မဇ္ဈိမနိကာယ်

၃—ပုဏ္ဏောဝါဒသုတ်

၃၉၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန့်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်ပုဏ္ဏသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်၏၊ သင့်လျော်ရာ၌ ထိုင်ပြီး သော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— “မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို နာရ၍ တစ်ပါးတည်း ကင်းကင်းရှင်းရှင်း မမေ့မလျော့ လုံ့လပြု၍ စိတ်စိုက်ကာ နေလိုပါ၏”ဟု (လျှောက်ထား၏)။ ပုဏ္ဏ ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်ပုဏ္ဏသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤတရားတော်ကို မိန့်တော်မူ၏ —

ပုဏ္ဏ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်း ဖွယ်ဖြစ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော အဆင်းရူပါရုံတို့သည် ရှိကုန်၏။ ရဟန်း သည် ထိုရူပါရုံကို နှစ်သက်အံ့၊ တမ်းတပြောဆိုအံ့၊ စွဲမက်၍တည်အံ့။ ထိုရူပါရုံကို နှစ်သက်တမ်းတ စွဲမက်၍ တည်သော ထိုရဟန်းအား တပ်မက်မှုသည် ဖြစ်၏၊ ပုဏ္ဏ တပ်မက်မှုဖြစ်ခြင်းကြောင့် ဆင်းရဲမှုဖြစ်၏ဟု ငါဟော၏။

ပုဏ္ဏ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် ရှိကုန်၏။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့သည်။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ကုန်ဖြစ်သော မနောဝိညာဏ်ဖြင့်သိအပ်ကုန်သော ဓမ္မာရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုဓမ္မာရုံကို နှစ်သက်အံ့၊ တမ်းတပြောဆိုအံ့၊ စွဲမက်၍တည်အံ့။ ထိုဓမ္မာရုံကို နှစ်သက် တမ်းတ စွဲမက်၍တည်သော ထိုရဟန်းအား တပ်မက်မှုသည် ဖြစ်၏၊ ပုဏ္ဏ တပ်မက်မှုဖြစ်ခြင်း ကြောင့် ဆင်းရဲမှုဖြစ်၏ဟု ငါဟော၏။

ပုဏ္ဏ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ(ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ကုန်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုရူပါရုံကို အကယ်၍ မနှစ်သက်အံ့၊ မတမ်းတအံ့၊ မစွဲမက်မူ၍ တည်အံ့။ ထိုရူပါရုံကို မနှစ်သက် မတမ်း တ မစွဲမက်မူ၍ တည်သော ထိုရဟန်းအား တပ်မက်မှု ချုပ်၏၊ ပုဏ္ဏ တပ်မက်မှု ချုပ်ခြင်းကြောင့် ဆင်းရဲမှု ချုပ်၏ဟု ငါ ဟော၏။

ပုဏ္ဏ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် ရှိကုန်၏။ပ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့သည်။ ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည်။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ)နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်ကုန်သော မနောဝိညာဏ်ဖြင့်သိအပ်ကုန်သော ဓမ္မာရုံတို့သည် ရှိကုန်၏။ ရဟန်းသည် ထိုဓမ္မာရုံကို အကယ်၍ မနှစ်သက်အံ့၊ မတမ်းတအံ့၊ မစွဲမက်မူ၍ တည်အံ့။ ထိုဓမ္မာရုံကို မနှစ်သက် မတမ်းတ မစွဲမက်မူ၍ တည်သော ထိုရဟန်းအား တပ်မက်မှု ချုပ်၏၊ ပုဏ္ဏ တပ်မက်မှု ချုပ်ခြင်းကြောင့် ဆင်းရဲမှုချုပ်၏ဟု ငါဟော၏။

ပုဏ္ဏ သင်သည် ငါ့ထံမှ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် အဆုံးအမခံ၍ အဘယ်ဇနပုဒ်၌ နေ မည်နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားထံမှ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် အဆုံးအမခံ၍ သုနာပရ န္တမည်သော ဇနပုဒ်၌ အကျွန်ုပ်နေပါအံ့ဟု (လျှောက်၏)။

