မဇ္ဈိမနိကာယ်

၇—မဟာသဠာယတနိကသုတ်

၄၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော် မူ၏။ “မြတ်စွာဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —“ရဟန်းတို့ သင်တို့အား ကျယ်ပြန့်သော အာယတနခြောက်ပါး တို့ကို ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့် တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏ —

၄၂၉။ ရဟန်းတို့ စက္ခုကိုဟုတ်မှန်တိုင်း မသိမမြင်၍ ရူပါရုံတို့ကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုဝိညာဏ်ကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုသမ္ဖဿကိုဟုတ်မှန်တိုင်း မသိမမြင်၍ စက္ခုသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ကိုလည်းဟုတ်မှန် တိုင်း မသိ မမြင်၍ စက္ခု၌ ပြင်းစွာတပ်နှစ်သက်၏၊ ရူပါရုံတို့၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုဝိညာဏ်၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုသမ္ဖဿ၌ ပြင်းစွာတပ်နှစ်သက်၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာ၌လည်း ပြင်းစွာ တပ်နှစ်သက်၏။

ပြင်းစွာတပ်နှစ်သက်သော ရာဂနှင့်ယှဉ်သော တွေဝေသော သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ပွါးခြင်းသို့ ရောက်ကုန်၏။ ထို ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့် တကွဖြစ်သော ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပွါး၏။ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်းခြင်းတို့ သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူပန်ခြင်း တို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူလောင် ခြင်းတို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း၊ စိတ်၌ ဖြစ်သော ဆင်းရဲကိုလည်းကောင်း ခံစားရ၏။

ရဟန်းတို့ သောတကိုဟုတ်မှန်တိုင်း မသိမမြင်၍။ပ။ ရဟန်းတို့ ဃာနကိုဟုတ်မှန်တိုင်း မသိ မမြင်၍။ပ။ ရဟန်းတို့ ဇိဝှါကိုဟုတ်မှန်တိုင်း မသိမမြင်၍။ပ။ ရဟန်းတို့ ကာယကိုဟုတ်မှန်တိုင်း မသိ မမြင်၍။ပ။ ရဟန်းတို့ မနကိုဟုတ်မှန်တိုင်း မသိမမြင်၍၊ ရဟန်းတို့ ဓမ္မာရုံတို့ကိုဟုတ်မှန်တိုင်း မသိ မမြင်၍၊ ရဟန်းတို့ မနောဝိညာဏ်ကိုဟုတ်မှန်တိုင်း မသိမမြင်၍၊ ရဟန်းတို့ မနောသမ္ဖဿကိုဟုတ်မှန် တိုင်း မသိမမြင်၍၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခ သော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ်မှန်တိုင်း မသိမမြင် မူ၍ မနောဒွါရ၌ ပြင်းစွာတပ်နှစ်သက်၏၊ ဓမ္မာရုံတို့၌ ပြင်းစွာတပ်နှစ်သက်၏၊ မနောဝိညာဏ်၌ ပြင်းစွာ တပ်နှစ်သက်၏၊ မနောသမ္ဖဿ၌ ပြင်းစွာတပ်နှစ်သက်၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ် ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာ၌လည်း ပြင်းစွာတပ်နှစ်သက်၏။

ပြင်းစွာတပ်နှစ်သက်သော ရာဂနှင့်ယှဉ်သော တွေဝေသော သာယာဖွယ်ကို ရှုလေ့ရှိသည်ဖြစ်၍နေ သော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ပွါးခြင်းသို့ ရောက်ကုန်၏။ ထို ပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့် တကွဖြစ်သော ထိုထိုအာရုံ၌့အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပွါး၏။ ထိုပုဂ္ဂိုလ်အား ကိုယ်ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့ သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပွါးကုန်၏၊ ကိုယ်၌ဖြစ်သော ပူလောင် ခြင်းတို့သည်လည်း ပွါးကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပွါးကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း၊ စိတ်၌ဖြစ်သော ဆင်းရဲကိုလည်းကောင်း ခံစားရ၏။

