မဇ္ဈိမနိကာယ်

၄— စူဠဒုက္ခက္ခန္ဓသုတ်

၁၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သာကီဝင်မင်းသား မဟာနာမ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား—

“အသျှင်ဘုရား တပည့်တော်သည် ‘လိုချင်ခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း၊ ပြစ်မှားခြင်း သည်စိတ်၏ ညစ်ညူးကြောင်းတည်း၊ တွေဝေခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း’ဟု မြတ်စွာ ဘုရားဟောတော်မူသော တရားတော်ကို ကြာမြင့်စွာကပင် သိပါ၏၊ မြတ်စွာဘုရား တပည့်တော်သည့် ‘လိုချင်ခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း၊ ပြစ်မှားခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း၊ ‘တွေဝေခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း’ဟု မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကိုသိပါသော်လည်း တပည့်တော်အား တစ်ရံတစ်ခါ လိုချင်မှုတရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါကုန်၏၊ ပြစ်မှားမှု တရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါကုန်၏၊ တွေဝေမှုတရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါကုန်၏၊ အသျှင်ဘုရား ‘ငါ၏အဇ္ဈတ္တသန္တာန်၌ အဘယ်တရားကို မပယ်ရသေးသောကြောင့် တစ်ရံ တစ်ခါ လိုချင်မှု ပြစ်မှားမှုတွေဝေမှု တရားတို့သည် (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါကုန်သနည်း’ဟု တပည့်တော်အားစိတ်အကြံဖြစ်မိ ပါသည်” ဟူ၍ လျှောက်၏။

၁၇၆။ မဟာနာမ် သင်၏ သန္တာန်၌ လိုချင်မှု ပြစ်မှားမှု တွေဝေမှုတရားကိုသာလျှင် မပယ်ရသေးသောကြောင့် ယင်းတရားတို့သည် သင့်အား တစ်ရံတစ်ခါ စိတ်ကို ကုန်ခန်းစေ၍ တည်ကုန်၏။ မဟာနာမ် သင်၏ သန္တာန်၌ ထိုတရားသည် ပယ်ပြီးဖြစ်ငြားအံ့၊ သင်သည် အိမ်ရာတည်ထောင်၍ မနေရာ၊ ကာမတို့ ကို မခံစားရာ။ မဟာနာမ် သင်၏ သန္တာန်၌ ထိုတရားကိုသာလျှင် မပယ်ရသေးသောကြောင့်သင်သည် အိမ်ရာတည်ထောင်၍ နေ၏၊ ကာမဂုဏ်တို့ကို ခံစား၏။

၁၇၇။ မဟာနာမ် “ကာမတို့သည် သာယာဖွယ် နည်းပါးကုန်၏၊ ဆင်းရဲဒုက္ခများပြားကုန်၏၊ ပြင်းစွာပင်ပန်းမှု များပြားကုန်၏၊ ဤကာမတရားတို့၌ အပြစ်သည်သာ အလွန်များပြား၏” ဟု မြတ်စွာဘုရား၏ တပည့်သာဝကသည်ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် အကယ်၍ ကောင်းစွာ မြင်စေကာမှုထိုသူသည် ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နှစ်သက်ခြင်း ချမ်းသာခြင်းရှိသော ဈာန်ကို၊ သို့မဟုတ် ထိုဈာန်ထက်ငြိမ်သက်သော အခြားဈာန်မဂ်ကို မရငြားအံ့၊ ထိုသူသည်ကာမတို့၌ ပြန်လည်ခြင်း မရှိသူ မဖြစ်နိုင်သေးချေ။ မဟာနာမ် အကြင်အခါ၌ “ကာမတို့သည်သာယာဖွယ် နည်းပါးကုန်၏၊ ဆင်းရဲဒုက္ခ များပြားကုန်၏၊ ပြင်းစွာပင်ပန်းမှု များပြားကုန်၏၊ ဤကာမတရားတို့၌ အပြစ်သည်သာ အလွန်များပြား၏” ဟု မြတ်စွာဘုရား၏ တပည့်သာဝကသည်ဤကာမကိုဟုတ်တိုင်းမှန် စွာ မှန်ကန်သောပညာဖြင့် ကောင်းစွာ မြင်အံ့၊ ထိုသူသည် ကာမတို့ကိုကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နှစ်သက်ခြင်း ချမ်းသာခြင်းရှိသော ဈာန်ကို၊ သို့မဟုတ် ထိုဈာန်ထက်ငြိမ်သက် သော အခြားဈာန်မဂ်ကိုလည်း ရအံ့၊ ထိုအခါ ထိုသူသည် ကာမတို့၌ပြန်လည်ခြင်းမရှိသူ ဖြစ်၏။