၃၉၆။ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ကြမ်းကြုတ်ကုန်၏၊ ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ခက်ထန်ကုန်၏၊ ပုဏ္ဏ သုနာပရ န္တတိုင်းသား ဖြစ်ကုန် သော လူတို့သည် သင့်ကို အကယ်၍ ဆဲရေးကုန်အံ့၊ ခြိမ်းခြောက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ပြုရာ၌ သင့်အား့အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ဆဲရေးကုန်အံ့၊ ခြိမ်းခြောက်ကုန်အံ့၊ ထိုသို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် ငါ့အား လက်ဖြင့် မပုတ်ခတ်ကြသေးပေ၊ ဤသုနာပရ န္တ တိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရ န္တ တိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန် တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤ သို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ် သော မြတ်စွာဘုရား ဤသို့ ဆဲရေးခြိမ်းခြောက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ လက်ဖြင့် ပုတ်ခတ် ကုန်အံ့၊ ပုဏ္ဏ ထိုသို့ ပုတ်ခတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ လက်ဖြင့် ပုတ်ခတ်ကုန်အံ့၊ ထိုသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့ သည် ငါ့အား ခဲဖြင့် မပေါက်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေ စွ၊ ဤသုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ဤသို့ ပုတ်ခတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ခဲဖြင့် ပေါက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ခဲဖြင့် ပေါက်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်အား အကယ်၍ ခဲဖြင့် ပေါက်ကုန်အံ့၊ ထိုသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ဖြစ်ပါလတ္တံ့ “ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် ငါ့အား တုတ်ဖြင့်မရိုက် ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ဤသို့ ခဲဖြင့်ပေါက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ တုတ်ဖြင့် ရိုက်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ တုတ်ဖြင့်ရိုက်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ တုတ်ဖြင့် ရိုက်ကုန်အံ့၊ ထိုသို့ တုတ်ဖြင့် ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ဤသုနာပရ န္တတိုင်းသား ဖြစ်ကုန်သော လူတို့ သည် ငါ့အား ဓားဖြင့် မခုတ်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေ စွ၊ ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ တုတ်ဖြင့်ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ တုတ်ဖြင့်ရိုက်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ဓားဖြင့် ခုတ်ကုန်အံ့၊ ပုဏ္ဏ ထိုသို့ ဓားဖြင့် ခုတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော်မူ၏)။ မြတ်စွာဘုရား သုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ဓားဖြင့် ခုတ်ကုန်အံ့၊ ထိုသို့ ဓားဖြင့်ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ဖြစ်ပါလတ္တံ့ “ဤသုနာပရန္တတိုင်းသား ဖြစ်ကုန်သော လူတို့သည် ငါ့အား ထက်စွာသော ဓားဖြင့် အသေမသတ်ကြသေးပေ၊ ဤသုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် တော်ကြလေစွ၊ ဤသုနာပရန္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အလွန်တော်ကြလေစွ”ဟု ဘုန်း တော်ကြီးသော မြတ်စွာဘုရား ဤသို့ ဓားဖြင့် ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ ဓားဖြင့် ခုတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါ လတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် သင့်အား အကယ်၍ ထက်စွာသော ဓားဖြင့် အသေသတ်ကုန်အံ့၊ ပုဏ္ဏ ထိုသို့အသေသတ်ရာ၌ သင့်အား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု (မေးတော် မူ၏)။ မြတ်စွာဘုရား သုနာပရ န္တတိုင်းသားဖြစ်ကုန်သော လူတို့သည် အကျွန်ုပ်ကို အကယ်၍ ထက်စွာ သော ဓားဖြင့် အသေသတ်ကုန်အံ့၊ ထိုသို့အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ “ကိုယ်၌လည်းကောင်း၊ အသက်၌လည်းကောင်း ငြီးငွေ့ရွံ့ရှာစက်ဆုပ်သည်ဖြစ်၍ သေစေနိုင်မည့် လက်နက်ကို ရှာဖွေနေကြကုန်သော မြတ်စွာဘုရား၏ တပည့်များ ရှိကြသေး၏၊ ထိုသေစေနိုင်မည့်လက်နက်ကို ငါ မရှာ ဖွေရဘဲ ရပေပြီ”ဟု ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤသို့ အသေသတ်ရာ၌ အကျွန်ုပ်အား ဤသို့ ဖြစ်ပါလတ္တံ့ဟု (လျှောက်၏)။

ပုဏ္ဏ ကောင်းပေစွ ကောင်းပေစွ၊ ပုဏ္ဏ သင်သည် ဤသည်းခံခြင်းဟူသော ယဉ်ကျေးညင်သာခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ သုနာပရ န္တဇနပုဒ်၌ နေခြင်းငှါ စွမ်းနိုင်လတ္တံ့၊ ပုဏ္ဏ ယခုအခါ၌ သွားရန်အချိန်ကို သင်သိ၏ ‘သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏’ဟု (မိန့်တော်မူ၏)။

၃၉၇။ ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို အလွန်နှစ်သက် ဝမ်းမြောက်၍ နေရာမှထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ကျောင်းအိပ်ရာ နေရာကို သိုမှီးသိမ်းဆည်းပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ သုနာပရ န္တဇနပုဒ်ဆီသို့ ဒေသစာရီလှည့်လည်၏။ အစဉ်အတိုင်း ဒေသစာရီလှည့်လည်သော် သုနာပရ န္တဇနပုဒ်ဆီသို့ ဆိုက်ရောက်၍ သုနာပရ န္တဇနပုဒ်၌ နေ၏။ ထိုအခါ အသျှင်ပုဏ္ဏသည် ထိုဝါတွင်းမှာပင် ငါးရာအတိုင်းအရှည်ရှိကုန်သော ဥပါသကာယောကျာ်း တို့ကို သစ္စာလေးပါးတရားကို သိစေ၏၊ ထိုဝါတွင်းမှာပင် ငါးရာအတိုင်းအရှည်ရှိကုန်သော ဥပါသကာ မိန်းမတို့ကို သစ္စာလေးပါးတရားကို သိစေ၏၊ အသျှင်ပုဏ္ဏသည် ထိုဝါတွင်းမှာပင် ဝိဇ္ဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြု၍ နောက်အချိန်၌ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကုန်ပြီးသော် ထိုရဟန်းတို့ သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ပုဏ္ဏမည်သော အမျိုးကောင်းသားကို မြတ်စွာဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူလိုက်ပါ၏၊ ထိုပုဏ္ဏသည် ကွယ်လွန်ပါပြီ၊ ထိုပုဏ္ဏ၏ လားရာ ဂတိသည် အဘယ်ပါနည်း၊ တမလွန်ဘဝသည် အဘယ်ပါနည်း”ဟု လျှောက်ထားကုန်၏။ ရဟန်းတို့ အမျိုးကောင်းသားပုဏ္ဏသည် ပညာရှိ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ တရားကို ဆိုလေ့ရှိ၏၊ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကို တရားတည်း ဟူသော အကြောင်းကြောင့် မပင်ပန်းစေ။ ရဟန်းတို့ အမျိုးကောင်းသားပုဏ္ဏသည် ပရိနိဗ္ဗာန်စံပြီဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

သုံးခုမြောက် ပုဏ္ဏောဝါဒသုတ် ပြီး၏။