မဇ္ဈိမနိကာယ်

၂—ဆန္ဒောဝါဒသုတ်

၃၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာစုန္ဒနှင့် အသျှင်ဆန္ဒ့တို့သည် ဂိဇ္ဈကုဋ်တောင်၌ နေကြကုန်၏။ ထိုအခါ အသျှင်ဆန္ဒသည် ဖျားနာနေ၏၊ ဒုက္ခရောက်နေ၏၊ အသည်းအသန် မမာနေ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မဟာစုန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာစုန္ဒကို ‘ငါ့သျှင်စုန္ဒ လာသွားကုန်အံ့၊ အသျှင်ဆန္ဒထံ လူမမာ မေးရန် ချဉ်းကပ်ကုန်အံ့”ဟု ဤစကားကို ပြောဆို၏။ “ငါ့သျှင် ကောင်းပါပြီ”ဟု အသျှင်မဟာစုန္ဒသည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထား၏။

ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် ဆန္ဒနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး ဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်ပြီးသော် အသျှင်သာရိပုတြာသည် အသျှင်ဆန္ဒအား “ငါ့သျှင်ဆန္ဒ အသို့နည်း၊ ခံ့ကျန်း၏လော၊ (ဣရိယာပထ) မျှတ၏လော၊ သင့်အား ဒုက္ခဝေဒနာတို့သည် ဆုတ်ယုတ်ကုန်၏လော၊ မတိုးတက်ဘဲ ရှိကုန်၏လော၊ ဆုတ်ယုတ်သော အရာသည် ထင်၏လော၊ တိုးတက်သော အရာသည် မထင်ဘဲ ရှိ၏လော”ဟု ဤစကားကို ပြောဆို၏။

ငါ့သျှင်သာရိပုတြာ မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဝေဒနာ တို့သည် တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည် ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသောယောကျာ်းသည် ထက်စွာသော ခက်ရင်းဖြင့် ထိပ်ကို ထိုး၍နှိပ်ဘိသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် အကျွန်ုပ်အား ပြင်းထန် သော လေတို့သည် ဦးထိပ်၌ ထိုးကျင့်ပါကုန်၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် မြဲမြံခိုင်ခံ့သော သားရေကြိုး ပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်ခြင်းကို ပေးရာသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ဦးခေါင်း၌ အလွန်ပြင်းထန်ကုန်သော ဦးခေါင်းကိုက်သော ဝေဒနာတို့သည် ဖြစ်ပါကုန်၏။ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် ကျွမ်းကျင်လိမ္မာသော နွားသတ်ယောကျာ်းသည်လည်းကောင်း၊ နွားသတ်ယောကျာ်း၏ တပည့်သည်လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို ရစ်၍ လှီးဘိသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ပြင်းထန်ကုန်သော လေတို့သည် ဝမ်းဗိုက်ကို ရစ်ကုန်၏၊ ငါ့သျှင် သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်းထန်ကုန် သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက် သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ။

ငါ့သျှင်သာရိပုတြာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းနှစ်ယောက်တို့သည် အလွန်အားနည်းသော ယောကျာ်းကို အသီးအသီး လက်မောင်းတို့၌ ကိုင်၍ မီးကျီးစု၌ ကင်ကုန်ရာသကဲ့သို့ အပြန်အလှန် ကင်ကုန်ရာသကဲ့သို့ ငါ့သျှင်သာရိပုတြာ ဤအတူသာလျှင် ငါ့အား ခန္ဓာကိုယ်၌ ပြင်းပြင်းထန်ထန် ပူလောင် ခြင်းသည် ဖြစ်ပါ၏။ ငါ့သျှင်သာရိပုတြာ ငါ့အား မခံ့ကျန်းပါ၊ (ဣရိယာပထ) မမျှတပါ၊ ငါ့အား ပြင်း ထန်ကုန်သော ဒုက္ခဝေဒနာတို့သည် ရှေ့သို့သာ တိုးတက်ပါကုန်၏၊ နောက်သို့ကား မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အရာသည်သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အရာသည် မထင်ပါ၊ ငါ့သျှင်သာရိပုတြာ ဓား ကို အသုံးပြုတော့မည်၊ အသက်ရှင်ခြင်းကို မလိုလားတော့ပါဟု (ပြောဆို၏)။

