မဇ္ဈိမနိကာယ်

၁ဝ— ဓာတုဝိဘင်္ဂသုတ်

၃၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသော် ရာဇဂြိုဟ် ပြည်သို့ ဆိုက်ရောက်တော်မူ၍ ဘဂ္ဂဝမည်သော အိုးထိန်းသည်ထံသို့ ချဉ်းကပ်ပြီးလျှင် ဘဂ္ဂဝမည်သော အိုးထိန်းသည်ကို “ဘဂ္ဂဝ အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏”ဟု ဤစကားကို မိန့်တော်မူ၏။ မြတ်စွာဘုရား ဝန်မလေးပါ၊ ဤအိုးလုပ်ရာ တင်းကုပ်၌ ရှေးဦးစွာ နေထိုင်ကပ်ရောက်နှင့်သော ရဟန်းသည် ရှိပါသေး၏၊ ထိုရှေးဦးစွာ နေနှင့်သော ရဟန်းသည် အကယ်၍ ခွင့်ပြုမူ မြတ်စွာဘုရား ချမ်းသာသလို နေတော်မူပါလော့ဟု (လျှောက်၏)။

ထိုအခါ ပုက္ကုသာတိမည်သော အမျိုးကောင်းသားသည် မြတ်စွာဘုရားကို ရည်ရွယ်၍ သဒ္ဓါယုံကြည် လျက် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကပ်ရောက်ခဲ့၍ ထိုအိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်၌ ရှေးဦးစွာ နေထိုင်ကပ် ရောက်နှင့်၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ပုက္ကုသာတိထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် ပုက္ကုသာတိကို “ရဟန်း အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏”ဟု ဤစကားကို မိန့်တော်မူ၏။ ငါ့သျှင် အိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်သည် ကျယ်ပြန့်ပါ၏၊ အသျှင်သည် ချမ်းသာသလို နေတော်မူပါလော့ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အိုးထိန်းသည်၏ အိုးလုပ်ရာ တင်းကုပ်သို့ ဝင်၍ တစ်ခုသော နေရာ၌ မြက်အခင်းကို ခင်းပြီးလျှင် တင်ပလ္လင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှူ သတိကို ဖြစ်စေ၍ ထိုင်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် ညဉ့်အချိန်များစွာကို ထိုင်ခြင်းဖြင့် လွန်စေ၏၊ အသျှင်ပုက္ကုသာတိသည်လည်း ညဉ့်အချိန်များစွာကို ထိုင်ခြင်းဖြင့် လွန်စေ၏။

ထိုအခါ မြတ်စွာဘုရားအား “ဤအမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကို ဆောင်နိုင်သော ဣရိယာ ပုထ်ကို ဖြစ်စေ၏၊ ငါသည် အကယ်၍ မေးရမူ ကောင်းပေစွ”ဟု ဤသို့ စိတ်အကြံဖြစ်၏။ ထို့နောက်၌ မြတ်စွာဘုရားသည် အသျှင်ပုက္ကုသာတိကို “ရဟန်း သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသ နည်း၊ အဘယ်သူသည် သင်၏ ဆရာဖြစ်သနည်း၊ အဘယ်သူ၏ တရားကို သင်နှစ်သက်သနည်း”ဟု ဤစကားကို မိန့်တော်မူ၏၊ ငါ့သျှင် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် ရှိ၏၊ ထိုအသျှင် ဂေါတမ၏ ကောင်းသော ကျော်စောသံသည် ဤသို့ ဘဝဂ်မဆံ့ ပျံ့နှံ့၍ ထွက်၏—“ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း့’အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္ဒ’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု ပျံ့နှံ့၍ ထွက်၏။ အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်း ပြု၏၊ ထိုမြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာဖြစ်ပါ၏၊ အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၏ တရားကို နှစ်သက်ပါ၏ဟု (ပြောဆို၏)။

ရဟန်း ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်မှာ နေတော်မူသနည်းဟု (မေးတော်မူ၏)။ ငါ့သျှင် ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ ယခုအခါ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် နေ တော်မူ၏ဟု (ပြောဆို၏)။ ရဟန်း သင်သည် ထိုမြတ်စွာဘုရားကို မြင်ဖူး၏လော၊ စင်စစ် မြင်သော် သိပါ အံ့လောဟု (မေး၏)။ ငါ့သျှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မမြင်ဖူးပါ၊ စင်စစ် မြင်သော်လည်း မသိရာပါဟု (ပြောဆို၏)။

ထိုအခါ မြတ်စွာဘုရားအား “ဤအမျိုးကောင်းသားသည် ငါ့ကိုသာလျှင် ရည်မှန်း၍ ရဟန်းပြုခဲ့၏၊ ထိုအမျိုးကောင်းသားအား ငါသည် တရားဟောရမူ ကောင်းပေမည်”ဟု ဤသို့ စိတ်အကြံ ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ပုက္ကုသာတိကို “ရဟန်း သင့်အား တရားဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့”ဟု မိန့်တော်မူ၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်ပုက္ကုသာတိသည် မြတ်စွာဘုရားအား ပြန်ကြားပြောဆို၏။ မြတ်စွာဘုရားသည် ဤသို့သော စကားကို မိန့်တော်မူ၏—

