သင့်ကို မေ့လျော့ခဲ့သည့်အတိုင်း ပြုကုန်လတ္တံ့၊ သင်၏ ထိုမကောင်းမှုကံကို အမိသည် မပြုအပ်၊ အဖသည် မပြုအပ်၊ အစ်ကိုသည် မပြုအပ်၊ အစ်မနှစ်မသည် မပြုအပ်၊ အဆွေခင်ပွန်းတို့သည် မပြုအပ်၊ ဆွေမျိုးသားချင်းတို့ သည် မပြုအပ်၊ သမဏဗြာဟ္မဏတို့သည် မပြုအပ်၊ နတ်တို့သည် မပြုအပ်၊ ထို မကောင်းမှုကံကို သင်သည်သာ ပြုအပ်၏၊ သင်သည်သာ ထိုမကောင်းမှုကံ၏ အကျိုးကို ခံစားရ လတ္တံ့”ဟု ဤသို့ ဆို၏။ (၅)

၂၆၇။ ရဟန်းတို့ ယမမင်းသည် ထိုသူကို ငါးခုမြောက်ဖြစ်သော နတ်တမန်ကို စီစစ်ပြီး၍ စုံစမ်း ပြီး၍ အဖန်ဖန် မေးမြန်းပြီးလျှင် ဆိတ်ဆိတ်နေ၏။ ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူကို ငါးပါးအပြား ရှိသော နှောင်ဖွဲ့ခြင်းမည်သော ညှဉ်းပန်းမှုကို ပြုကုန်၏၊ လောလောပူသော သံငုတ်ကို လက်၌ စိုက်နှက် ကုန်၏၊ လောလောပူသော သံငုတ်ကို နှစ်ခုမြောက်သော လက်၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို ခြေ၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို နှစ်ခုမြောက်သော ခြေ၌ စိုက်နှက်ကုန်၏၊ လောလောပူသော သံငုတ်ကို ရင်လယ်၌ စိုက်နှက်ကုန်၏။ ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန် ကုန် ကြမ်းတမ်းကုန် ကျင်နာကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။

ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူကို အိပ်စေ၍ ဓားမတို့ဖြင့် ရွေကုန်၏။ပ။ ရဟန်းတို့ ထို ငရဲကျသူကို ငရဲထိန်းတို့သည် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုး ကိုင်၍ ပဲခွပ်တို့ဖြင့် ရွေကုန်၏။ပ။ ရဟန်း တို့ ငရဲကျသူကို ငရဲထိန်းတို့သည် ရထား၌ က၍ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွ သော မီးခိုးနှင့်တကွသော မြေ၌ ပြေးလည်း ပြေးစေကုန်၏၊ ခေါက်တုံ့ခေါက်ပြန်လည်း ပြေးစေကုန်၏။ပ။

ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွ သော မီးခိုးနှင့်တကွသော ကြီးစွာသော မီးကျီးတောင်သို့ တက်လည်း တက်စေကုန်၏၊ ဆင်းလည်း ဆင်းစေကုန်၏။ပ။ ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် ခြေမိုးမျှော် ဦးခေါင်းစောက်ထိုး ကိုင်၍ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လောလောပူသော သံအိုး ‘လောဟကု မ္ဘီ’ ငရဲ၌ ပစ်ချကုန်၏။ ထိုငရဲကျသူသည် ထိုသံအိုး ‘လောဟကု မ္ဘီ’ ငရဲ၌ ရေမြှုပ်ကဲ့သို့ ကျက်၏၊ ထိုငရဲကျသူသည် ထိုသံအိုး ‘လောဟကု မ္ဘီ’ ငရဲ၌ ရေမြှုပ်ကဲ့သို့ ကျက်သည်ရှိသော် တစ်ကြိမ်လည်း အထက်သို့ ပေါ်တက်၏၊ တစ်ကြိမ်လည်း အောက်သို့ မြုပ်ဆင်း၏၊ တစ်ကြိမ်လည်း ဖီလာကန့်လန့် သွား၏။ ထိုငရဲကျသူသည် ထိုသံအိုး ‘လောဟကု မ္ဘီ’ ငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် နာကျင်ကုန် သော ဝေဒနာတို့ကို ခံစားရ၏။ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ ရဟန်းတို့ ငရဲထိန်း တို့သည် ထိုငရဲကျသူကို အထပ်ထပ် ငရဲကြီး၌ ပစ်ချကုန်၏။ ရဟန်းတို့ ထိုငရဲကြီးသည်ကား—