၄၃ဝ။ ရဟန်းတို့ စက္ခုကိုဟုတ်မှန်တိုင်း သိမြင်၍ ရူပါရုံတို့ကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခု ဝိညာဏ်ကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခုသမ္ဖဿကိုဟုတ်မှန်တိုင်း သိမြင်၍ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်း ကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ်မှန်တိုင်း သိမြင်၍ စက္ခု၌ ပြင်းစွာ မတပ်နှစ်သက်၊ ရူပါရုံ တို့၌ ပြင်းစွာ မတပ်နှစ်သက်၊ စက္ခုဝိညာဏ်၌ ပြင်းစွာ မတပ်နှစ်သက်၊ စက္ခုသမ္ဖဿ၌ ပြင်းစွာ မတပ် နှစ်သက်၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်း ကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့၌လည်း ပြင်းစွာ မတပ်နှစ်သက်။

ပြင်းစွာ မတပ်နှစ်သက်သော ရာဂနှင့်မယှဉ်သော မတွေဝေသော အပြစ်ကိုရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆုတ်ယုတ်ခြင်းသို့ ရောက်ကုန်၏။ ထိုပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့်တကွဖြစ်သော ထိုထိုအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပျောက်ကင်း၏။ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်း ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကိုလည်း ကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း ခံစားရ၏။

၄၃၁။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်ဉာဏ်အမြင်သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုဉာဏ်အမြင်သည် မှန်သောဉာဏ်အမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာ အားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား အကြင်အကြံသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအကြံသည် မှန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောထိုပုဂ္ဂိုလ်အား အကြင်အားထုတ်ခြင်း သည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဖြစ်၏။ ထိုသို့ သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အောက်မေ့ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထို အောက်မေ့ခြင်းသည် မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်တည်ကြည်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုတည်ကြည်ခြင်းသည် မှန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်း ကောင်း၊ အသက်မွေးမှုသည်လည်းကောင်း မဆွကပင် စင်ကြယ်ပြီးဖြစ်၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်အား မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်၏။

ဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣန္ဒြေတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဗိုလ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည်လည်း ဘာဝနာ့ပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ထိုပုဂ္ဂိုလ်အား သမထ ဝိပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် အစုံတွဲ၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပယ်၏။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပွါး၏။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၏။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ ရုပ်ဥပါဒါ နက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာ ဟူသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ပင်တည်းဟု ဆိုရမည်။ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အဝိဇ္ဇာနှင့် ဘဝတဏှာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပွါးအပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ သမထနှင့် ဝိပဿနာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အရဟတ္တမဂ်ဝိဇ္ဇာနှင့် အရဟတ္တဖိုလ်ဝိမုတ္တိတို့တည်း။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့သည် ဤသည်တို့ပင်တည်း။

၄၃၂။ ရဟန်းတို့ သောတကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ဃာနကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ဇိဝှါကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ ကာယကိုဟုတ်မှန်တိုင်း သိမြင်၍။ပ။ ရဟန်းတို့ မနကိုဟုတ်မှန်တိုင်း သိမြင်၍၊ ဓမ္မာရုံတို့ကိုဟုတ်မှန်တိုင်း သိမြင်၍၊ ဤမနော ဝိညာဏ်ကိုဟုတ်မှန်တိုင်း သိမြင်၍၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သော ဝေဒနာတို့ကိုလည်းဟုတ် မှန်တိုင်း သိမြင်၍ မနကို ပြင်းစွာ မတပ်နှစ်သက်၊ ဓမ္မာရုံတို့၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောဝိညာဏ်၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောသမ္ဖဿ၌ ပြင်းစွာ မတပ်နှစ်သက်၊ မနောသမ္ဖဿဟူသော အကြောင်း ကြောင့် ဖြစ်ပေါ်သော သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း ဖြစ်သောဝေဒနာတို့၌လည်း ပြင်းစွာ မတပ်နှစ်သက်။