၃၄၃။ ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏၊ ခြောက်ပါးသော ဖဿာယတန ရှိ၏၊ တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏၊ လေးပါးသော တည်ရာရှိ၏၊ ယင်းတည်ရာ လေးပါးတို့၌ တည်သောပုဂ္ဂိုလ်သတ္တဝါအား ထင်မှတ်ခြင်းဟူသော ယိုစီးခြင်း ‘အာသဝေါ’ တို့သည် မဖြစ် ကုန်။ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်း ‘အာသဝေါ’ မဖြစ်သော် ကိလေသာ ငြိမ်းသော ရဟန်း ဟူ၍ ဆိုရ၏၊ ဝိပဿနာ ပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏။ ကိလေသာစွန့်ခြင်းကို အားထုတ် ရာ၏၊ ထိုရဟန်းသည် ကိလေသာ ငြိမ်းအေးမှုကိုသာလျှင် ကျင့်ရာ၏။ ဤကား ဓာတုဝိဘင်္ဂသုတ်၏ အကျဉ်း ‘ဥဒ္ဒေသ’ တည်း။

၃၄၄။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ရဟန်း ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဓာတ်တို့သည် ဤခြောက်ပါးတို့တည်း။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ဓာတ် ခြောက်ပါးရှိ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။

၃၄၅။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ခြောက်ပါးသော ဖဿာယတန ရှိ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ စက္ခုသမ္ဖဿာယတန သောတသမ္ဖဿာယတန ဃာနသမ္ဖဿာယတန ဇိဝှါသမ္ဖဿာယတန ကာယသမ္ဖဿာယတန မနောသမ္ဖဿာယတနသည် ရှိ၏။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် ခြောက်ပါးသော ဖဿာယတန ရှိ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။

၃၄၆။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ မျက်စိဖြင့် အဆင်းရူပါရုံကို မြင်၍ သောမနဿ၏အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင် သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နံ၍။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်၍။ ကိုယ်ဖြင့် အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိ၍။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိ၍ သောမနဿ၏ အကြောင်း ဖြစ်သော သဘော ‘ဓမ္မာရုံ’ ကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော သဘော’ဓမ္မာရုံ’ကို ဆင်ခြင်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော သဘော’ဓမ္မာရုံ’ကို ဆင်ခြင်သုံးသပ်၏။ ဤသို့ သောမနဿ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း၊ ဒေါမနဿ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း၊ ဥပေက္ခာ၏ အကြောင်းဖြစ်ကုန်သော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်းတို့သည် ခြောက်ပါးတို့တည်း။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် တစ်ဆယ့်ရှစ်ပါးသော စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ရှိ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။

၃၄၇။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် လေးပါးသော တည်ရာရှိ၏” ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ပညာဟူသော တည်ရာ၊ သစ္စာဟူသော တည်ရာ၊ ကိလေသာကို စွန့်ခြင်း ဟူသော တည်ရာ၊ ကိလေသာငြိမ်းခြင်းဟူသော တည်ရာသည် ရှိ၏။ “ရဟန်း ဤပုဂ္ဂိုလ်သတ္တဝါသည် လေးပါးသော တည်ရာရှိ၏” ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆို၏။

၃၄၈။ “ဝိပဿနာပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏၊ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏၊ ကိလေသာငြိမ်းခြင်းကိုသာလျှင် ကျင့်ရာ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုသနည်း။ ရဟန်း အဘယ်သို့လျှင် ဝိပဿနာပညာကို မမေ့မလျော့သနည်း။ ရဟန်း ဓာတ်တို့သည် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်အားဖြင့် ဤခြောက်ပါးတို့ တည်း။

၃၄၉။ ရဟန်း မြေ ‘ပထဝီ’ ဓာတ်ဟူသည် အဘယ်နည်း။ မြေ ‘ပထဝီ’ ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်ဟူ သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်းတမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်တည်း။ ဤရုပ်ဟူသည် အဘယ်နည်း၊ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့၊ နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်, အစာဟောင်း၊ ဤဆိုခဲ့ပြီးမှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ခက်မာကြမ်း တမ်းခြင်းသို့ ရောက်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်ဟူ၍ ဆိုရ၏။

အတွင်းသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော မြေ ‘ပထဝီ’ ဓာတ်သည်လည်းကောင်း မြေ ‘ပထဝီ’ ဓာတ်သာပင်တည်း။ မြေ ‘ပထဝီ’ ဓာတ်ကို “ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါပိုင် မဟုတ်၊ ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါမဟုတ်၊ ဤမြေ ‘ပထဝီ’ ဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤမြေ ‘ပထဝီ’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏၊ ဤသို့ ဤမြေ ‘ပထဝီ’ ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော့်မြေ ‘ပထဝီ’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် မြေ ‘ပထဝီ’ဓာတ်၌ တပ်ခြင်းကင်း၏။

