မဇ္ဈိမနိကာယ်

၁—အနာထပိဏ္ဍိကောဝါဒသုတ်

၃၈၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် —

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အနာထပိဏ်သူဌေးသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏၊ ထိုအခါ အနာထပိဏ်သူဌေးသည် ယောကျာ်းတစ်ယောက်ကို ခေါ်၍ “အမောင် ယောကျာ်း လာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်လေလော့ ‘အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက် နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’ ဟူ၍လည်း လျှောက်လေလော့၊ အသျှင်သာရိပုတြာထံသို့လည်း ချဉ်းကပ်၍ ငါ၏စကားဖြင့် အသျှင်သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်လေလော့ ‘အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာ နေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် အသျှင် သာရိပုတြာ၏ ခြေတော်တို့ကို ဦးတိုက်ပါ၏’၊ ‘အသျှင်သာရိပုတြာ တောင်းပန်ပါ၏၊ အသျှင်သာရိပုတြာ သည် အနာထပိဏ်သူဌေး၏ အိမ်သို့ အစဉ်သနားသည်ကို အကြောင်းပြု၍ ချဉ်းကပ်တော်မူပါလော့’ ဟူ၍”လည်း လျှောက်လေလော့ဟု ပြောဆို၏။

“အသျှင်သူဌေး ကောင်းပါပြီ”ဟု ထိုယောကျာ်းသည် အနာထပိဏ်သူဌေးအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့် လျော်ရာ၌ ထိုင်ပြီးသော ထိုယောကျာ်းသည် မြတ်စွာဘုရားကို “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏”ဟု ဤစကားကို လျှောက်ထား၏။ အသျှင်သာရိပုတြာထံ သို့လည်း ချဉ်းကပ်၍ အသျှင်သာရိပုတြာကို အလွန်ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ထိုင်၏၊ သင့် လျော်ရာ၌ထိုင်ပြီးသော ထိုယောကျာ်းသည် အသျှင်သာရိပုတြာကို “အသျှင်ဘုရား အနာထပိဏ်သူဌေးသည် ဖျားနာနေပါ၏၊ ဒုက္ခရောက်နေပါ၏၊ အသည်းအသန် မမာဖြစ်နေပါ၏၊ ထိုအနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာ၏ ခြေတို့ကို ဦးတိုက်ပါ၏ ‘အသျှင်ဘုရားသာရိပုတြာ တောင်းပန်ပါ၏၊ အသျှင် သာရိပုတြာသည် အနာထပိဏ်သူဌေး၏ အိမ်သို့ အစဉ်သနားသည်ကို အကြောင်းပြု၍ ချဉ်းကပ်တော်မူပါ လော့’ဟူ၍”လည်း လျှောက်လိုက်ပါ၏ဟု ဤစကားကို လျှောက်ထား၏။ အသျှင်သာရိပုတြာသည် ဆိတ် ဆိတ်နေသဖြင့် လက်ခံတော်မူ၏။

၃၈၄။ ထိုအခါ အသျှင်သာရိပုတြာသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် အသျှင်အာနန္ဒာကို နောက်လိုက်ရဟန်းပြုကာ အနာထပိဏ်သူဌေး၏ အိမ်ဆီသို့ ချဉ်းကပ်၍ ခင်းထား သောနေရာ၌ ထိုင်နေပြီးသော အသျှင်သာရိပုတြာသည် အနာထပိဏ်သူဌေးကို “သူဌေး အသို့နည်း၊ သင့်အား ခံ့ကျန်းပါ၏လော၊ (ဣရိယာပထ) မျှတပါ၏လော၊ ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏ လော၊ မတိုးတက်ဘဲ ရှိပါကုန်၏လော၊ ဆုတ်ယုတ်သောအရာသည် ထင်ပါ၏လော၊ တိုးတက်သောအရာ သည် မထင်ဘဲ ရှိပါ၏လော”ဟု ဤစကားကို မေးမြန်းပြောဆို၏။

အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ။ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန် သော ဝေဒနာတို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည် ထင်ပါ၏၊ ဆုတ် ယုတ်သောအရာသည် မထင်ပါ။

အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍နှိပ်ဘိသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန်သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။ အသျှင်သာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှ တပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား့မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် မြဲမြံခိုင်ခံ့သော သားရေကြိုး ပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ် အား ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။ အသျှင် ဘုရားသာရိပုတြာ အကျွန်ုပ်အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင်လိမ္မာသော နွားသတ်ယောကျာ်းသည်လည်း ကောင်း၊ နွားသတ်ယောကျာ်း၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် ပြင်းပြကုန်သော လေတို့သည် ဝမ်းကို ရစ်ကုန်၏၊ အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ်အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါ ကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါ။

အသျှင်ဘုရားသာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းနှစ်ယောက်တို့သည် အလွန်အား နည်းသော ယောကျာ်းကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့ အပြန် အလှန် ကင်ကုန်ရာသကဲ့သို့ အသျှင်ဘုရားသာရိပုတြာ ဤအတူသာလျှင် ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင်ခြင်းသည် ဖြစ်ပါ၏။ အသျှင်ဘုရားသာရိပုတြာ အကျွန်ုပ် မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သောအရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သောအရာသည် မထင်ပါဟု (လျှောက်ထား၏)။

၃၈၅။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုပသာဒကို ငါမစွဲလမ်းအံ့၊ စက္ခုပသာဒ ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတပသာဒကို ငါမစွဲလမ်းအံ့၊ သောတပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဃာနပသာဒကို ငါမစွဲလမ်းအံ့၊ ဃာနပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဇိဝှါပသာဒကို ငါမစွဲလမ်းအံ့၊ ဇိဝှါပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤ သို့ကျင့်ရမည် “ကာယပသာဒကို ငါမစွဲလမ်းအံ့၊ ကာယပသာဒကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရ မည် “မနောဒွါရကို ငါမစွဲလမ်းအံ့၊ မနောဒွါရကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၁)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ရူပါရုံကို ငါမစွဲလမ်းအံ့၊ ရူပါရုံကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သဒ္ဒါရုံကို ငါမစွဲလမ်းအံ့။ပ။ ဂန္ဓာရုံကို ငါမစွဲလမ်းအံ့။ပ။ ရသာရုံကို ငါမစွဲ လမ်းအံ့။ပ။ ဖောဋ္ဌဗ္ဗာရုံကို ငါမစွဲလမ်းအံ့။ပ။ ဓမ္မာရုံကို ငါမစွဲလမ်းအံ့၊ ဓမ္မာရုံကို မှီ၍ဖြစ်သော ဝိညာဏ် သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၂)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုဝိညာဏ်ကို ငါမစွဲလမ်းအံ့၊ စက္ခုဝိညာဏ်ကို မှီ၍့ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ ဃာနဝိညာဏ်ကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ ကာယဝိညာဏ်ကို ငါမစွဲလမ်းအံ့။ပ။ မနောဝိညာဏ်ကို ငါ မစွဲလမ်းအံ့၊ မနောဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၃)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုသမ္ဖဿကို ငါမစွဲလမ်းအံ့၊ စက္ခုသမ္ဖဿကို မှီ၍ ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ ဃာနသမ္ဖဿကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ ကာယသမ္ဖဿကို ငါမစွဲလမ်းအံ့။ပ။ မနောသမ္ဖဿကို ငါမစွဲ လမ်းအံ့၊ မနောသမ္ဖဿကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့ လျှင် ကျင့်ရမည်။ (၄)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲ လမ်းအံ့၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ် လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “သောတ သမ္ဖဿ ကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ ဃာနသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲ လမ်းအံ့။ပ။ ဇိဝှါသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ ကာယသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို ငါမစွဲလမ်းအံ့၊ မနောသမ္ဖဿ ကြောင့် ဖြစ်သော ဝေဒနာကို မှီ၍ ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၅)

