မဇ္ဈိမနိကာယ်

၁၂—ဒက္ခိဏာဝိဘင်္ဂသုတ်

၃၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် အသစ်ဖြစ်သော အဝတ်အစုံကို ယူ၍ မြတ်စွာဘုရား ထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ “မြတ်စွာဘုရား အကျွန်ုပ်သည် အသစ် ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင် ရက်ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူ ပါလော့”ဟု ဤစကားကို လျှောက်ထား၏။ ဤသို့လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် မဟာပဇာ ပတိဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။

မဟာပဇာပတိဂေါတမီသည် နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား အကျွန်ုပ်သည် ဤအသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက်ထား ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူပါလော့”ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်း မဟာပဇာပတိဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီး ဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။ မဟာပဇာပတိဂေါတမီသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား အကျွန်ုပ်သည် ဤ အသစ်ဖြစ်သော အဝတ်အစုံကို မြတ်စွာဘုရားကို ရည်စူး၍ ကိုယ်တိုင်ငင် ကိုယ်တိုင်ရက်ထားပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် သနားသည်ကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုအဝတ်အစုံကို အလှူခံတော်မူပါ လော့”ဟု ဤစကားကို လျှောက်ထားပြန်၏။ မြတ်စွာဘုရားသည် သုံးကြိမ်မြောက်လည်း မဟာပဇာပတိ ဂေါတမီကို “ဂေါတမီ သံဃာအား ပေးလှူလော့၊ သင်သည် သံဃာကို ပေးလှူသည်ရှိသော် ငါ့ကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့၊ သံဃာကိုလည်း ပူဇော်ပြီးဖြစ်လတ္တံ့”ဟု ဤစကားကို မိန့်တော်မူ၏။

၃၇၇။ ဤသို့မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီ၏ အသစ်ဖြစ်သော အဝတ်အစုံကို အလှူခံတော်မူပါလော့၊ မြတ်စွာဘုရား မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား ကျေးဇူးများပါ၏၊ မိထွေးဖြစ်ပါ၏၊ မြတ်စွာဘုရားကို ကြီးပွါးစေပါ၏၊ ကျွေးမွေးပါ၏၊ နို့ရည်ကို ပေးသူဖြစ်ပါ၏၊ မယ်တော်နတ်ရွာစံသည်ရှိ သော် မြတ်စွာဘုရားကို နို့တိုက်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည်လည်း မဟာပဇာပတိဂေါတမီ အား ကျေးဇူးများပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဘုရားကို ဆည်းကပ်ပါ၏၊ တရားကို ဆည်းကပ်ပါ၏၊ သံဃာကို ဆည်းကပ်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ပါ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဘုရား၌ မတုန်မလှုပ် သက် ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန် မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့နှင့် ပြည့်စုံ၏။ မြတ်စွာဘုရား မြတ်စွာဘုရားကို အကြောင်းပြု၍ မဟာပဇာပတိဂေါတမီသည် ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဖြစ်သော မဂ္ဂသစ္စာ၌ ယုံမှားကင်း၏၊ မြတ်စွာဘုရား မြတ်စွာဘုရား သည်လည်း မဟာပဇာပတိဂေါတမီအား ကျေးဇူများပါ၏”ဟု ဤစကားကို လျှောက်ထား၏။

၃၇၈။ အာနန္ဒာ ဤစကားသည် ဤအတိုင်းမှန်၏၊ အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာ ဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရားကို ဆည်းကပ်ခြင်းသို့ ရောက်၏၊ တရားကို ဆည်းကပ်ခြင်း သို့ ရောက်၏၊ သံဃာကို ဆည်းကပ်ခြင်းသို့ ရောက်၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤ တပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အသက်သတ် ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင် ကြဉ်၏၊ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို့သောက်ခြင်းမှ ရှောင်ကြဉ်၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုး ခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဘုရား၌ မတုန် မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ သံဃာ၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏၊ အရိယာတို့သည် နှစ်သက်အပ်သော သီလတို့ နှင့် ပြည့်စုံ၏။ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏ အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်း သော ကျေးဇူးတုံ့ပြန်ခြင်းဟု ငါမဟော။