ပြင်းစွာ မတပ်နှစ်သက်သော ရာဂနှင့်မယှဉ်သော မတွေဝေသော အပြစ်ကိုရှုလေ့ရှိသည်ဖြစ်၍ နေသော ထိုပုဂ္ဂိုလ်အား နောင်အခါ၌ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆုတ်ယုတ်ခြင်းသို့ ရောက်ကုန်၏။ ထိုပုဂ္ဂိုလ်အား တစ်ဖန် ဘဝသစ်၌ ဖြစ်စေတတ်သော နှစ်သက်ခြင်း ရာဂနှင့်တကွသော ထိုထို အာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာသည်လည်း ပျောက်ကင်း၏၊ ထိုပုဂ္ဂိုလ်အား ကိုယ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပင်ပန်းခြင်းတို့သည်လည်း ပျောက်ကင်း ကုန်၏။ ကိုယ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ဖြစ်သော ပူပန်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ကိုယ်၌ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏၊ စိတ်၌ ဖြစ်သော ပူလောင်ခြင်းတို့သည်လည်း ပျောက်ကင်းကုန်၏။ ထိုပုဂ္ဂိုလ်သည် ကိုယ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာကိုလည်းကောင်း ခံစားရ၏။

၄၃၃။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်ဉာဏ်အမြင်သည် ဖြစ်၏၊ ထို ပုဂ္ဂိုလ်၏ ထိုဉာဏ်အမြင်သည် မှန်သောဉာဏ်အမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ် သောပုဂ္ဂိုလ်အား အကြင်အကြံသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအကြံသည် မှန်သောအကြံ ‘သမ္မာ့သင်္ကပ္ပ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အားထုတ်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ‘သမ္မာဝါယာမ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သောပုဂ္ဂိုလ်အား အကြင်အောက်မေ့ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအောက် မေ့ခြင်းသည် မှန်သောအောက်မေ့ခြင်း ‘သမ္မာသတိ’ ဖြစ်၏။ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား အကြင်တည်ကြည်ခြင်းသည် ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုတည်ကြည်ခြင်းသည် မှန်သောတည် ကြည်ခြင်း ‘သမ္မာသမာဓိ’ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ကာယကံသည်လည်းကောင်း၊ ဝစီကံသည်လည်းကောင်း၊ အသက်မွေးမှုသည်လည်းကောင်း မဆွကပင် စင်ကြယ်ပြီးဖြစ်၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်အား မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်သည် ဘာဝနာပြည့်စုံခြင်းသို့ ရောက်၏။

ဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣန္ဒြေတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဗိုလ် တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည်လည်း ဘာဝနာ ပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ထိုပုဂ္ဂိုလ်အား သမထ ဝိပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် အစုံတွဲ၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပယ်၏။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပွါး၏။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၏။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ ရုပ်ဥပါဒါနက္ခန္ဓာ ဝေဒနာဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာ ဟူသော ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ပင်တည်းဟု ဆိုရမည်။ ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပယ်အပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အဝိဇ္ဇာနှင့် ဘဝတဏှာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် ပွါးအပ်ကုန်သော တရားတို့သည် အဘယ်သည်တို့နည်း၊ သမထနှင့် ဝိပဿနာတို့တည်း။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့သည် ဤသည်တို့ပင်တည်း။

ရဟန်းတို့ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့သည် အဘယ်သည်တို့နည်း၊ အရဟတ္တမဂ်ဝိဇ္ဇာနှင့် အရဟတ္တဖိုလ်ဝိမုတ္တိတို့တည်း။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့သည် ဤသည်တို့ ပင်တည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကုန်ပြီ။

ခုနစ်ခုမြောက် မဟာသဠာယတနိကသုတ် ပြီး၏။