၃၈၆။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ပထဝီဓာတ်ကို ငါမစွဲလမ်းအံ့၊ ပထဝီဓာတ် ကို မှီ၍ဖြစ်သော ဝိညာဏ်သည်လည်း ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “အာပေါဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ တေဇောဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ ဝါယောဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ အာကာသဓာတ်ကို ငါမစွဲလမ်းအံ့။ပ။ ဝိညာဏဓာတ်ကို ငါမစွဲလမ်းအံ့၊ ဝိညာဏဓာတ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤ သို့လျှင် ကျင့်ရမည်။ (၆)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ရုပ်ကို ငါမစွဲလမ်းအံ့၊ ရုပ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ ကျင့်ရမည် “ဝေဒနာကို ငါမစွဲလမ်းအံ့။ပ။ သညာကို ငါမစွဲလမ်းအံ့။ သင်္ခါရတို့ကို ငါမစွဲလမ်းအံ့။ပ။ ဝိညာဏ်ကို ငါမစွဲလမ်းအံ့၊ ဝိညာဏ်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၇)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “အာကာသာနဉ္စာယတနဈာန်ကို ငါမစွဲလမ်းအံ့၊ အာကာသာနဉ္စာယတနဈာန်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့ လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဝိညာဏဉ္စာယတနဈာန်ကို ငါမစွဲ လမ်းအံ့။ပ။ အာကိဉ္စညာယတနဈာန်ကို ငါမစွဲလမ်းအံ့။ပ။ နေဝသညာနာသညာယတနဈာန်ကို ငါမစွဲလမ်း အံ့၊ နေဝသညာနာသညာယတနဈာန်ကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ (၈)

သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “ဤမျက်မှောက်ကာလကို ငါမစွဲလမ်းအံ့၊ ဤ မျက်မှောက်ကာလကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရ့မည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “တမလွန်လောကကို ငါမစွဲလမ်းအံ့၊ တမလွန် လောကကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်။ သူဌေး ထို့ကြောင့် သင်သည် ဤသို့ကျင့်ရမည် “မြင်ရ ကြားရ တွေ့ရ သိရ ရောက်ရ ရှာမှီးရ အဖန် ဖန်ရှာမှီးရ စိတ်ဖြင့်လေ့လာရသော အကြင်အာရုံသည် ရှိ၏၊ ထိုအာရုံကိုလည်း ငါမစွဲလမ်းအံ့၊ ထိုအာရုံကို မှီ၍ဖြစ်သော ဝိညာဏ်သည် ငါ့အား မဖြစ်လတ္တံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်ဆို၏)။ (၉)

၃၈၇။ ဤသို့ မိန့်ဆိုသည်ရှိသော် အနာထပိဏ်သူဌေးသည် ငိုကြွေး၏၊ မျက်ရည်တို့ကို ဖြစ်စေ၏။ ထိုအခါ အသျှင်အာနန္ဒာသည် အနာထပိဏ်သူဌေးအား “သူဌေး သင်သည် စည်းစိမ်တို့၌ ငြိကပ်သလော၊ သူဌေး သင်သည် ကုသိုလ်တို့၌ ဆုတ်နစ်သလော”ဟု (မိန့်ဆို၏)။ အသျှင်ဘုရားအာနန္ဒာ အကျွန်ုပ်သည် စည်းစိမ်တို့၌ မငြိကပ်ပါ၊ ကုသိုလ်တို့၌လည်း မဆုတ်နစ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်သည် ရှည်မြင့်စွာ သော ကာလပတ်လုံး မြတ်စွာဘုရားကို ဆည်းကပ်ပါ၏၊ စိတ်ကို ပွါးစေတတ်သော ရဟန်းတို့ကိုလည်း ဆည်းကပ်ပါ၏၊ သို့သော်လည်း အကျွန်ုပ်သည် ဤသို့သဘောရှိသော တရားစကားကို မကြားရဖူးပါဟု (လျှောက်၏)။ သူဌေး အဝတ်ဖြူဝတ် လူတို့မှာ ဤသို့ပင် သဘောရှိသော တရားစကားသည် မထင်နိုင်၊ သူဌေး ဤသို့ သဘောရှိသော တရားစကားသည် ရဟန်းတို့မှာသာ ထင်နိုင်၏ဟု (မိန့်ဆို၏)။ အသျှင် ဘုရားသာရိပုတြာ တိုက်တွန်းပါ၏၊ အဝတ်ဖြူဝတ်သော လူတို့မှာလည်း ဤသို့သဘောရှိသော တရား စကားကို ထင်ပါစေ၊ အသျှင်ဘုရား ဉာဏ်မျက်စိ၌ ကိလေသာမြူနည်းသော သဘောရှိကုန်သော အမျိုး ကောင်းသားတို့သည် ရှိကြပါကုန်၏၊ တရားတော်ကို မနာကြားရခြင်းကြောင့် တရားတော်မှ ဆုတ်ယုတ်နေ ကြပါကုန်၏၊ တရားတော်ကို သိလွယ်သူတို့သည် ရှိပါကုန်လတ္တံ့ဟု (လျှောက်၏)။

ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့သည် အနာထပိဏ်သူဌေးကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကြကုန်၏။ ထို့နောက် အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာနှင့် အသျှင်အာနန္ဒာတို့ ဖဲသွား၍ မကြာမီ ကွယ်လွန်လေ၏၊ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ထိုအခါ အနာထပိဏ်နတ်သားသည် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အလုံးစုံသော ဇေတဝန်ကျောင်းကို ထွန်းလင်းတောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာရှိခိုး၍ သင့် လျော်သော အရပ်၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်ပြီးသော် အနာထပိဏ်နတ်သားသည် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် လျှောက်၏ —

“ဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးရာလည်း ဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ်အား နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ဖြစ်စေပါ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သောအသက် မွေးမှု၊ ဤတရားကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။

အကြင် အမှတ်မရှိသော ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်၏၊ ထို ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထို တစ်ဖက်ကမ်း နိဗ္ဗာန်ရောက် ရဟန်းဟူသမျှထက်) မြတ်၏”ဟု (လျှောက်၏)။

အနာထပိဏ်နတ်သားသည် ဤစကားကို လျှောက်ထား၏။ မြတ်စွာဘုရားသည် အခွင့်ပြုတော်မူ၏။ ထိုအခါ အနာထပိဏ်နတ်သားသည် “မြတ်စွာဘုရားသည် ငါ၏ စကားကို အခွင့်ပြုတော်မူ၏”ဟု မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌သာလျှင် ကွယ်လေ၏။

၃၈၈။ ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့်ကို လွန်သဖြင့် ရဟန်းတို့ကို မိန့်တော်မူ၏ — ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ဦးသည် သန်းခေါင်ယံအချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အလုံးစုံသော ဇေတဝန်ကျောင်းကို ထွန်းလင်းတောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုးကာ သင့်လျော်ရာ၌ ရပ်တည်၏၊ သင့်လျော်ရာ၌ ရပ်တည်ပြီးသော် ထိုနတ်သားသည် ငါ့ကို ဂါထာတို့ဖြင့် လျှောက်ထား၏ —

“ဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ သီတင်းသုံးရာလည်းဖြစ်၏၊ ထို့ကြောင့် အကျွန်ုပ်အား နှစ်သိမ့်ခြင်း ‘ပီတိ’ကို ဖြစ်စေပါ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သောအသက်မွေးမှု၊ ဤတရားကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။

အကြင် အမှတ်မရှိသော ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်၏၊ ထို ရဟန်းသည် တစ်ဖက်ကမ်းနိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် မြတ်၏၊ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထို တစ်ဖက်ကမ်း နိဗ္ဗာန်ရောက် ရဟန်းဟူသမျှထက်) မြတ်၏”ဟု (လျှောက်၏)။

ရဟန်းတို့ ထိုနတ်သားသည် ဤဆိုခဲ့သည့် စကားကို လျှောက်ထား၏ “မြတ်စွာဘုရားသည် ငါ၏ စကားကို အခွင့်ပြုတော်မူ၏”ဟု ငါ့ကို ရှိခိုး၍ အရိုအသေပြုကာ ထိုအရပ်၌သာလျှင် ကွယ်လေ၏ဟု (မိန့် တော်မူ၏)။

ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “မြတ်စွာဘုရား ထိုနတ်သားသည် အနာထပိဏ်နတ်သားဖြစ်လိမ့်မည် ထင်ပါသည်၊ မြတ်စွာဘုရား အနာထပိဏ်သူဌေးသည် အသျှင်သာရိပုတြာကို အလွန်ကြည်ညိုပါ၏ဟု”ဟု (လျှောက်ထား၏)။ အာနန္ဒာ ကောင်းပေစွ ကောင်းပေစွ၊ အာနန္ဒာ ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့် ရောက်ထိုက်သော အရာမှန် သမျှသို့ သင် ရောက်ရှိနေ၏၊ အာနန္ဒာ ထိုနတ်သားသည် အနာထပိဏ်နတ်သားပင်တည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်လေပြီ။

ရှေးဦးစွာသော အနာထပိဏ္ဍိကောဝါဒသုတ် ပြီး၏။