၃၉ဝ။ အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊ အသျှင်ဆန္ဒသည် မျှတပါလော့၊ ငါတို့သည့်အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဘောဇဉ်တို့သည် မရှိကုန်အံ့၊ ငါသည် အသျှင်ဆန္ဒအတွက် သင့်လျော်သော ဘောဇဉ်တို့ကို ရှာပါအံ့၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော ဆေးတို့သည် မရှိကုန်အံ့၊ ငါသည် အသျှင်ဆန္ဒအတွက် သင့်လျော်သော ဆေးတို့ကို ရှာပါအံ့၊ အကယ်၍ အသျှင်ဆန္ဒအား သင့်လျော်သော အလုပ်အကျွေးသည် မရှိအံ့၊ ငါသည် အသျှင်ဆန္ဒကို လုပ်ကျွေးပါအံ့၊ အသျှင်ဆန္ဒသည် ဓားလက်နက်ကို အသုံးမပြုပါလင့်၊ အသျှင်ဆန္ဒသည် မျှတပါလော့၊ ငါတို့သည် အသျှင်ဆန္ဒ မျှတသည်ကို အလိုရှိပါကုန်၏ဟု (ပြောဆိုကြက ုန်၏)။

ငါ့သျှင်သာရိပုတြာ ငါ့အား သင့်လျော်သော ဘောဇဉ်မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော် ဆေးလည်း မရှိသည် မဟုတ်၊ ငါ့အား သင့်လျော်သော အလုပ်အကျွေးလည်း မရှိသည် မဟုတ်။ ငါ့သျှင် သာရိပုတြာ စင်စစ် ငါသည် ဆရာဖြစ်သော မြတ်စွာဘုရားကို ရှည်မြင့်စွာသော ကာလပတ်လုံး စိတ်လက် ပါပါသာလျှင် လုပ်ကျွေးခဲ့ပြီ၊ စိတ်လက်မပါဘဲ လုပ်ကျွေးခဲ့သည် မဟုတ်၊ ငါ့သျှင်သာရိပုတြာ ဆရာဖြစ်သော မြတ်စွာဘုရားကို စိတ်လက် ပါပါသာလျှင် လုပ်ကျွေး၍ စိတ်လက်မပါဘဲ လုပ်ကျွေးခြင်း မဟုတ်ခြင်းသည် သာလျှင် တပည့်အား လျော်၏။ ငါ့သျှင့်သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြုလတ္တံ့ ဟူ၍သာလျှင် သင်မှတ်ပါလော့ဟု (ပြောဆို၏)။ အသျှင်ဆန္ဒသည် အကယ် ၍ ပြဿနာကို ဖြေဆိုရန် အခွင့်ပြုပါလျှင် ငါတို့သည် အသျှင်ဆန္ဒကို တစ်စုံတစ်ခုသော အရာကို မေးလိုပါ ကုန်၏ဟု (ဆိုကြကုန်၏)။ ငါ့သျှင်သာရိပုတြာ မေးပါလော့၊ ကြားရပြီးနောက် သိရပါအံ့ဟု (ဆို၏)။

၃၉၁။ ငါ့သျှင်ဆန္ဒ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့်သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသလောဟု (မေး၏)။ ငါ့သျှင်ဆန္ဒ သောတပသာဒ + သောတဝိညာဏ်။ပ။ ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့်သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာမဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသလောဟု (မေး၏)။

ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်’အတ္တ’မဟုတ်”ဟု ရှုပါ၏။ ငါ့သျှင် သာရိပုတြာ သောတပသာဒ။ပ။ ငါ့သျှင်သာရိပုတြာ ဃာနပသာဒ။ ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ။ ငါ့သျှင် သာရိပုတြာ ကာယပသာဒ။ ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ် သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏ဟု (လျှောက်၏)။

၃၉၂။ ငါ့သျှင်ဆန္ဒ စက္ခုပသာဒ+စက္ခုဝိညာဏ်+ စက္ခုဝိညာဏ်ဖြင့်သိအပ်သော တရားတို့၌ အဘယ် ကိုမြင်၍ အဘယ်ကိုသိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သောတရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ်’အတ္တ’ မဟုတ်”ဟု ရှုပါသနည်း။ ငါ့သျှင်ဆန္ဒ သောတ ပသာဒ + သောတဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဃာနပသာဒ + ဃာနဝိညာဏ်။ ငါ့သျှင်ဆန္ဒ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်ဆန္ဒ ကာယပသာဒ + ကာယဝိညာဏ်။ ငါ့သျှင်ဆန္ဒ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့်သိအပ်သော တရားတို့၌ အဘယ်ကို မြင်၍ အဘယ်ကို သိ၍ “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါသနည်းဟု (မေး၏)။

ငါ့သျှင်သာရိပုတြာ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ့်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ စက္ခုပသာဒ + စက္ခုဝိညာဏ် + စက္ခုဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ရှုပါ၏။ ငါ့သျှင်သာရိပုတြာ သောတပသာဒ + သောတဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ဃာနပသာဒ + ဃာန ဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ဇိဝှါပသာဒ + ဇိဝှါဝိညာဏ်။ ငါ့သျှင်သာရိပုတြာ ကာယပသာဒ + ကာယ ဝိညာဏ်။ ငါ့သျှင်သာရိပုတြာ မနောဒွါရ + မနောဝိညာဏ် မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့၌ ချုပ်ပျက်မှုကို မြင်၍ ချုပ်ပျက်မှုကို သိ၍ မနောဒွါရ + မနောဝိညာဏ် + မနောဝိညာဏ်ဖြင့် သိအပ်သော တရားတို့ကို “ဤဟာ ငါ့ဟာ မဟုတ်၊ ဤဟာ ငါမဟုတ်၊ ဤဟာ ငါ၏ ကိုယ် ‘အတ္တ’မဟုတ်”ဟု ရှုပါ၏ဟု (ပြောဆို၏)။