မဟာနာမ် ငါသည် (အရဟတ္တ) မဂ်ကို မရမီ သစ္စာလေးပါးကို ထိုးထွင်း၍ မသိမြင်သေးသောဘုရားလောင်းမျှသာ ဖြစ်နေစဉ်ကလည်း “ကာမတို့သည် သာယာဖွယ် နည်းပါးကုန်၏၊ ဆင်းရဲ ဒုက္ခများပြားကုန်၏၊ ပြင်းစွာပင်ပန်းမှု များပြားကုန်၏၊ ဤကာမတရားတို့၌ အပြစ်သည်သာ အလွန်များပြား၏” ဟု ဤကာမကိုဟုတ်တိုင်း မှန်စွာ မှန်ကန်သောပညာဖြင့် ကောင်းစွာ မြင်၏၊ ထိုငါသည်ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နှစ်သက်ခြင်း ချမ်းသာခြင်းရှိသောဈာန်ကို၊ သို့မဟုတ် ထိုဈာန်ထက်ငြိမ်သက်သော အခြားဈာန်မဂ်ကို မရသေးသမျှ ကာမတို့၌ပြန်လည်ခြင်း မရှိသူဟု ဝန်မခံခဲ့။ မဟာနာမ် အကြင်အခါ်၌ “ကာမတို့သည် သာယာဖွယ် နည်းပါးကုန်၏၊ ဆင်းရဲဒုက္ခ များပြား ကုန်၏၊ ပြင်းစွာပင်ပန်းမှု များပြားကုန်၏၊ ဤကာမ တရားတို့၌ အပြစ်သည်သာအလွန်များ ပြား၏” ဟု ငါသည် ကာမကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ကောင်းစွာ မြင်၏၊ ထိုငါသည် ကာမတို့ကို ကြဉ်၍သာလျှင် အကုသိုလ်တရားတို့ကို ကြဉ်၍သာလျှင် နှစ်သက်ခြင်းချမ်းသာခြင်းရှိသော ဈာန်ကို၊ သို့မဟုတ် ထိုဈာန်ထက်ငြိမ်သက်သော အခြားဈာန်မဂ်ကိုလည်း ရ၏၊ ထိုအခါ ငါသည် ကာမတို့၌ ပြန်လည်ခြင်း မရှိသူဟု ဝန်ခံခဲ့၏။

၁၇၈။ မဟာနာမ် ကာမတို့၏ သာယာဖွယ်သည် အဘယ်နည်း။ မဟာနာမ် ကာမဂုဏ်တို့သည့်ငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းမူဟု— လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ်ရှိ၍ ချစ်ဖွယ်သဘောရှိသော ကာမ ‘ရာဂ’နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော, စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း။ သောတဝိညာဏ်ဖြင့် သိသော အသံ။ပ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသောအရသာ။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ်ရှိ၍ ချစ်ဖွယ်သဘောရှိသော ကာမ ‘ရာဂ’နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့တည်း။ မဟာနာမ် ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ မဟာနာမ် ဤကာမဂုဏ်ငါးပါးတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာခြင်းဝမ်းမြောက်ခြင်းသည် ကာမတရားတို့၏ သာယာဖွယ်တည်း။

မဟာနာမ် ကာမတရားတို့၏ အပြစ်သည် အဘယ်နည်း။ မဟာနာမ် ဤလောက၌ အမျိုးသားသည် လက်ဆစ် ချိုးရေတွက်ခြင်းအတတ်ဖြင့်ဖြစ်စေ၊ ဂဏန်းအတတ်ဖြင့်ဖြစ်စေ၊ သင်္ချာအတတ်ဖြင့်ဖြစ်စေ၊ လယ်လုပ်ခြင်းဖြင့်ဖြစ်စေ၊ ကုန်သွယ်ခြင်းဖြင့်ဖြစ်စေ၊ နွားကျောင်းခြင်းဖြင့်ဖြစ်စေ၊ လက်နက်ကိုင်အမှုထမ်းခြင်း ဖြင့်ဖြစ်စေ၊ မင်းမှုထမ်းခြင်းဖြင့်ဖြစ်စေ၊ အခြားတစ်ပါးပါးသောအတတ်ဖြင့်ဖြစ်စေ အတတ်တစ်မျိုးမျိုးဖြင့် အအေးကို ရင်ဆိုင်ရလျက် အပူကို ရင်ဆိုင်ရလျက်မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ အတွေ့အထိတို့ဖြင့် ထိခိုက်ခံရလျက် ငတ်မွတ်ခြင်း နှိပ်စက်၍အသေခံရလျက် အသက်မွေးရ၏။ ရဟန်းတို့ ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံကာမလျှင် တည်ရာရှိသော ကာမကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက် ဆင်းရဲအစုဖြစ်သော ကာမတို့၏အပြစ်ပေတည်း။