လေးထောင့်ရှိ၏၊ တံခါးလေးခုရှိ၏၊ အကွက်ကျအောင် တိုင်းတာ ဝေဖန်ထား၏၊ သံတံတိုင်းဖြင့် ကာရံ၏၊ သံပြားဖြင့် မိုးအုပ်ထား၏။

ထိုငရဲကြီးမှာ သံဖြင့်ပြီးသောမြေ ရှိ၏၊ ရဲရဲပြောင်ပြောင် တောက်လောင်၏၊ အခိုးအလျှံ ရှိ၏၊ အခါခပ်သိမ်း ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် ပျံ ့နှံ့ တည်၏။

၂၆၈။ ရဟန်းတို့ ထိုငရဲကြီး၏ အရှေ့နံရံမှ မီးလျှံသည် ထ၍ အနောက်နံရံ၌ ထိ၏။ အနောက် နံရံမှ မီးလျှံသည် ထ၍ အရှေ့နံရံ၌ ထိ၏။ မြောက်နံရံမှ မီးလျှံသည် ထ၍ တောင်နံရံ၌ ထိ၏။ တောင်နံရံမှ မီးလျှံသည် ထ၍ မြောက်နံရံ၌ ထိ၏။ အောက်အရပ်မှ မီးလျှံသည် ထ၍ အထက်အရပ်၌ ထိ၏။ အထက်အရပ်မှ မီးလျှံသည် ထ၍ အောက်အရပ်၌ ထိ၏။ ထိုငရဲကျသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏။ ထိုမကောင်းမှုကံ မကုန်ဆုံး သေးသမျှ မသေ။

ရဟန်းတို့ တစ်ရံတစ်ခါ၌ ရှည်စွာသော ကာလကို လွန်သဖြင့် ထိုငရဲကြီး၏ အရှေ့မျက်နှာတံခါး ပွင့်သောအခါမျိုးသည် ရှိ၏။ ထိုသူသည် ထိုတံခါးပွင့်ရာသို့ လျင်သောအဟုန်ဖြင့် ပြေးသွား၏။ လျင်သော အဟုန်ဖြင့် ပြေးသွားသော ထိုသူ၏ အရေပါးကိုလည်း လောင်၏၊ အရေထူကိုလည်း လောင်၏၊ အသားကိုလည်း လောင်၏၊ အကြောကိုလည်း လောင်၏၊ အရိုးတို့သည်လည်း အခိုးထွက်ကုန်၏၊ ခြေကြွသော အခါမှာ ခြေနင်းသော အခါကဲ့သို့ပင် လောင်၏။ ရဟန်းတို့ ထိုသူသည် နှစ်ပေါင်းများစွာ ကြာမြင့်မှ ရောက်၏၊ ထိုအခါ ထိုအရှေ့တံခါးသည် ပိတ်၏၊ ထိုသူသည် ထိုတံခါးပိတ်ရာ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။

