မဇ္ဈိမနိကာယ်

၉—ပိဏ္ဍပါတပါရိသုဒ္ဓိသုတ်

၄၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါ၌ ကိန်းအောင်း ရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော အသျှင်သာရိပုတြာကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

သာရိပုတြာ သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ သာရိပုတြာ စင်စစ် သင်သည် ယခုအခါ အဘယ်နေခြင်းဖြင့် များစွာ နေသနည်းဟု (မိန့်တော် မူ၏)။ မြတ်စွာဘုရား အကျွန်ုပ်သည် ယခုအခါ သုညတဖလသမာပတ်ဝင်စားခြင်းဟူသော နေခြင်းဖြင့် များစွာနေပါ၏ဟု (လျှောက်၏)။ သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ သာရိပုတြာ သင်သည် ယခုအခါ ယောကျာ်းမြတ်တို့၏ နေခြင်းဖြင့် များစွာ နေပေသတတ်၊ သာရိပုတြာ ထိုဖလသမာပတ်ဝင်စား ခြင်းဟူသော နေခြင်းသည် ယောကျာ်း မြတ်တို့၏ နေခြင်းတည်း။ သာရိပုတြာ ထို့ကြောင့် ဤသာသနာ တော်၌ ရဟန်းသည် “သုညတဖလသမာပတ် ဝင်စားခြင်းဟူသော နေခြင်းဖြင့် များစွာ နေလိုငြားအံ့၊ သာရိပုတြာ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အကြင်ခရီးဖြင့် ရွာသို့ ဆွမ်းခံဝင်၏၊ အကြင် အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခွါ၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်း သည်လည်းကောင်း ပြင်းစွာတပ်နှစ်သက် ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက် ခြင်းသည်လည်းကောင်း ရှိလေသလောဟု (ဆင်ခြင်ရမည်)။

သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏၊ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ် သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း ရှိ၏”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ယုတ်မာကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါသာလျှင် အားထုတ်ရမည်။

သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌့ငါ့အား စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း မရှိ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိ သော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ထိုကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၃၉။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အကြင် ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့် လည်ရာ၌ ငါ့အား သောတဝိညာဏ်ဖြင့် သိအပ်သော သဒ္ဒါရုံတို့၌။ပ။ ဃာန ဝိညာဏ်ဖြင့် သိအပ်သော ဂန္ဓာရုံတို့၌။ပ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရသာရုံတို့၌။ပ။ ကာယဝိညာဏ် ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာတပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်း သည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း ရှိလေသလော”ဟု (ဆင်ခြင်ရမည်)။

သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကိုထိခိုက်ခြင်းသည်လည်းကောင်း ရှိ၏”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ယုတ်မာကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါသာလျှင် အားထုတ်ရမည်။

သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အကြင်ခရီးဖြင့် ရွာတွင်းသို့ ဆွမ်းခံဝင်၏၊ အကြင်အရပ်၌ ဆွမ်းခံလှည့်လည်၏၊ အကြင်ခရီးဖြင့် ဆွမ်းခံရွာမှ ဖဲခဲ့၏။ ထိုသွားလာလှည့်လည်ရာ၌ ငါ့အား မနောဝိညာဏ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ ပြင်းစွာ တပ်နှစ်သက်ခြင်းသည်လည်းကောင်း၊ အမျက်ဒေါသသည်လည်းကောင်း၊ တွေဝေခြင်းသည်လည်းကောင်း၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း မရှိ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိ သော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ် ကျင့်ကာ နေအပ်၏။

၄၄ဝ။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို မပယ်ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ကာမဂုဏ်တို့ကို ပယ်ပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၁။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော နီဝရဏတို့ကို ပယ်ပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော နီဝရဏတို့ကို မပယ်ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော နီဝရဏတို့ကို ပယ်ခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ့ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော နီဝရဏတို့ကို ပယ်ပြီးပြီ”ဟု အကယ်၍ သိငြား အံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၂။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ မသိရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိခြင်းငှါ အားထုတ်ရမည်၊ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို ပိုင်းခြား၍ သိပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၃။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော သတိပဋ္ဌာန်တို့ကို ပွါးများပြီး ပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်း မြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၄။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော သမ္မပ္ပဓာန်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့် သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၅။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင် သည်ရှိသော် “ငါသည် လေးပါးသော ဣဒ္ဓိပါဒ်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၆။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ့ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဣန္ဒြေတို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြား အံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၇။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဗိုလ်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည် ရှိသော် ထိုရဟန်းသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်း သည် ဆင်ခြင်သည်ရှိသော် “ငါသည် ငါးပါးသော ဗိုလ်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ် တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၈။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၄၉။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည် ရှိသော် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို မပွါးများရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၅ဝ။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် သမထ ကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများပြီးပြီလော”ဟု (ဆင်ခြင်ရမည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် သမထကိုလည်းကောင်း ဝိပဿနာကိုလည်းကောင်း မပွါးများ ရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် သမထကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများခြင်းငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် သမထကိုလည်းကောင်း၊ ဝိပဿနာကိုလည်းကောင်း ပွါးများပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၅၁။ သာရိပုတြာ နောက်တစ်မျိုးကား ရဟန်းသည် ဤသို့ ဆင်ခြင်ရမည် “ငါသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုပြီးပြီလော”ဟု (ဆင်ခြင်ရ မည်)။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တ ဖိုလ်ကိုလည်းကောင်း မျက်မှောက်မပြုရသေး”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည် ရှိသော် ထိုရဟန်းသည် အရဟတ္တမဂ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်း ငှါ အားထုတ်ရမည်။ သာရိပုတြာ ရဟန်းသည် ဆင်ခြင်သည်ရှိသော် “ငါသည် အရဟတ္တမဂ်ကိုလည်း့ကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုပြီးပြီ”ဟု အကယ်၍ သိငြားအံ့၊ သာရိပုတြာ ဤသို့ သိသည်ရှိသော် ထိုရဟန်းသည် ထိုနှစ်သက်ဝမ်းမြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ညဉ့်ပတ်လုံး မပြတ်ကျင့်ကာ နေအပ်၏။

၄၅၂။ သာရိပုတြာ လွန်လေပြီးသော ကာလက ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကုန်၏။ သာရိပုတြာ လာလတ္တံ့ သော ကာလ၌ ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏအားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကုန်လတ္တံ့။ သာရိပုတြာ ယခုအခါ ဆွမ်းကို သုတ်သင်သော သမဏဗြာဟ္မဏ အားလုံးတို့သည် ဤသို့သာလျှင် ဆင်ခြင်၍ ဆင်ခြင်၍ သုတ်သင်ကုန်၏။ သာရိပုတြာ ထို့ကြောင့် ဤ သာသနာတော်၌ “ဆင်ခြင်၍ ဆင်ခြင်၍ ဆွမ်းကို သုတ်သင်ကြကုန်အံ့”ဟု ဤသို့လျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ကိုးခုမြောက် ပိဏ္ဍပါတပါရိသုဒ္ဓိသုတ် ပြီး၏။