၃၅ဝ။ ရဟန်း ရေ ‘အာပေါ’ ဓာတ်သည် အဘယ်နည်း။ ရေ ‘အာပေါ’ ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော ရေ ‘အာပေါ’ ဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ရေ ရေအပါ အဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇ ရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်း သန္တာန်၌ ဖြစ်သော ရေ ‘အာပေါ’ ဓာတ်ဟူ၍ ဆိုရ၏။

အတွင်းသန္တာန်၌ဖြစ်သော ရေ ‘အာပေါ’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော ရေ ‘အာပေါ’ဓာတ်သည်လည်းကောင်း ရေ ‘အာပေါ’ ဓာတ်သာပင်တည်း။ ထိုရေ ‘အာပေါ’ ဓာတ်ကို “ဤရေ ‘အာပေါ’ ဓာတ်သည် ငါပိုင်မဟုတ်၊ ဤရေ ‘အာပေါ’ ဓာတ်သည် ငါမဟုတ်၊ ဤရေ ‘အာပေါ’ဓာတ် သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ ဤရေ ‘အာပေါ’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာ ပညာဖြင့် ရှုသင့်၏။ ဤသို့ ဤရေ ‘အာပေါ’ ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် ရေ ‘အာပေါ’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် ရေ ‘အာပေါ’ ဓာတ်၌ တပ်ခြင်းကင်း၏။

၃၅၁။ ရဟန်း အပူအအေး ‘မီး’ ဓာတ်သည် အဘယ်နည်း။ အပူအအေး ‘မီး’ ဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး ‘မီး’ ဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး ‘မီး’ အပူအအေး ‘မီး’ အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ် နည်း၊ အကြင် အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း ပြင်းစွာ ပူ၏၊ အကြင်အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း ဆွေးမြည့်ရင့်ကျက်၏၊ အကြင်အပူအအေး ‘မီး’ဓာတ်ဖြင့်လည်း ထက်ဝန်းကျင်လောင်၏၊ အကြင်အပူအအေး ‘မီး’ ဓာတ်ဖြင့်လည်း စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာသည် ကောင်းစွာ ကျေကျက် ခြင်းသို့ ရောက်၏၊ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ် သော ကိုယ်ကို စွဲ၍ဖြစ်သော အပူအအေး ‘မီး’ အပူအအေး ‘မီး’အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး ‘မီး’ ဓာတ်ဟူ၍ ဆိုရ၏။

အတွင်းသန္တာန်၌ဖြစ်သော အကြင်အပူအအေး ‘မီး’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော အကြင် အပူအအေး ‘မီး’ ဓာတ်သည်လည်းကောင်း အပူအအေး ‘မီး’ ဓာတ်သာလျှင်တည်း။ “ဤအပူအ အေး ‘မီး’ ဓာတ်သည် ငါပိုင် မဟုတ်၊ ဤအပူအအေး ‘မီး’ ဓာတ်သည် ငါမဟုတ်၊ ဤအပူအအေး ‘မီး’ ဓာတ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ အပူအအေး ‘မီး’ ဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ အပူအအေး ‘မီး’ ဓာတ်ကို ကောင်းသောဝိပဿနာပညာဖြင့် အမှန် အတိုင်း ရှုမြင်သော် အပူအအေး ‘မီး’ ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အပူအအေး ‘မီး’ ဓာတ်၌ တပ်ခြင်း ကင်း၏။

၃၅၂။ ရဟန်း လေဓာတ်သည် အဘယ်နည်း။ လေဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို ့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေဓာတ် လေဓာတ်အပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ် သော ကမ္မဇရုပ်သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း၊ အထက်သို့ တက်သောလေ, အောက်သို့ သက် သောလေ, ဝမ်း၌ တည်သောလေ, အူအတွင်း၌ တည်သောလေ, အင်္ဂါကြီးငယ်သို့အစဉ်လျှောက်သောလေ, ထွက်သက် ဝင်သက်လေ၊ ဤလေတို့ပင်တည်း။ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော လေ လေအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ဖြစ်သော လေဓာတ်ဟူ၍ ဆိုအပ်၏။

အတွင်းသန္တာန်၌ဖြစ်သော လေဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော လေဓာတ်သည်လည်းကောင်း လေဓာတ်သာလျှင်တည်း။ “ဤလေဓာတ်သည် ငါပိုင် မဟုတ်၊ ဤလေဓာတ်သည် ငါ မဟုတ်၊ ဤလေဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ လေဓာတ်ကို အမှန်အတိုင်း ကောင်းသော ဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ ဤလေဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် လေဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် လေဓာတ်၌ တပ်ခြင်းကင်း၏။