မဟာနာမ် ထိုအမျိုးသားသည် ဤသို့ ထကြွစေ့ဆော် အားထုတ်ရပါလျက် စည်းစိမ်ဥစ္စာတို့သည်မပြည့်စုံကုန်ငြားအံ့၊ ထိုအမျိုးသားသည် “ငါ၏ ထကြွလုံ့လသည် အချည်းနှီးသာတကား၊ ငါ၏ ကြိုးပမ်းအားထုတ်ခြင်းသည် အကျိုးမဲ့သာတကား” ဟု ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးမြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ မဟာနာမ် ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံကာမလျှင်တည်ရာရှိသော ကာမတို့ကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက် ဆင်းရဲအစုဖြစ်သော ကာမတို့၏ အပြစ်ပေတည်း။

မဟာနာမ် ထိုအမျိုးသားသည် ဤသို့ ထကြွ စေ့ဆော် အားထုတ်သဖြင့် စည်းစိမ်ဥစ္စာတို့သည်ပြည့်စုံကုန်ငြားအံ့၊ ထိုအမျိုးသားသည် “အဘယ်သို့ စောင့်ထိန်းလျှင် ငါ၏ စည်းစိမ်ဥစ္စာတို့ကို မင်းနှင့်ခိုးသူတို့ မဆောင်နိုင်ကြကုန်ဘဲ မီးမလောင် ရေမမျော မချစ်သော အမွေခံသားတို့ မယူနိုင်ဘဲ ရှိကုန်ရာအံ့နည်း” ဟု ထိုစည်းစိမ်ဥစ္စာတို့ကို စောင့်ထိမ်းရခြင်း အကြောင်းကြောင့် ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုကိုခံစားရ၏။ ထိုအမျိုးသားသည် ဤသို့ စောင့်ရှောက်ထိန်းသိမ်းပါလျက် ထိုစည်းစိမ်ဥစ္စာတို့ကို မင်းတို့သော်လည်း ဆောင်ယူကြကုန်အံ့၊ ခိုးသူတို့သော်လည်း ခိုးယူကြကုန်အံ့၊ မီးသော်လည်း လောင်အံ့၊ ရေသော်လည်း မျောအံ့၊ မချစ်အပ်သော အမွေခံတို့သော်လည်း ဆောင်ယူကြကုန်အံ့၊ ထိုအမျိုးသားသည် “ငါ့အား ဖြစ်ပြီးသော စည်းစိမ်ဥစ္စာတို့လည်း မရှိတော့ပါတကား” ဟု ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ် စည်တီး မြည်တမ်း၏၊ ပြင်းပြစွာ တွေဝေခြင်းသို့ ရောက်၏၊ မဟာနာမ် ဤသည်လည်းကာမအ ထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာရှိသော ကာမတို့ကြောင့်သာလျှင်ဖြစ်သည့်မျက်မှောက်ဆင်းရဲ အစုဖြစ်သော ကာမတရားတို့၏ အပြစ်ပေတည်း။

မဟာနာမ် တစ်ဖန်ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတရားတို့ကြောင့်သာလျှင် မင်းအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ရေမြေ့ရှင်အချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ပုဏ္ဏားအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ သူကြွယ်အချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ သားအမိအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ သားအဖအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ညီအစ်ကိုမောင်နှမအချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ အပေါင်းအဖော်အချင်းချင်းလည်း ငြင်းခုံကြကုန်၏၊ ့ထိုသူတို့သည် ထိုသို့ဖြစ်ရာ၌ ငြင်းခုံခြင်း ရန်ဖြစ်ခြင်း သဘောကွဲလွဲခြင်းသို့ ရောက်ကြကုန်လျက်အချင်းချင်း လက်တို့ဖြင့်လည်း ပုတ်ခတ်ကြ ကုန်၏၊ ခဲတို့ဖြင့်လည်း ပေါက်ကြကုန်၏၊ တုတ်တိုတို့ဖြင့်လည်း ရိုက်ကြကုန်၏၊ ဓားလက်နက်တို့ဖြင့်လည်း ထိုးခုတ်ကြကုန်၏၊ ထိုသူတို့သည်ထိုရန်ဖြစ်ရာအရပ်၌ သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက် သော ဆင်းရဲဒုက္ခသို့လည်းရောက်ကြကုန်၏၊ မဟာနာမ် ဤသည်လည်း ကာမအထောက်အပံ့ ကာမ အရင်းခံကာမလျှင်တည်ရာရှိသော ကာမတို့ ကြောင့်သာလျှင်ဖြစ်သည့် မျက်မှောက် ဆင်းရဲအစုဖြစ်သောကာမတရားတို့၏ အပြစ်ပေတည်း။