ရဟန်းတို့ တစ်ရံတစ်ခါ၌ ရှည်စွာသော ကာလကို လွန်သဖြင့် ထိုငရဲကြီး၏ အနောက်မျက်နှာတံခါး ပွင့်သော အခါမျိုးသည် ရှိ၏။ပ။ မြောက်မျက်နှာတံခါး ပွင့်သော အခါမျိုးသည် ရှိ၏။ပ။ တောင်မျက်နှာ တံခါး ပွင့်သော အခါမျိုးသည် ရှိ၏။ ထိုသူသည် ထိုတံခါးပွင့်ရာသို့ လျင်သောအဟုန်ဖြင့် ပြေးသွား၏၊ လျင်သောအဟုန်ဖြင့် ပြေးသွားသော ထိုသူ၏ အရေပါးကိုလည်း လောင်၏၊ အရေထူကိုလည်း လောင်၏၊ အသားကိုလည်း လောင်၏၊ အကြောကိုလည်း လောင်၏၊ အရိုးတို့သည်လည်း အခိုးထွက်ကုန်၏၊ ခြေကြွ သောအခါမှာ ခြေနင်းသောအခါကဲ့သို့ပင် လောင်၏။ ရဟန်းတို့ ထိုသူသည် နှစ်ပေါင်းများစွာ ကြာမြင့်မှ ရောက်၏၊ ထိုအခါ ထိုတောင်တံခါးသည် ပိတ်၏။ ထိုသူသည် ထိုတံခါးပိတ်ရာ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။

ရဟန်းတို့ တစ်ရံတစ်ခါ၌ ရှည်စွာသော ကာလကို လွန်သဖြင့် ထိုငရဲကြီး၏ အရှေ့မျက်နှာတံခါး ပွင့်သောအခါမျိုးသည် ရှိ၏။ ထိုသူသည် ထိုတံခါးပွင့်ရာသို့ လျင်သောအဟုန်ဖြင့် ပြေးသွား၏။ လျင်သော အဟုန်ဖြင့် ပြေးသွားသော ထိုသူ၏ အရေပါးကိုလည်း လောင်၏၊ အရေထူကိုလည်း လောင်၏၊ အသား ကိုလည်း လောင်၏၊ အကြောကိုလည်း လောင်၏၊ အရိုးတို့သည်လည်း အခိုးထွက်ကုန်၏၊ ခြေကြွသော အခါမှာ ခြေနင်းသော အခါကဲ့သို့ပင် လောင်၏၊ ထိုသူသည် ထိုတံခါးဖြင့် ထွက်၏။

၂၆၉။ ရဟန်းတို့ ထိုငရဲကြီး၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော ဘင်ပုပ်ငရဲသည် ရှိ၏၊ ထိုသူသည် ထိုဘင်ပုပ်ငရဲ၌ ကျ၏။ ရဟန်းတို့ ထိုငရဲ၌ အပ်နှင့်တူသော နှုတ်သီးရှိကုန်သော ပိုးတို့သည် အရေပါးကို ဖြတ်ကုန်၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်ကုန်၏၊ အရေထူကို ဖြတ်ပြီး၍့အသားကို ဖြတ်ကုန်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်ကုန်၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်ကုန်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို စားကုန်၏၊ ထိုသူသည် ထိုဘင်ပုပ်ငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံး သေးသမျှ မသေ။ (၁)

ရဟန်းတို့ ထိုဘင်ပုပ်ငရဲ၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော ပြာပူငရဲသည် ရှိ၏၊ ထိုသူသည် ပြာပူငရဲ၌ ကျ၏။ ထိုသူသည် ထိုပြာပူငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ (၂)

ရဟန်းတို့ ထိုပြာပူငရဲ၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော လက်ပံတောငရဲသည် အမြင့်အားဖြင့် တစ်ယူဇနာမြင့်၏၊ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွ သော တစ်ဆယ့်ခြောက်လက်သစ် အတိုင်းအရှည်ရှိသော ဆူးရှိ၏၊ ထိုလက်ပံပင်သို့ တက်လည်း တက်စေ ကုန်၏၊ ဆင်းလည်း ဆင်းစေကုန်၏၊ ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ (၃)

ရဟန်းတို့ ထိုလက်ပံတောငရဲ၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော သန်လျက်သွား အရွက်ရှိသော (သန်လျက်) တောငရဲသည် ရှိ၏၊ ထိုသူသည် ထိုငရဲ၌ ကျ၏၊ သန်လျက်သွားအရွက်တို့ သည် လေတိုက်ခတ်ကုန်သည်ဖြစ်၍ ကျကုန်သည်ရှိသော် ထိုသူ၏ လက်ကိုလည်း ဖြတ်ကုန်၏၊ ခြေကိုလည်း ဖြတ်ကုန်၏၊ လက်ခြေကိုလည်း ဖြတ်ကုန်၏၊ နားကိုလည်း ဖြတ်ကုန်၏၊ နှာခေါင်းကိုလည်း ဖြတ် ကုန်၏၊ နား နှာခေါင်းကိုလည်း ဖြတ်ကုန်၏၊ ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်း ကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ (၄)