၃၅၃။ ရဟန်း အာကာသဓာတ်သည် အဘယ်နည်း။ အာကာသဓာတ် သည် အချို့ အတွင်းသန္တာန် ၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ ရဟန်း အတွင်းသန္တာန်၌ဖြစ်သော အာကာသဓာတ်သည် အဘယ်နည်း။ မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ ဟင်းလင်းအပြင် ကောင်းကင် အာကာသအပါအဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ် သည် ရှိ၏။ ဤရုပ်သည် အဘယ်နည်း။ နားပေါက် နှာခေါင်းပေါက် ခံတွင်းပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာကို မျိုရာ အပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ တည်ရာအပေါက် စားအပ် သောက်အပ် ခဲအပ် လျက်အပ်သောအစာ အောက်အဘို့သို့ ထွက်ရာအပေါက် တို့တည်း။ ဤဆိုခဲ့ပြီးသည်မှ တစ်ပါးလည်းဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိ၌ စွဲ၍ဖြစ်သော ကိုယ်ကို စွဲ၍ဖြစ်သော ဟင်းလင်းအပြင် ကောင်းကင်အာကာသ ဟင်းလင်းအပြင် ကောင်းကင်အာကာ အပါအဝင်ဖြစ်သော ရေးခြစ်မထင် ကောင်းကင်အာကာသ ကောင်းကင်အာကာသ၌ အတွင်းဝင်သော ဟင်းလင်းအပေါက် ဟင်းလင်းအပေါက်၌ အတွင်းဝင်သော အသားအသွေးတို့ဖြင့် မတွေ့ထိသော တဏှာဒိဋ္ဌိ တို့ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်သည် ရှိ၏။ ရဟန်း ဤရုပ်စုကို အတွင်းသန္တာန်၌ ဖြစ်သော အာကာသ ဓာတ်ဟူ၍ ဆိုအပ်၏။

အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည်လည်းကောင်း အပသန္တာန်၌ဖြစ်သော အာကာသ ဓာတ်သည်လည်းကောင်း အာကာသဓာတ်ချည်းပင်တည်း။ “ဤအာကာသဓာတ်သည် ငါပိုင် မဟုတ်၊ ဤအာကာသဓာတ်သည် ငါမဟုတ်၊ ဤအာကာသဓာတ်သည် ငါ၏ အတ္တမဟုတ်”ဟု ဤသို့ အာကာသ ဓာတ်ကို အမှန်အတိုင်း ကောင်းသောဝိပဿနာပညာဖြင့် ရှုသင့်၏။ ဤသို့ အာကာသဓာတ်ကို ကောင်း သော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် အာကာသဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အာကာသ ဓာတ်၌ တပ်ခြင်းကင်း၏။

၃၅၄။ ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ဖြူစင်သော ဝိညာဏ်သည်သာလျှင် ကြွင်း ကျန်၏။ ထိုဝိညာဏ်ဖြင့် အဘယ်ကို သိသနည်း။ ချမ်းသာဟူ၍လည်း သိ၏၊ ဆင်းရဲဟူ၍လည်း သိ၏၊ ဥပေက္ခာဟူ၍လည်း သိ၏၊ ရဟန်း သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထို ဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ်သော, သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၅။ ရဟန်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို့ဖြစ်စေတတ်သော ဒုက္ခ ဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၆။ ရဟန်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်း ဝေဒနာကိုဖြစ်စေတတ်သော, ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၇။ ရဟန်း ဥပမာအားဖြင့် နှစ်ချောင်းကုန်သော ထင်းတို့၏ ထိခိုက်ခြင်း ပေါင်းဆုံခြင်းကြောင့် အငွေ့ဖြစ်ပေါ်၏၊ မီးဖြစ်ပေါ်၏၊ ထိုနှစ်ချောင်းကုန်သော ထင်းတို့၏သာလျှင် ( မထိခိုက်ဘဲ ) အသီးအသီး တခြားစီ ဖြစ်ခြင်းကြောင့် ကင်းခြင်းကြောင့် ထိုထင်းအားလျော်စွာဖြစ်သော အငွေ့သည် ချုပ်သကဲ့သို့ ငြိမ်းသကဲ့သို့ ဤဥပမာအတူသာလျှင် သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ သုခဝေဒနာသည် ဖြစ်၏၊ ထိုသူသည် သုခဝေဒနာကို ခံစားသည်ရှိသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ်သော, သုခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော သုခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၈။ ရဟန်း ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိုစွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏၊ ထိုသူ သည် ဒုက္ခဝေဒနာကို ခံစားသည်ရှိသော် ငါ ဒုက္ခဝေဒနာကို ခံစား၏ဟု သိ၏၊ ဒုက္ခဝေဒနာ၏ အကြောင်း ဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော, ခံစားခြင်းဝေဒနာကို ဖြစ်စေတတ် သော, ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဒုက္ခဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၅၉။ ရဟန်း ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကိုစွဲ၍ ဥပေက္ခာဝေဒနာသည် ဖြစ်၏၊ ထိုသူသည် ဥပေက္ခာဝေဒနာကို ခံစားသည်ရှိသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဥပေက္ခာ ဝေဒနာ၏ အကြောင်းဖြစ်သော ထိုဖဿ၏သာလျှင် ချုပ်ခြင်းကြောင့် ထိုဖဿအားလျော်သော ခံစားခြင်း ဝေဒနာကို ဖြစ်စေတတ်သော ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော ဖဿကို စွဲ၍ ဖြစ်ပေါ်ခဲ့သော ဥပေက္ခာဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ဟု သိ၏။