မဟာနာမ် တစ်ဖန်ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတို့ကြောင့်သာလျှင် သန်လျက်နှင့် (သားရေ) ကာကို ယူ၍ လေးနှင့်မြားတောင့်ကို လွယ်လျက် မြား လှံတို့ကိုပစ်လွှတ်နေကြစဉ်ပင် သန်လျက်တို့ကို တလက်လက် ဝှေ့ယှမ်းနေကြစဉ်ပင် နှစ်ဖက် ရင်ဆိုင်တိုက်ရာစစ်မြေပြင်သို့ ပြေးဝင်ကြကုန်၏။ ထိုသူတို့သည် ထိုစစ်မြေပြင်၌ မြားတို့ဖြင့်လည်း ပစ်ကြကုန်၏၊ လှံဖြင့်လည်း ထိုးကြကုန်၏၊ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏၊ ထိုသူတို့သည် ထိုစစ်မြေပြင်၌သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့လည်း ရောက်ကြကုန်၏၊ မဟာနာမ် ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာရှိသောကာမတို့ကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက်ဆင်းရဲအစုဖြစ်သော ကာမတရားတို့၏ အပြစ်ပေတည်း။

မဟာနာမ် တစ်ဖန်ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတို့ကြောင့်သာလျှင် သန်လျက်နှင့် (သားရေ) ကာကို ကိုင်စွဲ၍ လေးနှင့်မြားတောင့်ကို လွယ်လျက်မြား လှံတို့ကို ပစ် (လွှတ်) နေကြစဉ်ပင် သန်လျက်တို့ကို တလက်လက် ဝှေ့ယှမ်းနေကြစဉ်ပင် ပူသောအစေးတို့ဖြင့် သွန်းလောင်းထားသော။ မို့တံတိုင်းခြေတို့ကို တိုးဝင်ကြကုန်၏၊ ထိုသူတို့သည် ထိုနေရာ၌မြားတို့ဖြင့်လည်း ပစ်ကြကုန်၏၊ လှံဖြင့်လည်း ထိုးပစ်ကြကုန်၏၊ နွားချေး မြင်းချေးရည်ပူဖြင့်လည်းသွန်းလောင်း ကြကုန်၏၊ ယန္တရားမောင်းဖြင့်လည်း ဖိချကြကုန်၏၊ သန်လျက်ဖြင့်လည်း ဦးခေါင်းကိုဖြတ်ကြကုန်၏၊ ထို သူတို့သည် ထိုနေရာ၌ သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက်သောဆင်းရဲဒုက္ခသို့လည်း ရောက်ကြကုန်၏၊ မဟာနာမ် ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံကာမလျှင်တည်ရာရှိသော ကာမတို့ကြောင့်သာလျှင်ဖြစ်သည့် မျက်မှောက် ဆင်းရဲအစုဖြစ်သောကာမတရားတို့၏ အပြစ်ပေတည်း။

မဟာနာမ် တစ်ဖန်ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတို့ကြောင့်သာလျှင် အိမ်ကိုလည်း ဖောက်ထွင်းကြကုန်၏၊ ရွာလုံးကျွတ်ကိုလည်း တိုက်ခိုက်လုယူကြကုန်၏၊ တစ်အိမ်တည်းကိုလည်း တိုက်ခိုက်လုယူကြကုန်၏၊ ခရီးလမ်း၌လည်း စောင့်၍ လုယူကြကုန်၏၊ သူတစ်ပါးမယားကိုလည်း သွားလာကြကုန်၏၊ ထိုသူ့ကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပမ်းမှု အမျိုးမျိုးတို့ကို ပြုကုန်၏။