၃၉၃။ ဤသို့ ပြောဆိုသော် အသျှင်မဟာစုန္ဒသည် အသျှင်ဆန္ဒအား “ငါ့သျှင်ဆန္ဒ ထို့ကြောင့် ‘မှီတွယ်သူမှာ လှုပ်ရှား၏၊ မမှီတွယ်သူမှာ လှုပ်ရှားမှု မရှိ၊ လှုပ်ရှားမှု မရှိလတ်သော် ငြိမ်းအေး၏၊ ငြိမ်းအေးလတ်သော် တိမ်းညွတ်မှု မရှိ၊ တိမ်းညွတ်မှု မရှိလတ်သော် အလားအလာမရှိ၊ အလားအလာ မရှိသော် ရွေ့လျောကပ်ရောက်မှု မရှိ၊ ရွေ့လျောကပ်ရောက်မှု မရှိသော် ဤဘဝမှာလည်း မဖြစ်၊ တမလွန် ဘဝမှာလည်း မဖြစ်၊ နှစ်ပါးစုံမှာလည်း မဖြစ်၊ ဤသည်ပင်လျှင် ဆင်းရဲဒုက္ခ၏ အဆုံးမည်၏’ ဟူသော ဤမြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း အမြဲနှလုံးသွင်းသင့်၏”ဟု (ပြောဆို၏)။ ထို့နောက် အသျှင် သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့သည် အသျှင်ဆန္ဒကို ဤအဆုံးအမဖြင့် ဆုံးမ၍ နေရာမှထကာ ဖဲသွားကုန်၏။

၃၉၄။ ထိုအခါ အသျှင်ဆန္ဒသည် အသျှင်သာရိပုတြာနှင့် အသျှင်မဟာစုန္ဒတို့ ဖဲသွား၍ မကြာမီ ဓားလက်နက်ကို အသုံးပြု၏။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အလွန် ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား “အသျှင်ဘုရား အသျှင်ဆန္ဒသည် ဓား လက်နက်ကို အသုံးပြုပါ၏၊ အသျှင်ဆန္ဒ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ် ပါနည်း”ဟု လျှောက်ထား၏။

သာရိပုတြာ ရဟန်းဆန္ဒသည် သင်၏ မျက်မှောက်၌ပင်လျှင် ကပ်ရောက်ရာမရှိသည်၏ အဖြစ်ကို ပြောကြားသည် မဟုတ်လောဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ပုဗ္ဗဇိရမည်သော ဝဇ္ဇိရွာသည် ရှိပါ၏၊ ထိုရွာ၌ အသျှင်ဆန္ဒ၏ ချစ်ကျွမ်းဝင်သော အမျိုးတို့သည်လည်းကောင်း၊ စိတ်သဘောကောင်းသော အမျိုး တို့သည်လည်းကောင်း၊ ချဉ်းကပ်ထိုက်သော အမျိုးတို့သည်လည်းကောင်း ရှိပါကုန်၏ဟု (လျှောက်၏)။

သာရိပုတြာ ရဟန်းဆန္ဒအား ထိုချစ်ကျွမ်းဝင်သောအမျိုး စိတ်သဘောကောင်းသောအမျိုး ချဉ်းကပ် ထိုက်သော အမျိုးတို့သည် ရှိကုန်သည်သာတည်း။ သာရိပုတြာ ငါသည် ဤရှိကာမျှဖြင့် ကပ်ရောက်စရာ ရှိ၏ဟု မဆို။ သာရိပုတြာ စင်စစ် အကြင်သူသည် ဤကိုယ်ကိုလည်း စွန့်ပစ်၍ တစ်ပါးသော ကိုယ်ကိုလည်း စွဲလမ်း၏၊ ထိုပုဂ္ဂိုလ်ကို ကပ်ရောက်ရာရှိသူဟူ၍ ငါဟော၏၊ ရဟန်းဆန္ဒအား ထိုကပ်ရောက် စရာသည် မရှိ၊ သာရိပုတြာ ရဟန်းဆန္ဒသည် ကပ်ရောက်ရာ မရှိသည်ဖြစ်၍ ဓားလက်နက်ကို အသုံးပြု သွားပြီဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

နှစ်ခုမြောက် ဆန္ဒောဝါဒသုတ် ပြီး၏။