၃၆ဝ။ ထိုမှတစ်ပါး ထက်ဝန်းကျင် စင်ကြယ်သော ထက်ဝန်းကျင် ဖြူစင်သော စတုတ္ထဈာန် ဥပေက္ခာသည်သာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုး ပြက် အရောင်လည်း ရှိ၏။ ရဟန်း ဥပမာအားဖြင့် လိမ္မာကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ဖိုကို ဖွဲ့စီရင်ရာ၏၊ ဖိုကို ဖွဲ့စီရင်၍ ဖိုဝကို လိမ်းကျံရာ၏၊ ဖိုဝကို လိမ်းကျံ၍ ညှပ်ဖြင့် ရွှေကို ကိုင်၍ ဖိုဝ၌ ထားရာ၏။ ထိုရွှေကို ရံခါရံခါ မှုတ်ရာ၏၊ ရံခါရံခါ ရေဖြင့် ဖျန်းရာ၏၊ ရံခါရံခါ ရှုရာ၏၊ ဦးပြီးသော လှော်ပြီးသော ထင်ရှားသောအပြစ် သိမ်မွေ့ သောအပြစ်ကင်းသော ထိုရွှေသည် နူးညံ့လည်း နူးညံ့၏။ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုးပြက် အရောင်လည်း ထွက်၏၊ ရွှေပြားအတွက်ဖြစ်စေ၊ နားတောင်းအတွက်ဖြစ်စေ၊ လည်ရွဲတန်ဆာအတွက် ဖြစ်စေ၊ ရွှေပန်းခိုင်အတွက်ဖြစ်စေ မည်သည့်တန်ဆာ ပြုလုပ်ရန်မဆို တန်ဆာအထူးကို အလိုရှိငြားအံ့၊ ထို ရွှေပန်းထိမ်သည်အား ထိုထိုအကျိုးကို ခံစားရသကဲ့သို့၊ ဤဥပမာအတူသာလျှင် ထက်ဝန်းကျင် စင်ကြယ် သော ထက်ဝန်းကျင် ဖြူစင်သော ဥပေက္ခာသည်သာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့လည်း နူးညံ့၏၊ ပြုလုပ်လိုရာလည်း ရ၏၊ ပြိုးပြိုးပြက် အရောင်လည်း ရှိ၏။

၃၆၁။ ထိုသူသည် ဤသို့ သိ၏ “ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်း့ကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန်ဥပေက္ခာကို အာကာသာနဉ္စာယတနဈာန်သို့ အကယ်၍ ဆောင် ငြားအံ့၊ ထိုအာကာသာနဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုအာကာသာနဉ္စာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုအာကာသာနဉ္စာ ယတနဈာန်ကို စွဲလမ်းသည် ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏။

ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို ဝိညာဏဉ္စာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုဝိညာဏဉ္စာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုဝိညာဏဉ္စာယတနဈာန်ကို မှီသည် ဖြစ်၍ ထိုဝိညာဏဉ္စာယတနဈာန်ကို စွဲလမ်းသည်ဖြစ်၍ ရှည်မြင့်စွာ သော ကာလပတ်လုံး တည်ရာ၏။

ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို အာကိဉ္စညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကိဉ္စညာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုအာကိဉ္စညာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုအာကိဉ္စညာယတနဈာန်ကို စွဲလန်းသည်ဖြစ်၍ ရှည်မြင့်စွာ သော ကာလပတ်လုံး တည်ရာ၏။

ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုနေဝသညာ နာသညာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤသို့ ပွါးသော် ငါ၏ ဤဥပေက္ခာသည် ထိုနေဝသညာနာ သညာယတနဈာန်ကို မှီသည်ဖြစ်၍ ထိုနေဝသညာနာသညာယတန ဈာန်ကို စွဲလမ်းသည်ဖြစ်၍ ရှည်မြင့်စွာသော ကာလပတ်လုံး တည်ရာ၏”ဟု ( သိ၏ )။

၃၆၂။ ထိုသူသည် ဤသို့သိ၏ “ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်း ကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို အာကာသာနဉ္စာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကာသာနဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤ အာကာသာနဉ္စာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန်ဥပေက္ခာကို ဝိညာဏဉ္စာ ယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုဝိညာဏဉ္စာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ် ကိုလည်း ပွါးငြားအံ့၊ ဤဝိညာဏဉ္စာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို အာကိဉ္စညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုအာကိဉ္စညာယတန ဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤအာကိဉ္စညာ ယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း။ ငါသည် ဤသို့ထက်ဝန်းကျင် စင်ကြယ်သော ဤသို့ ထက်ဝန်းကျင် ဖြူစင်သော ဤရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ အကယ်၍ ဆောင်ငြားအံ့၊ ထိုနေဝသညာနာသညာယတနဈာန်သို့ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးငြားအံ့၊ ဤနေဝသညာ နာသညာယတနဈာန်သည် ပြုပြင်အပ်သော ‘သင်္ခတ’ တရားတည်း”ဟု ( သိ၏ )။