နှင်တံတို့ဖြင့်လည်း ရိုက်ကြကုန်၏၊ ကြိမ်လုံးတို့ဖြင့်လည်း ရိုက်ကြကုန်၏၊ တုတ်တိုတို့ဖြင့်လည်းရိုက်ကြကုန်၏၊ လက်ကိုလည်း ဖြတ်ကြကုန်၏၊ ခြေကိုလည်း ဖြတ်ကြကုန်၏၊ လက်ခြေတို့ကိုလည်းဖြတ်ကြကုန်၏၊ နားကိုလည်း ဖြတ်ကြကုန်၏၊ နှာခေါင်းကိုလည်း ဖြတ်ကြကုန်၏၊ နား နှာခေါင်းကိုလည်းဖြတ်ကြကုန်၏၊ ဦးခေါင်း ခွံကို ဖောက်၍ ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ပူလောင်စေကုန်၏၊ ခရုသင်းပမာဦးခေါင်းရေကို ခွါကုန်၏၊ နေကို ငုံသည့် ရာဟုခံတွင်းအလား ပါးစပ်တွင်း၌ သွေးပြည့်အောင် ပြုကုန်၏၊ ကိုယ်ကို ဆီဆွတ်သည့် အဝတ်ဖြင့် ရစ်ပတ်၍ မီးပန်းပမာ ရှို့မြိုက်ကုန်၏၊ လည်နှစ်ဖက်ကို ဆီဆွတ်သည့်အဝတ်ဖြင့် ရစ်ပတ်၍ မီးတိုင်ပမာ ရှို့မြိုက်ကုန်၏၊ မြစ်ခြေပင်မ၌ အရိုးအရွက်တို့ ရစ်ပတ်နေသောပိန်းပင်အလား ဖမျက်အထိ တစ်ကိုယ်လုံးမှ အရေကို ခွါချကာ ပြေးလွှားစေကုန်၏၊ အောက်ပိုင်းတစ်ကိုယ့်လုံးမှ အရေကို လည်ပင်းအထိ ခွါ၍ လျှော်တေဝတ်ရုံသော ရသေ့အလား ပြေးလွှားစေကုန်၏၊ ခြေလက်လေးဖက်၌ တံကျင်လျှိုထား၍ လေးဖက်တွားနေသည့် သားကောင်ကဲ့သို့ ပြုလုပ်ကုန်၏၊ အရေ အသားအကြောတို့ကို ငါးမျှားချိတ်ပမာ ထက်စွာသော ချိတ်တို့ဖြင့် ဆွဲချိတ်၍ ချကုန်၏၊ တစ်ကိုယ်လုံးမှ အသားစိုင်တို့ကို တစ်ကျပ်သား တစ်ကျပ်သားခန့် လှီးချွေချကုန်၏၊ တစ်ကိုယ်လုံး၌ သံဆူးခက်တို့ဖြင့် ရိုက်နှက်ကာ ဆားဆပ်ပြာတို့ဖြင့် ပက်ဖြူးကြကုန်၏၊ တံခါးတိုင်၌ တံခါးကျဉ်လျှို၍ လှည့်သကဲ့သို့ ကိုယ်ကို သံတံကျင်လျှို၍ လှည့်စေကုန်၏၊ အရိုးအားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွစေလျက် ကောက်ရိုးကရွတ် ခွေကဲ့သို့ ပြုလုပ်ကုန်၏၊ အရှင်လတ်လတ် သံတံကျင် လျှိုကြကုန်၏၊ သန်လျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်ကြကုန်၏၊ ထိုသူတို့သည် ထိုနေရာ၌ သေခြင်းသို့လည်း ရောက်ကြကုန်၏၊ သေလောက်သော ဆင်းရဲဒုက္ခသို့လည်း ရောက်ကြကုန်၏။ မဟာနာမ် ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင်တည်ရာရှိသော ကာမတို့ကြောင့်သာလျှင် ဖြစ်သည့် မျက်မှောက် ဆင်းရဲအစုဖြစ်သော ကာမတို့၏ အပြစ်ပေတည်း။

မဟာနာမ် တစ်ဖန်ထို့ပြင်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမတည်ရာ ကာမတို့ကြောင့်သာလျှင် ကိုယ် နှုတ် စိတ်တို့ဖြင့် မကောင်းသော အကျင့် ‘ကာယ ဝစီ မနောဒုစရိုက်’ ကိုပြုကျင့်ပြီးလျှင် ထိုသူတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသူတို့လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကြကုန်၏၊ မဟာနာမ် ဤသည်လည်း ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင် တည်ရာရ္ဂိသော ကာမတို့ကြောင့်သာလျှင်ဖြစ်သည့် တမလွန်ဆင်းရဲ အစုဖြစ်သော ကာမတရားတို့၏ အပြစ်ပေတည်း။

