မဇ္ဈိမနိကာယ်

၁ဝ—ဣန္ဒြိယဘာဝနာသုတ်

၄၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂဇင်္ဂလနိဂုံး သုဝေဠုတောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေ၏၊ သင့်လျော်ရာ၌ ထိုင်နေသော ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်ကို မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—“ဥတ္တရ ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြော၏လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ပါရာသိဝိယပုဏ္ဏား သည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြောပါ၏ဟု (လျှောက်၏)။ ဥတ္တရ အဘယ်သို့ လျှင် ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟောပြောသနည်းဟု (မေး တော်မူ၏)။ အသျှင်ဂေါတမ ဤလောက၌ မျက်စိဖြင့် ရူပါရုံကို မရှုအပ်၊ နားဖြင့် သဒ္ဒါရုံကို မကြားအပ်။ အသျှင်ဂေါတမ ဤသို့လျှင် ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို ဟော ပြော၏ဟု (လျှောက်၏)။ ဥတ္တရ ပါရာသိဝိယပုဏ္ဏား၏ စကားသည် ဤသို့ဖြစ်သော် ကန်းသောသူသည် ပွါးပြီးသော ဣန္ဒြေရှိသည် ဖြစ်လတ္တံ့၊ နားပင်းသောသူသည် ပွါးပြီးသော ဣန္ဒြေရှိသည် ဖြစ်လတ္တံ့။ ဥတ္တရ ကန်းသောသူသည် မျက်စိဖြင့် ရူပါရုံကို မမြင်။ နားပင်းသောသူသည် နားဖြင့် သဒ္ဒါရုံကို မကြားဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသည်ရှိသော် ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်သည် နှုတ် ဆိတ်နေသည် မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက် ကြံ ရာမရဘဲ ထိုင်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် ပါရာသိဝိယပုဏ္ဏား၏တပည့် ဥတ္တရလုလင်ကို နှုတ်ဆိတ်၍ မျက်နှာ မသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက် ကြံရာမရသည်ကို သိ၍ အသျှင် အာနန္ဒာကို “အာနန္ဒာ ပါရာသိဝိယပုဏ္ဏားသည် တပည့်တို့အား ဣန္ဒြေတို့ကို ပွါးများခြင်းကို တစ်မျိုးအား ဖြင့် ဟောပြော၏၊ အာနန္ဒာ အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းသည် တစ်မျိုး ဖြစ်၏”ဟု (မိန့်တော်မူ၏)။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟောတော်မူချိန် တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ့်သော မြတ်စွာဘုရား အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟောတော်မူချိန် တန်ပါပြီ၊ ရဟန်းတို့သည် မြတ်စွာဘုရား၏ (တရားတော်ကို) ကြားနာရ၍ ဆောင်ပါကုန်လတ္တံ့ဟု (လျှောက်၏)။ အာနန္ဒာ ထိုသို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

၄၅၄။ အာနန္ဒာ အဘယ်သို့လျှင် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းသည် ဖြစ်သနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်သော် နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဤဝိပဿနုပေက္ခာ သည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ထိုဖြစ်သော နှစ်သက်ခြင်း သည်လည်းကောင်း၊ ထိုဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ထိုဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်း သည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် မျက်စိအမြင်ရှိသော ယောကျာ်းသည် ဖွင့်၍လည်း မှိတ်ရာ၏၊ မှိတ်၍လည်း ဖွင့်ရာ၏၊ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်ပေါ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်ပေါ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်ပေါ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်း သည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ စက္ခုဝိညာဏ်ဖြင့် သိအပ်သော ရူပါရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။

၄၅၅။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နားဖြင့် သဒ္ဒါရုံကို ကြား၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿ နုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောကျာ်းသည် မပင်ပန်းဘဲသာလျှင် လက်ဖျောက်ကို တီးခတ်ရာသကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ သောတဝိညာဏ်ဖြင့် သိအပ်သော သဒ္ဒါရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။

၄၅၆။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်း၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် စဉ်းငယ်နိမ့်ရှိုင်း သော ကြာဖက်၌ ရေပေါက်တို့သည် လိမ့်ကျကုန်သကဲ့သို့ ကောင်းစွာ မတည်ကုန်သကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ဃာနဝိညာဏ်ဖြင့် သိအပ်သော ဂန္ဓာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။