ထိုသူသည် ကြီးပွါးခြင်းငှါလည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါလည်းကောင်း ထိုရူပါဝစရစတုတ္ထဈာန် ဥပေက္ခာကို မပြုပြင် မစေ့ဆော်၊ ထိုသူသည် ကြီးပွါးခြင်းငှါလည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါလည်းကောင်း မတောင့်တ မပြုပြင် မစေ့ဆော်သော် လောက၌ တစ်စုံတစ်ခုကိုမျှ မစွဲလမ်း၊ မစွဲလမ်းသောသူသည် မတောင့်တ၊ မတောင့်တသောသူသည် အသီးအခြားသာလျှင် ပရိနိဗ္ဗာန် ပြုရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံး ပြီးပြီ၊ ( မဂ် )ကိစ္စကို ပြုပြီးပြီ၊ ဤ( မဂ် )ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ”ဟု သိ၏။

၃၆၃။ ထိုသူသည် သုခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုသုခဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏၊ ဒုက္ခဝေဒနာကို အကယ်၍ ခံစားအံ့၊ ထို ဒုက္ခဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။ ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားအံ့၊ ထိုဥပေက္ခာဝေဒနာသည် အမြဲမရှိ ‘အနိစ္စ’ဟု သိ၏၊ မျိုသိပ်၍ မထားအပ်ဟု သိ၏၊ မနှစ်သက်အပ်ဟု သိ၏။

၃၆၄။ ထိုသူသည် သုခဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုသုခဝေဒနာကို ရာဂါနုသယနှင့် မယှဉ် ဘဲသာလျှင် ခံစား၏။ ဒုက္ခဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုဒုက္ခဝေဒနာကို ပဋိဃာနုသယနှင့် မယှဉ် ဘဲသာလျှင် ခံစား၏။ ဥပေက္ခာဝေဒနာကို အကယ်၍ ခံစားခဲ့လျှင် ထိုဥပေက္ခာဝေဒနာကို အဝိဇ္ဇာနုသယနှင့် မယှဉ်ဘဲသာလျှင် ခံစား၏။ ထိုရဟန္တာပုဂ္ဂိုလ်သည် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား သည်ရှိသော် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစားသည်ရှိသော် အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက် အသက်ကုန်ဆုံးသည်မှအထက်၌ ဤအာယတန တစ်ဆယ့်နှစ်ပါးတို့၌သာ လျှင် မနှစ်သက်အပ်သော ခံစားမှုဝေဒနာအလုံးစုံ ချုပ်ငြိမ်းကုန်လတ္တံ့ဟု သိ၏။

၃၆၅။ ရဟန်း ဥပမာအားဖြင့် ဆီကိုလည်း စွဲ၍ မီးစာကိုလည်း စွဲ၍ ဆီမီးသည် တောက်ပ၏၊ ထိုဆီ၏လည်းကောင်း၊ ထိုမီးစာ၏လည်းကောင်း ကုန်ခြင်းကြောင့် တစ်ပါးသောဝတ္ထုကိုလည်း မစွဲယူခြင်း ကြောင့် အကြောင်းကင်း၍ ငြိမ်းသကဲ့သို့၊ ဤဥပမာအတူသာလျှင် ခန္ဓာကိုယ်လျှင် အဆုံးဖြစ်သော ဝေဒနာ ကို ခံစားသည်ရှိသော် ခန္ဓာကိုလျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ အသက်လျှင် အဆုံး ဖြစ်သော ဝေဒနာကို ခံစားသည်ရှိသော် အသက်လျှင် အဆုံးဖြစ်သော ဝေဒနာကို ခံစား၏ဟု သိ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက် အသက်ကုန်ဆုံးသည်မှ အထက်၌ ဤအာယတန တစ်ဆယ့် နှစ်ပါးတို့၌သာလျှင် မနှစ်သက်အပ်သော ခံစားမှု ဝေဒနာအလုံးစုံသည် ချုပ်ငြိမ်းကုန်လတ္တံ့ဟု သိ၏။ ထိုကြောင့် ဤသို့ ( ဆိုခဲ့တိုင်း ) ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤအရဟတ္တဖိုလ် ပညာ ဟူသော တည်ရာနှင့် ပြည့်စုံ၏။ ရဟန်း ခပ်သိမ်းကုန်သော ဆင်းရဲဒုက္ခတို့ ကုန်ဆုံးရာဖြစ်သော ဤ ဉာဏ်သည် အလွန်အကဲမြတ်သော ပညာပေတည်း။

၃၆၆။ ထိုဆိုခဲ့တိုင်းပြည့်စုံသော ရဟန်းအား ထိုအရဟတ္တဖိုလ်ပညာသည် ပရမတ္ထသစ္စာဖြစ်သော နိဗ္ဗာန်အာရုံ၌ တည်၏၊ မပျက်စီး၊ ရဟန်း ပျက်စီးခြင်းသဘောရှိသောတရားသည် မှားယွင်းသော သဘောရှိ၏၊ မမှန်ကန်။ မပျက်စီးခြင်းသဘောရှိသောတရားသည် မှန်ကန်သော နိဗ္ဗာန် ( နိရောဓသစ္စာ ) တည်း။ ထို့ကြောင့် ဤဆိုပြီး လက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤပရမတ္ထ သစ္စာဖြစ်သော နိဗ္ဗာန်ဟူသော တည်ရာနှင့် ပြည့်စုံ၏။ ရဟန်း မပျက်စီးခြင်းသဘောရှိသော နိဗ္ဗာန်သည် အလွန်အကဲမြတ်သော အရိယသစ္စာသာတည်း။

