မဇ္ဈိမနိကာယ်
၁၁—သစ္စဝိဘင်္ဂသုတ်
၃၇၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —
ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသောတရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည် သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟောစွမ်းနိုင်သော လေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေခဲ့ပြီ။ အဘယ်လေးပါးတို့နည်းဟူမူ— ဒုက္ခဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်း။ ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေ ခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအား ဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းတို့တည်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ငါဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည်သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်း ကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက် သောသူမျှ မဟောစွမ်းနိုင်သော ဤလေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင် ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေခဲ့ပြီ။
ရဟန်းတို့ သာရိပုတြာမောဂ္ဂလာန်တို့ကို မှီဝဲကုန်လော့၊ ရဟန်းတို့ သာရိပုတြာ မောဂ္ဂလာန်တို့ကို ဆည်းကပ်ကုန်လော့၊ ထိုသာရိပုတြာ မောဂ္ဂလာန်တို့သည် ပညာရှိသော ရဟန်းတို့ ဖြစ်ကုန်၍ သီတင်းသုံး ဖော်တို့ကို ချီးမြှောက်တတ်ကုန်၏။ ရဟန်းတို့ ဥပမာအားဖြင့် သာရိပုတြာသည် မွေးသော မိခင်နှင့် တူ၏၊ မောဂ္ဂလာန်သည် မွေးပြီးသူငယ်ကို ကျွေးမွေးသူနှင့် တူ၏။ ရဟန်းတို့ သာရိပုတြာသည် သောတာ ပတ္တိဖိုလ်သို့ ဆောင်တတ်၏၊ မောဂ္ဂလာန်သည် အထက်ဖိုလ်တို့ကို ဆောင်တတ်၏။ ရဟန်းတို့ သာရိပုတြာသည် လေးပါးသော အရိယသစ္စာတို့ကို အကျယ်အားဖြင့် ပြောကြားခြင်းငှါ ဟောကြားခြင်းငှါ အပြားအားဖြင့် သိစေခြင်းငှါ အပြားအားဖြင့် သိအောင် ထားခြင်းငှါ ဖွင့်ပြခြင်းငှါ ဝေဖန်ချဲ့ထွင်ခြင်းငှါ ထင်စွာပြုခြင်းငှါ စွမ်းနိုင်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ နေရာမှ ထကာ ကျောင်းတွင်းသို့ ဖဲကြွတော်မူ၏။
၃၇၂။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား ဖဲကြွတော်မူ၍ မကြာမီ ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ( မိန့်ဆို၏ )။ “ငါ့သျှင်သာရိပုတြာ”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို ပြောဆို၏ —
ငါ့သျှင်ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည်သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟော စွမ်းနိုင်သော လေးပါးကုန်သော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတု မဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူခဲ့ပြီ။
အဘယ်လေးပါးတို့နည်းဟူမူ— ဒုက္ခဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာ ပြုခြင်း။ ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ ချုပ်ရာဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြား အားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန် ချဲ့ထွင်ခြင်း ထင်စွာပြုခြင်း။ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေ ခြင်း အပြားအားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းတို့တည်း။
၃၇၃။ ငါ့သျှင်တို့ ဒုက္ခဖြစ်သော အရိယသစ္စာသည် အဘယ်နည်း။ ပဋိသန္ဓေတည်နေခြင်း ‘ဇာတိ’ သည်လည်း ဆင်းရဲဒုက္ခတည်း၊ အိုခြင်း’ဇရာ’သည်လည်း ဆင်းရဲဒုက္ခတည်း၊ သေခြင်း’မရဏ’သည်လည်း ဆင်းရဲဒုက္ခတည်း၊ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ် ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ တို့သည်လည်း ဆင်းရဲဒုက္ခတို့တည်း၊ အလိုရှိ အပ်သည်ကို မရခြင်းသည်လည်း ဆင်းရဲဒုက္ခတည်း၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဆင်းရဲဒုက္ခတည်း။
ငါ့သျှင်တို့ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’ သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ ရှေးဦးစွာ ဖြစ်ခြင်း ပြည့်စုံစွာဖြစ်ခြင်း ( အမိဝမ်းတွင်း ဥခွံတွင်းသို့ ) သက်ဝင်ခြင်း ကိုယ် ထင်ရှားဖြစ်ခြင်း ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း အာယတနတို့ကို ရခြင်းတည်း။ ငါ့သျှင်တို့ ဤတရား သဘောကို ပဋိသန္ဓေ တည်နေရခြင်း ‘ဇာတိ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ အိုမင်းခြင်း ‘ဇရာ’သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်း၌ အိုခြင်း အိုသောအခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ဆုတ်ယုတ်ခြင်း မျက်စိ စသော ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို အိုမင်းခြင်း ‘ဇရာ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ သေခြင်း’မရဏ’သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်းမှ ရွေ့လျောခြင်း ရွေ့လျောသောအခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ်သေဆုံးခြင်း ကွယ်လွန် ခြင်း ခန္ဓာကိုယ်တို့၏ ပျက်စီးခြင်း အကောင်ပုပ်ကို ပြစ်ချခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို သေခြင်း’မရဏ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ စိုးရိမ်ပူပန်ခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သော အခြင်းအရာ စိုးရိမ်တတ်သူ၏အဖြစ် အတွင်း၌စိုးရိမ်ခြင်း အတွင်း၌ပြင်းစွာစိုးရိမ်ခြင်းတည်း။ ငါ့သျှင်တို့ ဤတရား သဘောကို စိုးရိမ်ပူပန်ခြင်း ‘သောက’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ ငိုကြွေးခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့်တွေ့သော သတ္တဝါ၏ငိုကြွေးခြင်း ပြင်းစွာ့ငိုကြွေးခြင်း ငိုကြွေးသောအခြင်းအရာ ပြင်းစွာငိုကြွေးသော အခြင်းအရာ ငိုကြွေးသောသူ၏အဖြစ် ပြင်းစွာ ငိုကြွေးသူ၏အဖြစ်တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ငိုကြွေးခြင်း ‘ပရိဒေဝ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း ကိုယ်၌ ဖြစ်သော မသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာသော ခံစားခြင်းတည်း။ ငါ့သျှင် တို့ ဤတရား သဘောကို ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’သည် အဘယ်နည်း။ ငါ့သျှင်တို့ စိတ်၌ဖြစ်သော ဆင်းရဲခြင်း စိတ်၌ဖြစ်သော မသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာသော ခံစားခြင်းတည်း။ ငါ့သျှင်တို့ ဤတရားသဘောကို စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’သည် အဘယ်နည်း။ ငါ့သျှင်တို့ အမှတ်မရှိ တစ်ခုခုသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော အမှတ်မရှိ တစ်ခုခုသော ဆင်းရဲကြောင်းနှင့်တွေ့သော သတ္တဝါ၏ ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပင်ပန်းသူ၏အဖြစ် ပြင်းစွာပင်ပန်းသူ၏အဖြစ်တည်း။ ငါ့သျှင်တို့ ဤ တရားသဘောကို ပြင်းစွာ ပင်ပန်းခြင်း ‘ဥပါယာသ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ အလိုရှိသည်ကို မရ၍ ဆင်းရဲခြင်းသည် အဘယ်နည်း။ ငါ့သျှင်တို့ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’သဘော မရှိကြကုန်မူ ကောင်းလေစွ၊ ပဋိသန္ဓေတည်နေရခြင်း ‘ဇာတိ’သည် ငါတို့ထံ မလာရောက်မူကား ကောင်း လေစွ”ဟု ဤသို့သာ တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ဤသို့တောင့်တသော်လည်း ဤဇာတိမလာခြင်းကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိအပ်သည်ကို မရ၍ ဆင်းရဲခြင်းမည်၏။ ငါ့သျှင်တို့ အိုမင်းခြင်း ‘ဇရာ’သဘောရှိကုန်သော သတ္တဝါတို့အား။ပ။ ငါ့သျှင်တို့ ဖျားနာခြင်း ‘ဗျာဓိ’သဘောရှိ ကုန်သော သတ္တဝါတို့အား။ ငါ့သျှင်တို့ သေခြင်း ‘မရဏ’သဘောရှိကုန်သော သတ္တဝါတို့အား။ ငါ့သျှင်တို့ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ သဘောရှိကုန်သော သတ္တဝါတို့အား “ငါတို့သည် စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း ‘ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ သဘောမရှိကြကုန်မူ ကောင်းလေစွ၊ စိုးရိမ်ပူပန်ခြင်း ‘သောက’ ငိုကြွေးခြင်း’ပရိဒေဝ’ ကိုယ်ဆင်းရဲခြင်း’ဒုက္ခ’ စိတ်ဆင်းရဲခြင်း’ဒေါမနဿ’ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’တို့သည် ငါတို့ထံ မလာမူကား ကောင်းလေစွ”ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏။ ဤသို့တောင့်တသော်လည်း ဤသောကစသည်တို့ မလာခြင်းကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိအပ်သည်ကို မရ၍ ဆင်းရဲခြင်းမည်၏။
ငါ့သျှင်တို့ အကျဉ်းချုပ်အားဖြင့် ငါးပါးသောဥပါဒါနက္ခန္ဓာဆင်းရဲတို့ဟူသည် အဘယ်တို့နည်း၊ ဤ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူသည် အဘယ်တို့နည်း။ ရုပ်ဥပါဒါနက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာ ဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာတို့ပေတည်း။ ငါ့သျှင်တို့ ဤ( ဥပါဒါနက္ခန္ဓာ ငါးပါး ) တို့ကို အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာဆင်းရဲတို့ဟု ဆိုအပ်ကုန်၏။ ငါ့သျှင်တို့ ဤ တရားသဘောအလုံးစုံကို ဒုက္ခဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။
၃၇၄။ ငါ့သျှင်တို့ ဒုက္ခ၏ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာသည် အဘယ်နည်း၊ တစ်ဖန် ဘဝသစ် ကို ဖြစ်စေတတ်သော နှစ်သက် တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ဤတဏှာသည် အဘယ်နည်း၊ ကာမဘုံ၌ တပ်မက်ခြင်း ‘ကာမတဏှာ’၊ ရူပ, အရူပဘုံ တို့၌ တပ်မက်ခြင်း ‘ဘဝတဏှာ’၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း ‘ဝိဘဝတဏှာ’တို့တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ဒုက္ခ၏ဖြစ်ကြောင်းဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။
