မဇ္ဈိမနိကာယ်

၈—နဂရဝိန္ဒေယျသုတ်

၄၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် နဂရဝိန္ဒမည်သော ပုဏ္ဏားရွာဆီသို့ ဆိုက်ရောက်တော်မူ၏၊ နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် “အချင်းတို့ စင်စစ် သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်း ဂေါတမသည် များစွာသော ရဟန်းအပေါင်းနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသည်ရှိသော် နဂရဝိန္ဒရွာသို့ အစဉ်ရောက်တော်မူ၏။ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသံသည် ဤသို့ ပျံ့ နှံ့၍ ထွက်၏— ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္ဒ’ မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောက သုံးပါးကို သိတော်မူသော အကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’ မည်တော်မူ၏၊ သစ္စာလေးပါးတရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏’ဟု (ပျံ့နှံ့ ၍ ထွက်၏)။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤသြကာသလောကကိုလည်းကောင်း၊ (သာသနာအတွင်းအပရှိ) သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော် မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ထင်ရှားပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့ အား ဖူးမြင်ရခြင်းသည် ကောင်းသည်သာလျှင်တည်း”ဟု ကြားကုန်၏။

ထိုအခါ နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ အချို့သူ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် မြတ်စွာဘုရား နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားတို့ကို ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီကုန်လျက် သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် အမည်အနွယ်ကို လျှောက်ကြား ကုန်၍ သင့်လျော်ရာ၌ ထိုင်နေကုန်၏၊ အချို့သူတို့သည် ဆိတ်ဆိတ်ဖြစ်ကုန်၍ သင့်လျော်ရာ၌ ထိုင်နေ ကုန်၏၊ သင့်လျော်ရာ၌ ထိုင်နေကြပြီးသော် နဂရဝိန္ဒရွာသား ပုဏ္ဏားသူကြွယ်တို့ကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

၄၃၅။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် သင်တို့အား— “သူကြွယ်တို့ အဘယ်သို့ ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေ မပြုအပ်ကုန်သနည်း၊ အလေးမပြုအပ်ကုန်သနည်း၊ မမြတ်နိုးအပ်ကုန်သနည်း၊ မပူဇော်အပ်ကုန်သနည်း”ဟု ဤသို့ မေးကုန်ငြား အံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ “အကြင် သမဏဗြာဟ္မဏတို့သည် စက္ခုဝိညာဏ်ဖြင့် သိအပ် ကုန်သော ရူပါရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိ ကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန် သော သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော့်အပ်ကုန်။ အဘယ့်ကြောင့်နည်းဟူမူ— ငါတို့လည်း စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ မကင်း သော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သောအကျင့်ထက် ပိုလွန်၍ မမြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေး မပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော်အပ်ကုန်။

အကြင် သမဏဗြာဟ္မဏတို့သည် သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၌။ပ။ ကာယ ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ မကင်း သော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရို အသေ မပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ်ကုန်၊ မပူဇော်အပ်ကုန်။ အဘယ့်ကြောင့်နည်း ဟူမူ— ငါတို့လည်း မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်း သော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သော အကျင့်ထက် ပိုလွန်၍ မမြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေမပြုအပ်ကုန်၊ အလေးမပြုအပ်ကုန်၊ မမြတ်နိုးအပ် ကုန်၊ မပူဇော်အပ်ကုန်”ဟု (ဖြေဆိုရာ၏)။ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးအပ်ကုန်သည်ရှိသော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏။

၄၃၆။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် သင်တို့ အား— “သူကြွယ်တို့ အဘယ်သို့ဖြစ်ကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်သနည်း၊ အလေးပြုအပ်ကုန်သနည်း၊ မြတ်နိုးအပ်ကုန်သနည်း၊ ပူဇော်အပ်ကုန်သနည်း”ဟု ဤသို့ မေးကုန်ငြားအံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့ မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထို ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏—“အကြင် သမဏဗြာဟ္မဏတို့သည် စက္ခုဝိညာဏ်ဖြင့် သိအပ် သော ရူပါရုံတို့၌ ရာဂကင်းကုန်၏၊ ဒေါသကင်းကုန်၏၊ မောဟကင်းကုန်၏၊ အတွင်းသန္တာန်၌ ငြိမ် သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ် ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ— ငါတို့လည်း စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိ ကုန်၏၊ မကင်းသော မောဟရှိကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့် မညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သောအကျင့်ထက် ပိုလွန်၍ မြင်သောကြောင့်တည်း။ ထို့ကြောင့် ထို အသျှင်သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြု အပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏။