၄၅၇။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် ရသာရုံကို လျက်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားရှိသော ယောကျာ်းသည် လျှာဖျား၌ တံတွေးပေါက်ကို စုရုံး၍ မပင်ပန်းဘဲ ထွေးရာသကဲ့သို့ အာနန္ဒာ ဤအတူသာ လျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ဇိဝှါဝိညာဏ်ဖြင့် သိအပ်သော ရသာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။

၄၅၈။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍ နှစ်သက် ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်း သည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤ မည်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရား တို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿနုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်း ကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်း ကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောကျာ်းသည် ကွေးထားသော လက်မောင်းကို ဆန့်ရာသကဲ့သို့ ဆန့်ထားသော လက်မောင်းကို ကွေးရာသကဲ့သို့ အာနန္ဒာ ဤအတူသာလျှင် တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းလည်းကောင်း၊ ဖြစ်သော နှစ်သက် ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျှင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ ကာယဝိညာဏ်ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများခြင်းဟူ၍ ဆိုရ၏။

၄၅၉။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “ငါ့အား ဤမည်သော နှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော မနှစ်သက်ခြင်းသည် ဖြစ်၏၊ ဤမည်သော နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ စင်စစ် ထိုနှစ်သက်ခြင်းစသည်မှာ အကြောင်းတရားတို့ ပေါင်း၍ ပြုပြင်အပ်၏၊ ကြမ်းတမ်း၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ဝိပဿနုပေက္ခာသည် ငြိမ်သက်၏၊ ဝိပဿ နုပေက္ခာသည် မွန်မြတ်၏”ဟု ဤသို့ သိ၏။ ထိုရဟန်းအား ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ချုပ်၏။ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဥပမာအားဖြင့် အားကောင်းသော ယောကျာ်းသည် တစ်နေ့လုံး ပူထားသော သံအိုးကင်း၌ နှစ်ပေါက်သုံးပေါက်လည်း ဖြစ်ကုန်သော ရေပေါက်တို့ကို ချရာ၏၊ အာနန္ဒာ ရေပေါက်တို့၏ ကျခြင်းသည် နှေးသေး၏၊ စင်စစ် ထိုရေပေါက်သည် လျင်မြန်စွာသာလျှင် ကုန်ခြင်း ခန်းခြောက်ခြင်းသို့ ရောက်ရာသကဲ့သို့ အာနန္ဒာ ဤဥပမာအတူသာလျှင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား ဤသို့ မပင်ပန်းဘဲ ဖြစ်သော နှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော မနှစ်သက်ခြင်းသည်လည်းကောင်း၊ ဖြစ်သော နှစ်သက်ခြင်း မနှစ်သက်ခြင်းသည်လည်းကောင်း ဤသို့ လျင်စွာ ဤသို့ ဆောစွာ ချုပ်၏၊ ဝိပဿနုပေက္ခာသည် ကောင်းစွာ တည်၏။ အာနန္ဒာ ဤ ဆိုခဲ့ပြီးကို အရိယာ၏ အဆုံးအမ၌ စိတ်ဖြင့် သိအပ်သော ဓမ္မာရုံတို့၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းဟူ၍ ဆိုရ၏။ အာနန္ဒာ ဤသို့လျှင် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေကို ပွါးများ ခြင်းသည် ဖြစ်၏။

၄၆ဝ။ အာနန္ဒာ အဘယ်သို့လျှင် ကျင့်အပ်သော အကျင့်ရှိသနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ် သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ဖြစ်သော ထိုနှစ်သက်ခြင်းဖြင့် ဖြစ်သော ထိုမနှစ် သက်ခြင်းဖြင့် ဖြစ်သော ထိုနှစ်သက်ခြင်း မနှစ်သက်ခြင်းဖြင့် ရှက်နိုး၏၊ ငြီးငွေ့၏၊ စက်ဆုပ်၏။ နားဖြင့် သဒ္ဒါရုံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ လျှာဖြင့် ရသာရုံကို လျက်၍။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက် ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် ဖြစ်သော ထိုနှစ်သက်ခြင်းဖြင့် ဖြစ်သော ထိုမနှစ်သက် ခြင်းဖြင့် ဖြစ်သော ထိုနှစ်သက်ခြင်း မနှစ်သက်ခြင်းဖြင့် ရှက်နိုး၏၊ ငြီးငွေ့၏၊ စက်ဆုပ်၏။ အာနန္ဒာ ဤသို့လျှင် ကျင့်အပ်သော အကျင့်သည် ရှိ၏။