၁၇၉။ မဟာနာမ် ငါသည် အခါတစ်ပါး၌ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေ၏။ ထိုအခါ များစွာသောနိဂဏ္ဌတို့သည် ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ်၌ ထိုင်နေခြင်းကို ပယ်ကြကုန် လျက်မတ်မတ်ရပ် တည်နေကြကုန်၏၊ အားထုတ်မှုကြောင့်ဖြစ်သော ထက်မြက် ကြမ်းတမ်းစပ်ရှားသော ဆင်းရဲဝေဒနာတို့ကို ခံစားကြကုန်၏။ မဟာနာမ် ထိုအခါ ငါသည် ညနေချမ်းအချိန်၌ ကိန်းအောင်းရာမှထလျက် ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ်ရှိ ထိုနိဂဏ္ဌတို့အထံသို့ ချဉ်းကပ်ပြီးသော် “ငါ့သျှင်နိဂဏ္ဌတို့ အဘယ်ကြောင့် သင်တို့သည် ထိုင်နေခြင်းကို ပယ်၍ မတ်မတ်ရပ်တည်နေကြလျက် အားထုတ်ခြင်းကြောင့်ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဒုက္ခဝေဒနာတို့ကို ခံစားကြကုန်သနည်း” ဟုပြောဆို၏။ မဟာနာမ် ဤသို့ ပြောဆိုသော် ထိုနိဂဏ္ဌတို့က ငါ့အား “ငါ့သျှင် နာဋ၏သား နိဂဏ္ဌသည်အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ သွားနေစဉ် ရပ်နေစဉ် အိပ်နေစဉ် နိုးနေစဉ် ဉာဏ်အမြင်သည်ငါ့အား အမြဲမပြတ် ရှေးရှုထင်၏ဟု ဉာဏ်အမြင်အကြောင်းကို အကြွင်းမဲ့ဝန်ခံ၏၊ ထိုနာဋ၏သား နိဂဏ္ဌသည် ‘အိုနိဂဏ္ဌတို့ ရှေး၌ပြုထားသော မကောင်းမှုကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှုကံကို ဤစပ်ရှားလှသည့် ပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းဖြင့် ချေဖျက်ကြကုန်လော့၊ ယခုဘဝ၌ ကိုယ်ဖြင့်စောင့်စည်းခြင်း နှုတ်ဖြင့်စောင့်စည်းခြင်း စိတ်ဖြင့်စောင့်စည်းခြင်းသည်ပင် နောင်ဘဝ၌ မကောင်းမှုကံကို မပြုခြင်းဖြစ်၏၊ ဤသို့လျှင် ကံဟောင်းတို့ကို အကျင့်ဖြင့် ဖျက်ဆီးခြင်း, ကံသစ်တို့ကို မပြုခြင်းကြောင့် နောင်ဘဝ၌ မတိုးပွားခြင်းဖြစ်၏၊ နောင်ဘဝ၌ မတိုးပွားခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခကုန်၏၊ ဆင်းရဲဒုက္ခကုန်ခြင်းကြောင့် ခံစားခြင်းဝေဒနာကုန်၏၊ ဝေဒနာကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်းလတ္တံ့’ဟု ဆို၏။ ထိုစကားကို ငါတို့သည် ကျေနပ်လည်း ကျေနပ်ကုန်၏၊ နှစ်သက်လည်း နှစ်သက်ကြကုန်၏၊ ထိုစကားဖြင့်လည်း ဝမ်းမြောက်ကြကုန်၏” ဟု ငါ့အား ပြောဆိုကြကုန်၏။