၃၆၇။ စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား ပြည့် ပြည့်စုံစုံ ဆောက်တည်ထားသော ( ဆင်းရဲကိုဆောင်တတ်သော ) ဥပဓိတို့သည် ရှိကုန်၏။ ထိုပုဂ္ဂိုလ်အား ထိုဥပဓိတို့ကို ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ပြတ်ပြီး ဖြစ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ နောင် တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်း ထို့ကြောင့် ဤဆိုပြီးလက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ကိလေသာကို စွန့်ခြင်း ဆောက်တည်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်း ခပ်သိမ်းသော ဥပဓိကို အရဟတ္တမဂ် ဉာဏ်ဖြင့် ဤစွန့်ခြင်းသည် အလွန်အကဲ မြတ်သော စွန့်ခြင်းတည်း။

၃၆၈။ စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား သူ့ စည်းစိမ်ကို ရှေးရှုကြံခြင်း ‘အဘိဇ္ဈာ’ လိုချင်ခြင်း ‘ဆန္ဒ’ ပြင်းစွာ တပ်နှစ်သက်ခြင်း ‘သာရာဂ’ သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုအဘိဇ္ဈာ, ဆန္ဒ, သာရာဂကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင် ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ စင်စစ် ရှေးပုထုဇဉ်ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား ရန်ငြိုး ဖွဲ့ခြင်း ‘အာဃာတ’ သူတစ်ပါးအား ပျက်စီးစေခြင်း ‘ဗျာပါဒ’ခပ်သိမ်းသော အခြင်းအရာဖြင့် ပြစ်မှားခြင်း သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုဒေါသသုံးမျိုးကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ် ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိ တော့ချေ။

စင်စစ် ရှေးပုထုဇဉ် ဘဝက မရသေးသော မဂ်ဉာဏ်ဖိုလ်ဉာဏ်ရှိသော ထိုပုဂ္ဂိုလ်အား မသိခြင်း ‘အဝိဇ္ဇာ’ ပြင်းစွာတွေဝေခြင်း’သမ္မောဟ’သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်အား ထိုမောဟတရားကို ပယ်ပြီးဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်း ထို့ကြောင့် ဤဆိုခဲ့ပြီးလက္ခဏာနှင့် ပြည့်စုံသော ရဟန်းသည် အလွန်မြတ်သော ဤမဂ်ဉာဏ်ဖြင့် ကိလေသာကို ငြိမ်းအေးစေခြင်း ဆောက်တည်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်း ရာဂ ဒေါသ မောဟတို့၏ ဤငြိမ်းအေးခြင်းသည် အလွန်အကဲမြတ်သော ငြိမ်းအေး ခြင်းတည်း။ “ပညာကို မမေ့လျော့ရာ၊ ဝစီသစ္စာကို အစဉ်စောင့်ရှောက်ရာ၏၊ ကိလေသာစွန့်ခြင်းကို အားထုတ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် ကိလေသာငြိမ်းအေးခြင်းကိုသာလျှင် ကျင့်ရာ၏”ဟူသော ထိုစကားကို ဤ ဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။

၃၆၉။ “လေးပါးသော တည်ရာရှိ၏၊ ယင်းတည်ရာလေးပါးတို့၌ တည်သောပုဂ္ဂိုလ်အား ထင်မှတ် ခြင်းဟူသော ယိုစီးခြင်းတို့သည် မဖြစ်ကုန်၊ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းမဖြစ်သော် ကိလေသာ ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုရ၏”ဟူသော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုခဲ့သနည်း။ ရဟန်း ငါဟူသည် ထင်မှတ်ခြင်းတည်း၊ ဤဟာ ငါဖြစ်၏ ဟူသည် ထင်မှတ်ခြင်းတည်း၊ ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ မဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ ရုပ်ရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ် ခြင်းတည်း၊ ရုပ်မရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာမရှိသည် ဖြစ်လတံ္တ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်သော သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်းတည်း၊ ရဟန်း ထင်မှတ်ခြင်းသည် အနာရောဂါတည်း၊ ထင်မှတ်ခြင်းသည် အိုင်းအမာတည်း၊ ထင်မှတ်ခြင်းသည် မြား ငြောင့်တည်း။