၄၆၁။ အာနန္ဒာ အဘယ်သို့လျှင် ပွါးအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် ရူပါရုံကို မြင်၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ် သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ် ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ် ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထို စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်း ကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံကိုလည်း့ကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံကိုလည်းကောင်း (ဤသို့) ထိုနှစ်ပါးစုံသော အာရုံကို ကြဉ်၍ လျစ်လျူရှုလျက် သတိ, ပညာဖြင့် ပြည့်စုံ၍ နေလိုငြားအံ့”၊ ထိုအာရုံနှစ်ပါးစုံ၌ လျစ်လျူရှုလျက် သတိ, ပညာနှင့် ပြည့်စုံစေ၍ နေ၏။

၄၆၂။ အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား နားဖြင့် သဒ္ဒါရုံကို ကြား၍။ပ။ နှာခေါင်းဖြင့် အနံ့ကို နံ၍။ပ။ လျှာဖြင့် အရသာကို လျက်၍။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ၍။ပ။ စိတ်ဖြင့် ဓမ္မာရုံကို သိ၍ နှစ်သက်ခြင်းသည် ဖြစ်၏၊ မနှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း မနှစ်သက်ခြင်း သည် ဖြစ်၏၊ ထိုရဟန်းသည် “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ် ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ် ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ် ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ် သော အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေလိုငြားအံ့”၊ ထိုစက်ဆုပ်ဖွယ်မဟုတ်သော အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်ဖြစ်သော အာရုံ၌လည်းကောင်း စက်ဆုပ် ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သော အာရုံကိုလည်းကောင်း (ဤသို့) ထိုနှစ်ပါးစုံသော အာရုံကို ကြဉ်၍ လျစ်လျူရှုလျက် သတိပညာဖြင့် ပြည့်စုံ၍ နေလိုငြားအံ့”၊ ထိုအာရုံနှစ်ပါးစုံ၌ လျစ်လျူရှုလျက် သတိဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၍ နေ၏။ အာနန္ဒာ ဤ သို့လျှင် ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်သည် ဖြစ်၏။

၄၆၃။ အာနန္ဒာ ဤသို့လျှင် ငါသည် အရိယာ၏ အဆုံးအမ၌ အတုမရှိသော ဣန္ဒြေပွါးများခြင်းကို ဟော၏၊ ကျင့်ဆဲ ‘သေက္ခ’ ဖြစ်သော ပုဂ္ဂိုလ်ကို ဟော၏၊ ပွါးအပ်ပြီးသော ဣန္ဒြေရှိသော အရိယာပုဂ္ဂိုလ်ကို ဟော၏၊ အာနန္ဒာ တပည့် ‘သာဝက’ တို့၏ အကျိုးစီးပွါးကို ရှာမှီးလိုလားလျက် အစဉ်သနားစိတ်ရှိသည့် ငါဘုရားသည် အစဉ်သနားစိတ်ကို အစွဲပြု၍ ပြုသင့်ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ပြုပြီးပေပြီ။ အာနန္ဒာ ဤသည်တို့ကား သစ်ပင်ရင်း ဆိတ်ငြိမ်ရာဌာနတို့ ဖြစ်ကုန်၏၊ အာနန္ဒာ (တရားကို) ရှုဆင်ခြင်ကြကုန်လော့၊ သတိမမေ့မလျော့ကြကုန်လင့်၊ နောင်အခါမှ နှလုံးမသာ မဖြစ်ကြကုန်လင့်၊ ဤကား သင်တို့အတွက် ငါဘုရားတို့၏ အဆုံးအမတော်တည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ဆယ်ခုမြောက် ဣန္ဒြိယဘာဝနာသုတ် ပြီး၏။

ငါးခုမြောက် သဠာယတနဝဂ် ပြီး၏။

ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန် ပြီးပြီ။

(သုတ်ငါးဆယ်စီရှိသော) ပဏ္ဏာသကသုံးမျိုးတို့ဖြင့် တန်ဆာဆင်အပ်သော အလုံးစုံသော မဇ္ဈိမနိကာယ်သည် ပြီးပြည့်စုံခြင်းသို့ ရောက်ပြီ။