ငါ့သျှင်တို့ ဒုက္ခ၏ချုပ်ရာ အရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ ကင်း့ချုပ်ရာ တဏှာကို စွန့်ရာ တဏှာကို ဝေးစွာစွန့်ရာ တဏှာမှ လွန်မြောက်ရာ တဏှာဖြင့် မကပ်ငြိရာ နိဗ္ဗာန်တည်း။ ငါ့သျှင်တို့ ဤတရားသဘောကို ဒုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။
၃၇၅။ ငါ့သျှင်တို့ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော အရိယသစ္စာသည် အဘယ်နည်း။ မြတ်သောအင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်ပင်တည်း။ ဤမဂ်အကျင့်သည် အဘယ်နည်း၊ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။
ငါ့သျှင်တို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဆင်းရဲခြင်း ဒုက္ခသစ္စာ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း သမုဒယသစ္စာ၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ငါ့သျှင်တို့ ဤသိမြင်ခြင်းကို မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’သည် အဘယ်နည်း။ ကာမအာရုံမှ လွတ်ကင်းသော ကြံခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းသော ကြံခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံခြင်းတည်း၊ ငါ့သျှင် တို့ ဤကြံခြင်းကို မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’သည် အဘယ်နည်း။ မုသားဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်း သော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ ငါ့သျှင်တို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’သည် အဘယ်နည်း။ အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း တည်း။ ငါ့သျှင်တို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းသော အသက်မွေးခြင်းကို ပယ်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏၊ ငါ့သျှင်တို့ ဤအသက်မွေးခြင်းကို မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊ ငါ့သျှင်တို့ ဤအားထုတ်ခြင်းကို မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည် ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ ခံစားခြင်း ‘ဝေဒနာ’တို့၌ ခံစားခြင်း’ဝေဒနာ’ဟု အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ပ။ စိတ်၌ စိတ်ဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ့်အပ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက ၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ခန္ဓာစသော သဘောတရားတို့၌ ခန္ဓာစသော သဘောတရားတို့ဟု အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ဤအောက်မေ့ခြင်း ‘သတိ’ကို မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’ဟု ဆိုအပ်၏။
ငါ့သျှင်တို့ မှန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’သည် အဘယ်နည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည် ခြင်း ‘ဝိတက်’နှင့်တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’နှင့်တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ် ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ကို ပွားစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’မရှိသော သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော တည် ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် လျစ်လျူရှုလျက် နေ၏၊ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ငါ့သျှင်တို့ ဤစတုက္ကနည်းဈာန်လေးပါးကို မှန်စွာတည်ကြည်ခြင်း ‘သမ္မာ သမာဓိ’ဟု ဆိုအပ်၏။ ငါ့သျှင်တို့ ဤအင်္ဂါရှစ်ပါးရှိသော မဂ်ကို ဆင်းရဲ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာဟု ဆိုအပ်၏။
ငါ့သျှင်တို့ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ ရဟန်းသည် သော်လည်းကောင်း၊ ပုဏ္ဏားသည်သော်လည်းကောင်း၊ နတ်သည်သော်လည်းကောင်း၊ မာရ်နတ်သည်သော်လည်းကောင်း၊ ဗြဟ္မာသည်သော်လည်းကောင်း လောက၌ တစ်စုံတစ်ယောက်သောသူမျှ မဟောစွမ်းနိုင်သော ဤလေးပါးသော အရိယသစ္စာတို့ကို ပြောကြားခြင်း ဟောကြားခြင်း အပြားအားဖြင့် သိစေခြင်း အပြား အားဖြင့် သိအောင်ထားခြင်း ဖွင့်ပြခြင်း ဝေဖန်ချဲ့ထွင်ခြင်း ထင်စွာပြုခြင်းဟူသော အတုမဲ့မြတ်သော ဓမ္မစကြာကို ဖြစ်စေတော်မူခဲ့ပြီဟု ( မိန့်ဆို၏ )။
အသျှင်သာရိပုတြာသည် ဤတရားဒေသနာတော်ကို မိန့်တော်မူ၏။ ထိုရဟန်းတို့သည် အသျှင် သာရိပုတြာ၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။
တစ်ဆယ့်တစ်ခုမြောက် သစ္စဝိဘင်္ဂသုတ် ပြီး၏။