မဇ္ဈိမနိကာယ်

၅—စူဠရာဟုလောဝါဒသုတ်

၄၁၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါး တည်း ကိန်းအောင်းနေစဉ် “ရာဟုလာအား အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်ကုန်သော သဘောတရား တို့သည် ရင့်ကျက်ကုန်ပြီ၊ ငါသည် ရာဟုလာအား တစ်ဆင့်တက်၍ အာသဝေါတရားတို့၏ ကုန်ခန်းမှု၌ သွန်သင်ဆုံးမရမူ ကောင်းလေစွ”ဟု ဤသို့သော စိတ်အကြံသည် ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကိုယူကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်၏၊ သာဝတ္ထိ ပြည်၌ ဆွမ်ခံလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် အသျှင်ရာဟုလာကို “ရာဟုလာ နိသီဒိုင်ကို ယူခဲ့လော့၊ အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်ကုန်အံ့”ဟု မိန်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်ရာဟုလာသည် မြတ်စွာဘုရားအား ပြန်လျှောက်ထား၍ နိသီဒိုင်အခင်းကို ယူလျက် မြတ်စွာဘုရား၏ နောက်တော်မှ အစဉ်လိုက်၏။

ထိုအခါ ထောင်ပေါင်းများစွာသော နတ်တို့သည် “ယနေ့ မြတ်စွာဘုရားသည် အသျှင်ရာဟုလာကို တစ်ဆင့်တက်၍ အာသဝေါတို့၏ ကုန်ခန်းမှု၌ သွန်သင်တော်မူလတ္တံ့”ဟု နှလုံးပိုက်၍ မြတ်စွာဘုရားသို့ အစဉ်လိုက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် အန္ဓဝန်တောသို့ သက်ဝင်၍ တစ်ခုသော သစ်ပင်ရင်း ခင်းထားသောနေရာ၌ ထိုင်တော်မူ၏၊ အသျှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်ရာဟုလာကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော် မူ၏—

၄၁၇။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရား (ဟု လျှောက်၏)။ မမြဲသော စက္ခု ပသာဒသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုပသာဒကို “ဤစက္ခုပသာဒသည် ငါ့ဟာတည်း၊ ဤစက္ခုပသာဒသည် ငါတည်း၊ ဤစက္ခုပသာဒသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ရာဟုလာ ထိုစကားကို့အဘယ်သို့ အောက်မေ့သနည်း၊ ရူပါရုံတို့သည် မြဲကုန်သလော မမြဲကုန်သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင် ဘုရားဟု (လျှောက်၏)။ မမြဲသော ရူပါရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲ ပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရူပါရုံကို “ဤရူပါရုံသည် ငါ့ဟာတည်း၊ ဤရူပါရုံသည် ငါတည်း၊ ဤရူပါရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။

ရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုဝိညာဏ်သည် မြဲသလော မမြဲ သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော စက္ခုဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုဝိညာဏ်ကို “ဤစက္ခုဝိညာဏ်သည် ငါ့ဟာတည်း၊ ဤ စက္ခုဝိညာဏ်သည် ငါတည်း၊ ဤစက္ခုဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုသမ္ဖဿသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော စက္ခုသမ္ဖဿသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော် မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခုသမ္ဖဿကို “ဤစက္ခုသမ္ဖဿသည် ငါ့ဟာတည်း၊ ဤစက္ခုသမ္ဖဿသည် ငါတည်း၊ ဤစက္ခုသမ္ဖဿ သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင် ဘုရားဟု (လျှောက်၏)။

ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ စက္ခုသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း မြဲသလော မမြဲသလောဟု (မေး တော်မူ၏)။ မမြဲပါအသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကို “ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော် မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။

၄၁၈။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ သောတပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ဃာနပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ဇိဝှါပသာဒသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ ကာယပသာဒ သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ပ။ မနောဒွါရ သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောဒွါရသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဒွါရကို “ဤမနောဒွါရသည် ငါ့ဟာ တည်း၊ ဤမနောဒွါရသည် ငါတည်း၊ ဤမနောဒွါရသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါ မည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ ဓမ္မာရုံတို့သည် မြဲကုန်သလော့မမြဲကုန်သလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဓမ္မာရုံသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော ဓမ္မာရုံကို “ဤဓမ္မာရုံသည် ငါ့ဟာတည်း၊ ဤဓမ္မာရုံသည် ငါတည်း၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့ သနည်း၊ မနောဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောဝိညာဏ်ကို “ဤမနောဝိညာဏ်သည် ငါ့ဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။

ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ မနောသမ္ဖဿသည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော မနောသမ္ဖဿသည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မနောသမ္ဖဿကို “ဤမနောသမ္ဖဿသည် ငါ့ဟာတည်း၊ ဤ မနောသမ္ဖဿသည် ငါတည်း၊ ဤမနောသမ္ဖဿသည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည် လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။ ချစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။ မမြဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အသျှင်ဘုရားဟု (လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကို “ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ့ဟာတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါတည်း၊ ဤဝေဒနာ သညာ သင်္ခါရ ဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’ တည်း”ဟု ရှုခြင်းငှါ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အသျှင်ဘုရားဟု (လျှောက်၏)။

၄၁၉။ ချစ်သားရာဟုလာ အကြားအမြင်ရှိသော အရိယာ၏တပည့်သည် ဤသို့ရှု မြင်သော် စက္ခု ပသာဒ၌ ငြီးငွှေ့၏၊ ရူပါရုံတို့၌ ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌ ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌ ငြီးငွေ့၏၊ စက္ခု သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌လည်း ငြီးငွေ့၏၊ သောတပသာဒ၌ ငြီးငွေ့၏၊ သဒ္ဒါရုံတို့၌ ငြီးငွေ့၏။ပ။ ဃာနပသာဒ၌ ငြီးငွေ့၏၊ ဂန္ဓာရုံတို့၌ ငြီးငွေ့၏၊ ဇိဝှါပသာဒ၌ ငြီးငွေ့၏၊ ရသာရုံတို့၌ ငြီးငွေ့၏၊ ကာယပသာဒ၌ ငြီးငွေ့၏၊ ဖောဋ္ဌဗ္ဗာရုံတို့၌ ငြီးငွေ့၏၊ မနောဒွါရ၌ ငြီးငွေ့၏၊ ဓမ္မာရုံတို့၌ ငြီးငွေ့၏၊ မနောဝိညာဏ်၌ ငြီးငွေ့၏၊ မနောသမ္ဖဿ၌ ငြီးငွေ့၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် တပ်ခြင်းကင်း၏၊ တပ်ခြင်းကင်းခြင်းကြောင့် ကိလေသာမှလွတ်၏၊ ကိလေသာမှ လွတ်သော် “ကိလေသာမှ လွတ်ပြီ”ဟု အသိဉာဏ်ဖြစ်၏။ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအတွက် နောက်ထပ်ပြုဖွယ် မရှိတော်ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်ရာဟုလာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။ စင်စစ် ဤစုဏ္ဏိယတရား့ဒေသနာတော်ကို ဟောသည်ရှိသော် အသျှင်ရာဟုလာ၏ စိတ်သည် တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကိုမျှ မစွဲလမ်းတော့ဘဲ အာသဝေါတရားတို့မှ လွတ်ပြီ၊ ထိုထောင်ပေါင်းများစွာသော နတ်တို့အားလည်း “ဖြစ်ပေါ်ခြင်းသဘောရှိသော တရားမှန်သမျှသည် ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု ကိလေသာ မြူအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ဖြစ်ပေါ်လေပြီ။

ငါးခုမြောက် စူဠရာဟုလောဝါဒသုတ် ပြီး၏။