ရဟန်းတို့ ထိုသန်လျက်သွားအရွက်ရှိသော (သန်လျက်) တောငရဲ၏ အခြားမဲ့၌ စပ်လျက်တည်သော ကြီးစွာသော ကြိမ်ပိုက်ချောင်းမည်သော ကြေးနီမြစ်ငရဲသည် ရှိ၏၊ ထိုသူသည် ထိုငရဲ၌ ကျ၏။ ထိုသူသည် ထိုငရဲ၌ အကြေသို့လည်း မျော၏၊ အညာသို့လည်း ဆန်တက်၍ အကြေအညာသို့လည်း အစုန်အဆန် မျော၏၊ ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ (၅)

၂၇ဝ။ ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် သံမျှားချိတ်ဖြင့် ထုတ်ဆောင်၍ ကုန်း၌ တင်ထားပြီးလျှင် “အမောင်ယောကျာ်း သင်ဘာကို အလိုရှိသနည်း”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင် အကျွန်ုပ် ဆာလောင်မွတ်သိပ်ပါ၏”ဟု ဤသို့ ဆို၏။ ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူကို ရဲရဲပြောင်ပြောင်တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လောလောပူသော သံချွန်ဖြင့် ခံတွင်းကို ဖြဲ၍ ရဲရဲပြောင်ပြောင်တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လောလောပူ သော သံတွေခဲကို ခံတွင်း၌ ထည့်ကြကုန်၏။ ထိုသံတွေခဲသည် ထိုသူ၏ နှုတ်ခမ်းကိုလည်း လောင်၏၊ ခံတွင်းကိုလည်း လောင်၏၊ လည်ချောင်းကိုလည်း လောင်၏၊ ရင်ကိုလည်း လောင်၏၊ အူမကိုလည်း ကောင်း၊ အူသိမ်ကိုလည်းကောင်း ယူ၍ အောက်အဖို့မှ ထွက်၏။ ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်း ထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံး သေးသမျှ မသေ။

ရဟန်းတို့ ထိုငရဲကျသူကို ငရဲထိန်းတို့သည် “အမောင်ယောကျာ်း သင်ဘာကို အလိုရှိသနည်း”ဟု ဤသို့ မေး၏။ ထိုသူသည် “အသျှင် အကျွန်ုပ် ရေမွတ်သိပ်ပါ၏”ဟု ဤသို့ ဆို၏။ ရဟန်းတို့ ငရဲထိန်း တို့သည် ထိုသူကို ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုးနှင့်တကွသော လော လောပူသော သံချွန်ဖြင့် ခံတွင်းကို ဖြဲ၍ ရဲရဲပြောင်ပြောင် တောက်လောင်သော မီးလျှံနှင့်တကွသော မီးခိုး့နှင့်တကွသော လောလောပူသော ကြေးနီရည်ကို ခံတွင်း၌ လောင်းကုန်၏။ ထိုကြေးနီရည်သည် ထိုသူ၏ နှုတ်ခမ်းကိုလည်း လောင်၏၊ ခံတွင်းကိုလည်း လောင်၏၊ လည်ချောင်းကိုလည်း လောင်၏၊ ရင်ကိုလည်း လောင်၏၊ အူမကိုလည်းကောင်း အူသိမ်ကိုလည်းကောင်း ယူ၍ အောက်အဖို့မှ ထွက်၏။ ထိုသူသည် ထိုငရဲ၌ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် နာကျင်ကုန်သော ဝေဒနာတို့ကို ခံစားရ၏၊ ထိုမကောင်းမှုကံ မကုန်ဆုံးသေးသမျှ မသေ။ ရဟန်းတို့ ငရဲထိန်းတို့သည် ထိုသူကို ငရဲကြီး၌ တစ်ဖန် ပစ်ချကြကုန်၏။