ရဟန်း ထင်မှတ်ခြင်းမညနာ (တဏှာ မာန ဒိဋ္ဌိ) အာလုံးတို့ကို လွန်မြောက်ခြင်းကြောင့် ကိလေသာ ငြိမ်းအေးသော ရဟန်းဟု ဆိုရ၏။ ရဟန်း ကိလေသာငြိမ်းအေးသော ရဟန်းသည် ပဋိသန္ဓေမနေ မအို မသေ မပျက်စီး မတောင့်တ။ ရဟန်း အကြင်ကံကြောင့် ပဋိသန္ဓေနေရာ၏၊ ထိုပဋိသန္ဓေ ပေးသောကံ သည် ထိုရဟန္တာအား မရှိ၊ ပဋိသန္ဓေမနေသူသည် အဘယ်မှာ အိုလတ္တံ့နည်း၊ မအိုသူသည် အဘယ်မှာ သေလတ္တံ့နည်း၊ မသေသူသည် အဘယ်မှာ ပျက်စီးလတ္တံ့နည်း၊ မပျက်စီးသူသည် အဘယ်မှာ တောင့်တ လတ္တံ့နည်း။ “ယင်းတည်ရာလေးပါးတို့၌ တည်သောပုဂ္ဂိုလ်အား ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းတို့သည် မဖြစ်ကုန်၊ စင်စစ် ထင်မှတ်ခြင်းဟူသော ယိုစီးခြင်းမဖြစ်သော် ကိလေသာငြိမ်းအေးသော ရဟန်းဟူ၍ ဆိုရ၏”ဟူသော ထိုစကားကို ဤဆိုခဲ့ပြီးသည်ကို စွဲ၍ ဆိုခဲ့၏။ ရဟန်း သင်သည် အကျဉ်းအားဖြင့် ငါဟောသော ဤဓာတ်ခြောက်ပါးကို ဝေဖန်ရာ ဓာတုဝိဘင်္ဂသုတ်ကို ဆောင်လော့ဟု ( မိန့်တော်မူ၏ )။

၃၇ဝ။ ထိုအခါ၌ အသျှင်ပုက္ကုသာတိမထေရ်သည် “ငါ့ထံသို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား သည့်အစဉ်ရောက်တော်မူ၏၊ ငါ့ထံသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူ၏၊ ငါ့ထံသို့ သစ္စာလေးပါးကို ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် အစဉ်ရောက်တော်မူ၏”ဟု နှလုံးသွင်း၍ နေရာမှ ထလျက် လက်ဝဲပခုံးစွန်း၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်လျှိုး၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ “မြတ်စွာဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ အကြင်အကျွန်ုပ်သည် မြတ်စွာဘုရားကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်မိခဲ့ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု သည်းခံတော်မူပါ”ဟု လျှောက်ထား၏။ ရဟန်း စင်စစ် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် ငါ့ကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်ခဲ့၏၊ ရဟန်း သင်သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ အကြင်သူ သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ဤကုစားခြင်း စောင့်စည်းခြင်းသည် အရိယာ၏ ဝိနည်း’အဆုံးအမ’၌ ကြီးပွါးခြင်းပင်တည်းဟု ( မိန့်တော် မူ၏ )။

မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါ၏ဟု ( လျှောက်၏ )။ ရဟန်း သင့်အား သပိတ်သင်္ကန်းသည် ပြည့်စုံပြီလောဟု ( မေးတော်မူ၏ )။ မြတ်စွာဘုရား အကျွန်ုပ်အား သပိတ် သင်္ကန်းသည် မပြည့်စုံသေးပါဟု ( လျှောက်၏ )။ ရဟန်း မြတ်စွာဘုရား တို့သည် သပိတ်သင်္ကန်း မပြည့်စုံသူကို ရဟန်းပြုမပေးကုန်ဟု ( မိန့်တော်မူ၏ )။ ထို့နောက် အသျှင် ပုက္ကုသာတိမထေရ်သည် မြတ်စွာဘုရား၏ တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် သပိတ်သင်္ကန်းရှာ ဖဲသွား၏။

ထိုအခါ သပိတ်သင်္ကန်းရှာ လှည့်လည်သော အသျှင်ပုက္ကုသာတိမထေရ်ကို နွားမသည် လှည့်ပတ်၍ အသက်ဇီဝိန်မှချပြီ။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေကုန်၏၊ တစ်ခုသော အရပ်၌ ထိုင်နေကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ပုက္ကုသာတိမည်သော အမျိုးကောင်းသားအား မြတ်စွာဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူခဲ့၏၊ ထိုပုက္ကုသာတိ အမျိုးကောင်းသား သည် သေရှာလေပြီ၊ ထိုအမျိုးသား၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝသည်ကား အဘယ်ပါနည်း”ဟု လျှောက်ထားကုန်၏။

ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ပညာရှိ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ လောကုတ္တရာ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကိုလည်း လောကုတ္တရာတရားဟူသော အကြောင်းကြောင့် မပင် ပန်းစေ။ ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ငါးပါးကုန်သော အောက်ကာမဘုံ၌ဖြစ်သော သံယောဇဉ် တို့၏ ကုန်ခြင်းကြောင့် ( အဝိဟာဘုံ၌ ) ပဋိသန္ဓေနေ၍ ထိုသုဒ္ဓါဝါသဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုအဝိဟာ ဘုံမှ ပြန်လည်ခြင်း သဘောမရှိဟု ( မိန့်တော်မူ၏ )။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

ဆယ်ခုမြောက် ဓာတုဝိဘင်္ဂသုတ် ပြီး၏။