အာနန္ဒာ တပည့်ဖြစ်သော ပုဂ္ဂိုလ်သည် ဆရာဖြစ်သော ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဒုက္ခသစ္စာ၌ ယုံမှားကင်း၏၊ ဒုက္ခဖြစ်ကြောင်း ‘သမုဒယသစ္စာ’၌ ယုံမှားကင်း၏၊ ဒုက္ခချုပ်ရာ ‘နိရောဓသစ္စာ’၌ ယုံမှား ကင်း၏၊ ဒုက္ခ၏ ချုပ်ရာ ( နိဗ္ဗာန် )သို့ ရောက်ကြောင်းအကျင့်ဖြစ်သော ‘မဂ္ဂသစ္စာ’၌ ယုံမှားကင်း၏၊ အာနန္ဒာ ဤဆရာဖြစ်သော ပုဂ္ဂိုလ်အား ဤတပည့်ဖြစ်သော ပုဂ္ဂိုလ်၏ ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာတို့၏ အထောက်အပံ့ အသက်၏အရံအတား ဆေးတို့ကို ပေးကမ်းခြင်းဖြင့် ကျေးဇူးတုံ့ပြန်ခြင်းကို ကောင်းသော ကျေးဇူးတုံ့ပြန် ခြင်းဟု ငါမဟော။

၃၇၉။ အာနန္ဒာ ပုဂ္ဂလိကဖြစ်သော အလှူတို့သည် ဤတစ်ဆယ့်လေးပါးတို့တည်း။ အဘယ် တစ်ဆယ့် လေးပါးတို့နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားအား အလှူကို ပေးလှူ၏၊ ဤကား ရှေးဦးစွာသော ပုဂ္ဂလိက အလှူတည်း။ ပစ္စေကဗုဒ္ဓါအား အလှူကို ပေးလှူ၏၊ ဤကား နှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ ဘုရား၏တပည့်ဖြစ်သော ရဟန္တာအား အလှူကို ပေးလှူ၏၊ ဤကား သုံးခုမြောက် ပုဂ္ဂလိကအလှူ တည်း။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား လေးခုမြောက် ပုဂ္ဂလိကအလှူတည်း။ အနာဂါမ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ငါးခုမြောက် ပုဂ္ဂလိကအလှူတည်း။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ခြောက်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သကဒါဂါမ် ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ခုနစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ရှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သောတာပန်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ကိုးခုမြောက် ပုဂ္ဂလိကအလှူတည်း။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့် သောပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား ဆယ်ခုမြောက် ပုဂ္ဂလိကအလှူ တည်း။ သာသနာပအခါ ဝိက္ခ မ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်တစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်နှစ်ခုမြောက် ပုဂ္ဂလိကအလှူတည်း။ သီလမရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်သုံးခုမြောက် ပုဂ္ဂလိကအလှူတည်း။ တိရစ္ဆာန်အား အလှူကို ပေးလှူ၏၊ ဤကား တစ်ဆယ့်လေးခုမြောက် ပုဂ္ဂလိကအလှူတည်း။