၁၈ဝ။ မဟာနာမ် ဤသို့ပြောဆိုသော် ငါသည် ထိုနိဂဏ္ဌတို့အား— “ငါ့သျှင် နိဂဏ္ဌတို့ ‘ငါတို့သည်ရှေးက ဖြစ်ဖူးကြကုန်သည်သာ၊ မဖြစ်ဖူးကြကုန်သည် မဟုတ်’ဟု သင်တို့ သိကြကုန်သလော” ဟုမေးမြန်းခဲ့၏၊ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။ “ငါ့သျှင် နိဂဏ္ဌတို့ ‘ငါတို့သည် ရှေးက မကောင်းမှုကံ့ကို ပြုခဲ့ဖူးသည်သာ၊ မပြုခဲ့ကြဖူးသည် မဟုတ်’ဟု သင်တို့ သိကြကုန်သလော” ဟု (မေးမြန်းခဲ့၏) ငြါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။ “ငါ့သျှင် နိဂဏ္ဌတို့ ‘ဤသို့ ဤသို့သော မကောင်းမှုကံကိုပြုခဲ့ကြဖူးကုန်ပြီ’ဟု သင်တို့ သိကြကုန်သလော” ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။ “ငါ့သျှင် နိဂဏ္ဌတို့ ‘ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသောဆင်းရဲဒုက္ခကို ချေဖျက်ရ ဦးမည်၊ ဤမျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခ အလုံးစုံသည်ကျေပျက်လတ္တံ့’ဟု သင်တို့ သိကြကုန်သလော” ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။ “ငါ့သျှင်နိဂဏ္ဌတို့ မျက် မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်းကို ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သင်တို့ သိကြကုန်သလော” ဟု (မေးမြန်းခဲ့၏)။ ငါ့သျှင် မသိကြပါဟု (ဆိုကြကုန်၏)။

“ငါ့သျှင် နိဂဏ္ဌတို့ ‘ဤသို့လျှင် ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာ၊ မဖြစ်ခဲ့ကြဖူးသည်မဟုတ်’ဟု သင်တို့ မသိကြကုန်။ ငါတို့သည် ‘ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာ၊ မပြုခဲ့ကြဖူး သည် မဟုတ်ကုန်’ဟု မသိကြကုန်။ ‘ဤသို့ ဤသို့သော မကောင်းမှုကံကိုပြုခဲ့ကြဖူးကုန်ပြီ’ဟု မသိ ကြကုန်။ ‘ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသောဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤ မျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည်ကျေပျက်လတ္တံ့’ဟု မသိကြကုန်။ မျက် မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်းကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို မသိကြ ကုန်။ ငါ့သျှင် နိဂဏ္ဌတို့ ဤသို့ဖြစ်သော် လောက၌ကြမ်းတမ်းသူ သွေးစွန်းသောလက်ရှိသူ ကြမ်းကြုတ် သောအမှုရှိသူတို့သည် လူဖြစ်လာကုန်လျက်နိဂဏ္ဌတို့၌ ရှင်ရဟန်းပြုကြလေကုန်ယောင်တကား” ဟု (မေး တော်မူ၏)။

ငါ့သျှင်ဂေါတမ ချမ်းသာ ‘သုခ’ ဖြင့် ချမ်းသာသုခကို မရနိုင်၊ ဆင်းရဲ ‘ဒုက္ခ’ ဖြင့်သာ ချမ်းသာ ‘သုခ’ ကိုရနိုင်၏။ ငါ့သျှင်ဂေါတမ သုခဖြင့် သုခကို ရနိုင်ငြားအံ့၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သောဗိမ္ဗိသာရမင်းသည် သုခကို ရရာ၏၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည်အသျှင်ဂေါတမထက် သာလွန်၍ ချမ်းချမ်းသာသာ နေရရာ၏ဟု (ဆိုကြကုန်၏)။

“အသျှင်နိဂဏ္ဌတို့သည် ‘ငါ့သျှင်ဂေါတမ သုခဖြင့် သုခကို မရနိုင်၊ ဒုက္ခဖြင့်သာ သုခကို ရနိုင်၏။ ငါ့သျှင်ဂေါတမ သုခဖြင့် သုခကို ရနိုင်ငြားအံ့၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်း သည်သုခကို ရရာ၏၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် အသျှင်ဂေါတမ ထက်သာလွန်၍ ချမ်းချမ်းသာသာ နေရ၏’ဟု တစ်ဖက်သတ်အားဖြင့် အဆောတလျှင် မဆင်ခြင်ဘဲ စကားကိုပြောဆိုမိကြ၏။ စင်စစ်ကား ဤအရာ၌ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရ မင်းနှင့်အသျှင်ဂေါတမတို့တွင် အဘယ်သူသည် သာလွန်၍ ချမ်းချမ်းသာသာ နေရသနည်း” ဟု ငါ့ကိုသာလျှင်ပြန်၍ မေးသင့်ပေ၏ဟု (မိန့်တော်မူ၏)။