အကြင် သမဏဗြာဟ္မဏတို့သည် သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံတို့၌။ပ။ ကာယ့ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော ဓမ္မာရုံတို့၌ ရာဂ ကင်းကုန်၏၊ ဒေါသကင်းကုန်၏၊ မောဟကင်းကုန်၏၊ အတွင်းသန္တာန်၌ ငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သောအကျင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ဤသို့သဘောရှိကုန်သော သမဏဗြာဟ္မဏတို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏၊ အဘယ့်ကြောင့်နည်းဟူမူ— ငါတို့လည်း မနောဝိညာဏ်ဖြင့် သိအပ် ကုန်သော ဓမ္မာရုံတို့၌ မကင်းသော ရာဂရှိကုန်၏၊ မကင်းသော ဒေါသရှိကုန်၏၊ မကင်းသော မောဟရှိ ကုန်၏၊ အတွင်းသန္တာန်၌ မငြိမ်သက်သော စိတ်ရှိကုန်၏၊ ညီညွတ်သော အကျင့် မညီညွတ်သော အကျင့် ကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျင့်ကုန်၏၊ ထိုငါတို့၏ ထိုညီညွတ်သော အကျင့်ထက် ပိုလွန်၍ မြင်သောကြောင့်တည်း။ ထို့ကြောင့် ထိုအသျှင် သမဏဗြာဟ္မဏ တို့ကို အရိုအသေပြုအပ်ကုန်၏၊ အလေးပြုအပ်ကုန်၏၊ မြတ်နိုးအပ်ကုန်၏၊ ပူဇော်အပ်ကုန်၏”ဟု (ဖြေဆို ရာ၏)။ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏။

၄၃၇။ သူကြွယ်တို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ထိုပရိဗိုဇ်တို့သည် သင်တို့အား “အသျှင်သူကြွယ်တို့ ‘မချွတ် ထိုအသျှင်တို့သည် ရာဂလည်း ကင်းကုန်၏၊ ရာဂကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ ဒေါသလည်း ကင်းကုန်၏၊ ဒေါသကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ မောဟလည်း ကင်းကုန်၏၊ မောဟကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏’ ဟူ၍ သင်တို့ ဆိုခြင်း၏ အကြောင်းအထောက် အထားကား အဘယ်နည်း”ဟု ဤသို့ မေးကုန်ငြားအံ့၊ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သည် ရှိသော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ “ထိုသို့ ရာဂ ဒေါသ မောဟ ကင်းသောကြောင့်သာလျှင် ထိုအသျှင်သမဏဗြာဟ္မဏတို့သည် တောစွန် တောင်ဖျားဖြစ်ကုန်သော ကျောင်းတို့ကို မှီဝဲကုန်၏။ အကြင်ရူပါရုံတို့ကို မြင်ကုန်၍ မြင်ကုန်၍ အလွန်မွေ့ လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့သည် ထိုတော ကျောင်း၌ မရှိကုန်။ အကြင်သဒ္ဒါရုံတို့ကို ကြားကုန်၍ ကြားကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့ သဘောရှိကုန်သော သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိ ကုန်။ အကြင်ဂန္ဓာရုံတို့ကို နံကုန်၍ နံကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ဃာန ဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အကြင်ရသာ ရုံတို့ကို လျက်ကုန်၍ လျက်ကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ဇိဝှါဝိညာဏ်ဖြင့် သိအပ် ကုန်သော ရသာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အကြင်ဖောဋ္ဌဗ္ဗာရုံတို့ကို တွေ့ထိကုန်၍ တွေ့ထိကုန်၍ အလွန်မွေ့လျော်ကုန်ရာ၏၊ ထိုသို့သဘောရှိကုန်သော ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့သည် စင်စစ် ထိုတောကျောင်း၌ မရှိကုန်။ အိုငါ့သျှင်တို့ ငါတို့သည် မချွတ် ထိုအသျှင်တို့ သည် ရာဂလည်း ကင်းကုန်၏၊ ရာဂကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ ဒေါသလည်း ကင်းကုန်၏၊ ဒေါသကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏၊ မောဟလည်း ကင်းကုန်၏၊ မောဟကို ဖျောက်ခြင်းငှါလည်း ကျင့်ကုန်၏’ဟု” ဆိုခြင်း၏ အကြောင်း အထောက်အထားတို့ကား ဤသည်တို့ပင်တည်း။ သူကြွယ်တို့ သင်တို့သည် ဤသို့မေးကုန်သော် သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤသို့ ဖြေကြားကုန်ရာ၏ဟု (မိန့်တော်မူ၏)။

ဤသို့မိန့်တော်မူသော် နဂရဝိန္ဒရွာသား ပုဏ္ဏား သူကြွယ်တို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကုန်၏ “အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင် ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ ထိုအကျွန်ုပ်တို့သည် အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်းကောင်း ရဟန်းအပေါင်းကိုလည်း ကောင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက် ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါလော့”ဟု (လျှောက် ကြကုန်၏)။

ရှစ်ခုမြောက် နဂရဝိန္ဒေယျသုတ် ပြီး၏။