အာနန္ဒာ ထိုတစ်ဆယ့်လေးပါးသော အလှူတို့တွင် တိရစ္ဆာန်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး အဆ (ဘဝ) အရာ မချွတ်ဖြစ်လတ္တံ့။ သီလမရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး့အဆ (ဘဝ) အထောင် မချွတ်ဖြစ်လတ္တံ့။ သီလရှိသော ပုထုဇဉ်အား အလှူကို ပေးလှူ ၍ အလှူ၏အကျိုး အဆ (ဘဝ) အသိန်း မချွတ်ဖြစ်လတ္တံ့။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ ပုဂ္ဂိုလ်အား အလှူကို ပေးလှူ ၍ အလှူ၏ အကျိုး အဆ (ဘဝ) ပေါင်း ကုဋေအသိန်း မချွတ်ဖြစ်လတ္တံ့။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အလှူ ကို ပေးလှူ၍ မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အလှူ၏အကျိုး မချွတ်ဖြစ်လတ္တံ့။ သောတာပန်ပုဂ္ဂိုလ် အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ သကဒါ ဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ သကဒါဂါမ်ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ အနာဂါမ်ပုဂ္ဂိုလ်အား အဘယ်ဆို ဖွယ်ရာရှိအံ့နည်း။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်အား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ရဟန္တာအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ပစ္စေကဗုဒ္ဓါအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ပူဇော်အထူးကို ခံတော်မူထိုက်သော ( အလုံးစုံသော တရားတို့ကို ) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

၃၈ဝ။ အာနန္ဒာ သံဃိကဖြစ်သော အလှူတို့သည် ဤခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါးတို့ဟူမူ— ဘုရားအမှူးရှိသော နှစ်မျိုးသော ရဟန်းယောကျာ်း ရဟန်းမိန်းမသံဃာအား အလှူကို ပေးလှူ၏၊ ဤ ကား ရှေးဦးစွာသော သံဃိကအလှူတည်း။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုပြီးသော် နှစ်မျိုးသော ရဟန်းယောကျာ်း ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊ ဤကား နှစ်ခုမြောက် သံဃိကအလှူ တည်း။ ရဟန်းယောကျာ်း သံဃာအား အလှူကို ပေးလှူ၏၊ ဤကား သုံးခုမြောက် သံဃိကအလှူ တည်း။ ရဟန်းမိန်းမ သံဃာအား အလှူကို ပေးလှူ၏၊ ဤကား လေးခုမြောက် သံဃိကအလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းယောကျာ်းတို့ကိုလည်းကောင်း၊ ရဟန်းမိန်းမတို့ ကိုလည်းကောင်း သံဃာမှ ညွှန်းချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ငါးခုမြောက် သံဃိက အလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းယောကျာ်းတို့ကို သံဃာမှ ညွှန်း ချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ခြောက်ခုမြောက် သံဃိကအလှူတည်း။ အကျွန်ုပ်အား ဤမျှလောက် အရေအတွက်ရှိသော ရဟန်းမိန်းမတို့ကို သံဃာမှ ညွှန်းချပါကုန်လော့ဟု အလှူကို ပေးလှူ၏၊ ဤကား ခုနစ်ခုမြောက် သံဃိကအလှူတည်း။

အာနန္ဒာ စင်စစ် အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်း လည်ပင်း၌ ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသော တရားရှိသူတို့သည် ဖြစ်ကုန်လတ္တံ့၊ ထို သီလမရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကို ပေးလှူကုန်လတ္တံ့၊ အာနန္ဒာ ထိုအခါ၌သော်လည်း သံဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏ဟု ငါဟော၏၊ အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိကဒါနကို အထူးသဖြင့် အကျိုးများ၏ဟု ငါမဟော။

၃၈၁။ အာနန္ဒာ အလှူ၏စင်ကြယ်ခြင်းတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း ဟူမူ— အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ အလှူခံသူ ဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလည်းှ မစင်ကြယ်သော အလှူလည်း ရှိ၏။ အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူ ဘက်မှလည်းှ စင်ကြယ်သော အလှူလည်းရှိ၏။

အာနန္ဒာ လှူသူဘက်မှ စင်ကြယ်၍ အလှူခံသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလရှိ၏၊ စင်ကြယ်သော တရားရှိ၏၊ အလှူခံတို့သည် သီလမရှိ ကုန်၊ ယုတ်ညံ့သော အကျင့်တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှသာ့စင်ကြယ်၍ အလှူခံ သူဘက်မှ မစင်ကြယ်။