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား ယမမင်းအား ဤသို့ အကြံဖြစ်၏ “အချင်းတို့ လောက၌ ယုတ်ညံ့သော အကုသိုလ်အမှုကို ပြုကုန်သော သူတို့သည် ဤသို့သဘောရှိကုန်သော ညှဉ်းပန်းမှု အမျိုး မျိုးတို့ကို ပြုလုပ်ခံရကုန်၏။ ငါသည် လူအဖြစ်ကို ရပါမူ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် ပွင့်ထွန်းပါမူ ငါသည်လည်း ထိုမြတ်စွာဘုရားကို ဆည်းကပ်ရပါမူ ထိုမြတ်စွာဘုရားလည်း ငါ့အား တရားဟောပါမူ ငါသည်လည်း ထိုမြတ်စွာဘုရား၏ တရားတော်ကို သိရပါမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်၏။ ရဟန်းတို့ ငါသည် ထိုစကားကို တစ်ပါးသော သမဏ၏လည်းကောင်း၊ ဗြာဟ္မဏ၏လည်းကောင်း အထံမှ ကြား၍ ဟောသည် မဟုတ်၊ စင်စစ်မှာမူ ကိုယ်တိုင်သိ ကိုယ်တိုင်မြင် ကိုယ်တိုင်ထိုးထွင်း၍ သိသော အကြောင်းကိုသာလျှင် ဟော၏ဟု (မိန့်တော်မူ၏)။

၂၇၁။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤစကားကို မိန့်တော်မူ ပြန်၏ —

“နတ်တို့၏တမန် ငါးတန်သော နိမိတ်တို့သည် တိုက်တွန်းအပ်ပါကုန်လျက် မေ့ လျော့နေကုန်သော သတ္တဝါတို့သည် ယုတ်ညံ့သော အတ္တဘောနှင့် ပြည့်စုံကုန်၍ ရှည်စွာသော နေ့ညဉ့်ပတ်လုံး ပူဆွေးရကုန်၏။

ဤလောက၌ သူတော်ကောင်းအစစ် ထင်ရှားဖြစ်ကုန်သော သူတို့သည် နတ်တို့၏ တမန် ငါးတန်သော နိမိတ်တို့က တိုက်တွန်းအပ်ကုန်သည်ဖြစ်၍ သူတော် ကောင်းတို့၏ တရား၌ တစ်ရံတစ်ဆစ်မျှ မမေ့လျော့ကုန်။

ထိုသူတို့သည် ပဋိသန္ဓေနေခြင်း သေခြင်း၏ ဖြစ်ကြောင်းဖြစ်သော ဥပါဒါန်တရား ၌ ကြောက်စရာဘေးဟု ရှု၍ မစွဲလမ်းဘဲ ပဋိသန္ဓေနေခြင်း သေခြင်း၏ ကုန်ဆုံးရာ နိဗ္ဗာန်၌ လွတ်လွတ်ဝင်ရောက်ကြကုန်၏။

ထိုအရိယာပုဂ္ဂိုလ်တို့သည် ဘေးရန်ကင်းငြိမ်းရာသို့ ရောက်ကုန်၍ ချမ်းသာခြင်း ရှိကုန်၏၊ မျက်မှောက်ဘဝ၌ (အလုံးစုံသော ကိလေသာအပူမှ) အေးငြိမ်းတော်မူကုန်၏၊ အလုံးစုံသော ရန်ဘေးကို လွန်ကုန်၏၊ အလုံးစုံသော ဝဋ်ဒုက္ခကို လွန်မြောက် ကုန်၏”ဟု (မိန့်တော်မူ၏)။

ဆယ်ခုမြောက် ဒေဝဒူတသုတ် ပြီး၏။

သုံးခုမြောက် သုညတဝဂ် ပြီး၏။