“ငါ့သျှင်ဂေါတမ ငါတို့သည် သုခဖြင့် သုခကို မရနိုင်၊ ဒုက္ခဖြင့် သုခကို ရနိုင်၏၊ ငါ့သျှင်ဂေါတမ သုခဖြင့်သုခကို ရနိုင်ငြားအံ့၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် သုခကို ရရာ၏၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် အသျှင်ဂေါတမထက် သာလွန်၍ချမ်းချမ်းသာသာ နေရရာ၏” ဟု တစ်ဖက်သတ်အားဖြင့် အဆောတလျှင် မဆင်ခြင်ဘဲ စကားကို ပြောဆိုမိကြ၏။ စင်စစ်မူ ဤစကားသည် တည်ရှိစေဦး။ ယခုပင် ငါတို့သည် မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းနှင့် အသျှင်ဂေါတမတို့တွင် အဘယ်သူသည် သာလွန်၍ ချမ်းချမ်းသာသာ နေရသနည်းဟု အသျှင်ဂေါတမအား မေးမြန်းကြပါကုန်၏” ဟု (ဆိုကြကုန်၏)။

“ငါ့သျှင် နိဂဏ္ဌတို့ သို့ဖြစ်လျှင် ထိုအရာ၌ သင်တို့ကိုသာလျှင် ပြန်မေးအံ့၊ သင်တို့ သဘောကျသည့်အတိုင်း ဖြေကြားကြကုန်လော့။ ငါ့သျှင်နိဂဏ္ဌတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ့မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းသည် ကိုယ်ကို မလှုပ်ရှားဘဲစကားမပြောဆိုဘဲ ခုနစ်ရက်တို့ပတ်လုံး ချမ်းသာသက်သက်ချည်း ခံစားလျက် နေရန်စွမ်းနိုင်အံ့လော” ဟု (မေးတော်မူ၏)။ ငါ့သျှင် မစွမ်းနိုင်ပါဟု (ဆိုကြကုန်၏)။

“ငါ့သျှင်နိဂဏ္ဌတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ မဂဓတိုင်းကို အစိုးရသော သေနိယမည်သောဗိမ္ဗိသာရမင်းသည် ကိုယ်ကို မလှုပ်ရှားဘဲ စကားမပြောဆိုဘဲ ခြောက်ရက်တို့ပတ်လုံး။ပ။ ငါးရက်တို့ပတ်လုံး။ လေးရက်တို့ပတ်လုံး။ သုံးရက်တို့ပတ်လုံး။ နှစ်ရက်တို့ပတ်လုံး။ တစ်ရက်ပတ်လုံး ချမ်းသာသက်သက်ချည်း ခံစားလျက် နေရန် စွမ်းနိုင်အံ့လော” ဟု (မေးတော်မူ၏)။ ငါ့သျှင် မစွမ်းနိုင်ပါဟု (ဆိုကြကုန်၏)။

“ငါ့သျှင်နိဂဏ္ဌတို့ ငါသည် ကိုယ်ကို မလှုပ်ရှားဘဲ စကားမပြောဆိုဘဲ တစ်ရက်ပတ်လုံး ချမ်းသာသက်သက်ချည်း ခံစားလျက်နေရန် စွမ်းနိုင်၏။ ငါ့သျှင်နိဂဏ္ဌတို့ ငါသည် ကိုယ်ကို မလှုပ်ရှားဘဲစကားမပြောဆိုဘဲ နှစ်ရက်တို့ပတ်လုံး။ သုံးရက်တို့ပတ်လုံး။ လေးရက်တို့ပတ်လုံး။ ငါးရက်တို့ပတ်လုံး။ ခြောက်ရက်တို့ ပတ်လုံး။ ခုနစ်ရက်တို့ပတ်လုံး ချမ်းသာသက်သက်ချည်း ခံစားလျက် နေရန် စွမ်းနိုင်၏။ ငါ့သျှင်နိဂဏ္ဌတို့ အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ဤသို့ဖြစ်သော် မဂဓတိုင်းကို အစိုးရသောသေနိယမည်သော ဗိမ္ဗိသာရမင်းနှင့် ငါတို့တွင် အဘယ်သူသည် သာလွန်၍ ချမ်းချမ်းသာသာ နေရသနည်းဟု (မေးတော်မူ၏)။

ဤသို့ဖြစ်သော် မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းထက် အသျှင်ဂေါတမကသာ သာလွန်၍ ချမ်းချမ်းသာသာ နေရပါ၏ဟု (ဆိုကြကုန်၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ သာကီဝင်မင်းသား မဟာနာမ်သည် မြတ်စွာ ဘုရားဟောတော်မူသော တရားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

လေးခုမြောက် စူဠဒုက္ခက္ခန္ဓသုတ်ပြီး၏။