အာနန္ဒာ အလှူခံသူဘက်မှ စင်ကြယ်၍ လှူသူဘက်မှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည် သီလရှိ ကုန်၏၊ စင်ကြယ်သော တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် အလှူခံသူဘက်မှသာ စင်ကြယ်၍ လှူသူ ဘက်မှ မစင်ကြယ်။

အာနန္ဒာ လှူသူဘက်မှလည်း မစင်ကြယ်၊ အလှူခံသူဘက်မှလည်းှ မစင်ကြယ်သော အလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလမရှိ၊ ယုတ်ညံ့သော အကျင့်တရားရှိ၏၊ အလှူခံသူတို့သည်လည်း သီလမရှိကုန်၊ ယုတ်ညံ့သော အကျင့်တရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူဘက်မှလည်း မစင်ကြယ် အလှူခံသူဘက်မှလည်း မစင်ကြယ်။

အာနန္ဒာ လှူသူဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်းှ စင်ကြယ်သောအလှူသည် အဘယ်နည်း။ အာနန္ဒာ ဤလောက၌ လှူသူသည်လည်း သီလရှိ၏၊ စင်ကြယ်သောတရားရှိ၏၊ အလှူခံသူ တို့သည်လည်း သီလရှိကုန်၏၊ စင်ကြယ်သောတရားရှိကုန်၏၊ အာနန္ဒာ ဤသို့လျှင် အလှူသည် လှူသူ ဘက်မှလည်း စင်ကြယ်၍ အလှူခံသူဘက်မှလည်း စင်ကြယ်၏။ အာနန္ဒာ လေးပါးကုန်သော အလှူစင် ကြယ်ခြင်းတို့သည် ဤလေးပါးတို့ပင်တည်းဟု ( မိန့်တော်မူ၏ )။

မြတ်စွာဘုရားသည် ဤတရားစကားကို ဟောတော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူပြီးနောက် ဤဂါထာကို ဟောတော်မူ၏ —

၃၈၂။ “အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်ရအပ်သော ပစ္စည်းကို ကောင်းစွာ ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန် ယုံကြည်လျက် သီလမရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် လှူ သောပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည် လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် အလှူခံသော ပုဂ္ဂိုလ်ဘက်မှသာ စင်ကြယ်၏။

အကြင်သီလမရှိသော ပုဂ္ဂိုလ်သည် မတရားသဖြင့်ရအပ်သော ပစ္စည်းကို မကြည် လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို မယုံကြည်ဘဲ သီလမရှိ သော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူကို ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါ မဟော။

အကြင်သီလရှိသော ပုဂ္ဂိုလ်သည် တရားသဖြင့်ရအပ်သော ပစ္စည်းကို ကြည်လင် သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန်ယုံကြည်လျက် သီလရှိသော ပုဂ္ဂိုလ်တို့အား အလှူကို ပေးလှူ၏၊ ထိုအလှူသည် စင်စစ် ကြီးကျယ်ပြန့်ပြောသော အကျိုးရှိ၏ဟု ငါဟော၏။

အကြင် ရာဂကင်းပြီးသော ပုဂ္ဂိုလ်သည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ကြည်လင်သော စိတ်ရှိ၍ ကြီးကျယ်မြင့်မြတ်သော ကံ၏အကျိုးကို အလွန်ယုံကြည်လျက် ရာဂကင်းပြီးသော ပုဂ္ဂိုလ်တို့အား အလှူကို လှူ၏၊ ထိုအလှူသည် စင်စစ် ရာဂမကင်း သော ပုဂ္ဂိုလ်တို့၏ အလှူဒါနတို့ထက် မြတ်၏ဟု ငါဟော၏ဟု (မိန့်တော်မူ၏)။

တစ်ဆယ့်နှစ်ခုမြောက် ဒက္ခိဏာဝိဘင်္ဂသုတ် ပြီး၏။

လေးခုမြောက် ဝိဘင်္ဂဝဂ် ပြီး၏။